Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013 (2)
Document yangonchronicle 2013 (2)

Snapshot of the item below:
yangonchronicle 2013 (2)

*

*

၈.၂.၂၀၁၃

ဘာသာပြန်သတင်းများ (၂)

  1. ကချင်ပြည်နယ်သို့ ကုလသမဂ္ဂအကူအညီများ ပေးပို့ထောက်ပံ့ခွင့်ရရှိ

(VOA သတင်းဌာနမှ 6 Feb 2013 ရက်စွဲပါ Burma Grants UN Access to Kachin Territory ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာ၊ လစ်ဗျား၊ ဆိုမာလီယာ စစ်တပ်များနှင့် ဗြိတိန် ဆက်ဆံရာတွင်လူ့အခွင့်အရေးစစ်ဆေးမှုများပါဝင်ဖို့လို

(Morning Star News မှ 7 feb 2013 ရက်စွဲပါ “New military links must include rights checks” သတင်းကို ဘာသာပြန်ဆိုသည်)

***************************************************************

ဘာသာပြန်သတင်းများ

ကချင်ပြည်နယ်သို့ ကုလသမဂ္ဂအကူအညီများ ပေးပို့ထောက်ပံ့ခွင့်ရရှိ

(VOA သတင်းဌာနမှ 6 Feb 2013 ရက်စွဲပါ Burma Grants UN Access to Kachin Territory ကိုဘာသာပြန်ဆိုသည်)

photo credit - AP

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းမှ ကေအိုင်အေတို့ ထိန်းချုပ်ထားသောဒေသတွင် ရွှေ့ပြောင်းနေထိုင်ကြရသော ကျေးရွာသူ ကျေးရွာသားများအတွက် လူသားချင်းစာနာထောက်ထားသော အကူအညီအထောက်အပံ့များပေးအပ်ရန် မြန်မာအစိုးရက ကုလသမဂ္ဂကို သဘောတူ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုဖြင့် ကေအိုင်အိုနှင့် မြန်မာအစိုးရအကြား စစ်ပြေငြိမ်းရန် တွေ့ဆုံဆွေးနွေးမှု များပြုလုပ်ခဲ့ပြီးနောက် အဆိုပါ သတောတူခွင့်ပြုချက်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးချုပ်၏ အတည်ပြုချက်အရ ကချင်ပြည်နယ်တွင်း သူပုန်များထိန်းချုပ်ထားသည့် နေရာများအပါအဝင် အခြားနေရာများရှိ ဒုက္ခသည်များအတွက် အကူအညီအထောက်အပံ့များ ပြန်လည်ပေးပို့နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မြန်မာစစ်တပ်နှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကေအိုင်အေတို့သည် ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ၂၀၁၁ ခုနှစ်တွင် ပယ်ပျက်သွားပြီးနောက် စစ်မက်ပဋိပက္ခများ အဆက်မပြတ်ဖြစ်ပေါ်ခဲ့ကြသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ကျေးရွာသူရွာသားပေါင်း ရှစ်သောင်းကျော်ခန့် ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်။ ၎င်းတို့အနက်အများစုမှာ ကြုံသလိုဆောက်လုပ်ထားသည့် စခန်းငယ်လေးများနှင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများတွင် ခိုလှုံနေထိုင်ခဲ့ကြရသည်။

ယခင်က မြန်မာအာဏာပိုင်များသည် အစိုးရထိန်းချုပ်ထားသော နေရာများသို့သာ လူသားချင်းစာနာထောက်ထားသော အကူအညီများ ပေးပို့ခွင့်ပြုခဲ့ပြီး ကေအိုင်အေတို့ ထိန်းချုပ်ထားသည့် ဧရိယာများသို့ ပေးပို့ရန် အကန့်အသတ်များပြုလုပ်ခဲ့ကြသည်။ ကုလသမဂ္ဂက နောက်ဆုံးအကြိမ် ပေးပို့ခဲ့သည်မှာ ပြီးခဲ့သည့် ဇူလိုင်လကဖြစ်သည်။

ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးဝင်းက ၎င်းတို့အနေဖြင့် အကူအညီအထောက်အပံ့များပေးပို့နိုင်ရေးအတွက် အသေးစိတ်လုပ်ငန်းစဉ်များကို လုပ်ကိုင်နေဆဲဖြစ်ကြောင်း၊ သို့သော် မကြာမီအချိန်ပိုင်းအတွင်း အစားအစာနှင့် အစားအစာမဟုတ်သော အကူအညီများ ပေးပို့နိုင်တော့မည်ဟု မျှော်လင့်ရပါကြောင်း ပြောကြားသည်။

“အဲဒီမှာရှိတဲ့ ပြည်သူတွေအနေနဲ့ အကူအညီတွေအမြောက်အမြား မရရှိတာအချိန်ကာလအတော်ကြာသွားပါပြီ။ သူတို့တတွေ အင်မတန် လိုအပ်နေမယ်ဆိုတာ သေချာပါတယ်။ အဲဒီတော့ အသေးစိတ်လုပ်ကိုင်ဆောင်ရွက်ရမှာတွေ ပြီးဆုံးသွားတာနဲ့ တစ်ပြိုင်နက်တည်း သူတို့ဆီကို ကျွန်မတို့ အကူအညီတွေပေးပို့နိုင်မယ်လို့ မျှော်လင့်ပါတယ်”  ဟု ၎င်းကပြောကြားသည်။

ကချင်ပြည်နယ်သို့ အကူအညီများပေးပို့ရန် သဘောတူခွင့်ပြုထားသည့်ကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရဘက်မှ ပြောရေးဆိုခွင့်ရှိသူက ဖြေကြားနိုင်ခြင်းမရှိသေးပေ။

သို့သော် မကြာသေးခင်က VOA နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် သမ္မတရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က “အစိုးရအနေဖြင့် အကူအညီများ ပေးပို့မည့်ကိစ္စအပေါ် တုံ့ဆိုင်းနေရခြင်းမှာ ထောက်ပံ့မှုများပေးပို့မည့် ဝန်ထမ်းများ၏လုံခြုံရေးအပေါ် စိုးရိမ်သောကြောင့်ဖြစ်သလို ယင်းအထောက်အပံ့များ သူပုန်လက်ဝယ်သို့ရောက်ရှိသွားမည်ကိုစိုးသောကြောင့်လည်းဖြစ်ကြောင်း” ပြောကြားသည်။

မြန်မာစစ်တပ်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများသည် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ပြင်းပြင်းထန်ထန်ဖြစ်ပေါ်ခဲ့သည်။ မြန်မာအစိုးရ စစ်တပ်ဘက်က လိုင်ဇာမြို့တစ်ဝိုက်ရှိ ကေအိုင်အေသူပုန်များ စခန်းချထားသည့် နေရာများသို့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ယင်းနေရာများမှာ တရုတ်နိုင်ငံနယ်စပ်နှင့် ထိစပ်သောနေရာများလည်းဖြစ်သည်။

တိုက်ပွဲကာလအတွင်း တရုတ်နိုင်ငံဘက်သို့ ဗုံးများကျရောက်မှုနှင့် ဆန္ဒပြမှုများ ကူးစက်ဖြစ်ပေါ်လာမှုတို့ကြောင့် တရုတ်အစိုးရက အထူးပင်စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သေးသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရုတ်အစိုးရသည် ကချင်လက်နက်ကိုင်နှင့် မြန်မာအစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရေးအတွက် ပိုမိုပွင့်လင်းသော အခန်းကဏ္ဍမှ ဝင်ရောက်ဆောင်ရွက်ပေးခဲ့ရာ တိုးတက်ဖြစ်ထွန်းမှုအချို့ရရှိသွားသည်။

တရုတ်နယ်စပ် ရွှေလီမြို့တွင် ကျင်းပပြုလုပ်သော အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မြန်မာငြိမ်းချမ်းရေးစင်တာ(Myanmar Peace Center - MPC) မှ ဒေါက်တာမင်းဇော်ဦးလည်းတက်ရောက်ခဲ့သည်။

“ဆွေးနွေးပွဲရလဒ်ကတော့ နှစ်ဖက်စလုံးက စစ်ရေးတင်းမာမှုတွေ ပြေလျော့သွားအောင်လုပ်ဖို့ သဘောတူညီကြတယ်၊ အထူးသဖြင့် နှစ်ဖက်စလုံးက တိုက်ခိုက်နေကြတဲ့ နေရာတွေမှာပေါ့။ နောက်ပြီးတော့ နှစ်ဖက်စလုံး အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် အသေးစိတ်ဆွေးနွေးနိုင်မယ့် နောက်ထပ်ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ဖို့ သဘောတူညီခဲ့ကြတယ်။

တိုင်းရင်းသားပဋိပက္ခတွေ ပြေလည်နိုင်ရေးအတွက်  နိုင်ငံရေးဒိုင်ယာလော့ခ်တစ်ခုပြုလုပ်နိုင်မယ့် အဆင့်ကိုရောက်အောင် လုပ်ဆောင် သွားဖို့လည်း သဘောတူညီကြတယ်” ဟု ဒေါက်တာမင်းဇော်ဦးကပြောသည်။

မြန်မာအာဏာပိုင်များနှင့် ကေအိုင်အေတို့သည် ယခုလကုန်ပိုင်းမတိုင်မီ နောက်ထပ်ဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်သွားရန် သဘောတူညီ လိုက်ကြသည်။ ထိုသဘောတူညီမှုမှာ မြန်မာနိုင်ငံသားများဖက်ဒရယ်ကောင်စီ(UNFC) နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ရရှိလိုက်ခြင်းဖြစ်သည်။

ကချင်ပြည်နယ်ထဲသို့ အကူအညီအထေက်အပံ့များပေးပို့ခွင့်ပြုသည့် သဘောတူညီမှုမှာလည်း ကုလသမဂ္ဂအထူးသံတမန် သောမတ်စ် ကင်တားနား မြန်မာနိုင်ငံသို့ အလည်အပတ်မရောက်ရှိမီ ရက်ပိုင်းအလိုတွင်ထွက်ပေလာခြင်းဖြစ်သည်။

မစ္စတာ ကင်တားနားအနေဖြင့် ခရီးစဉ်အတွင်း ကချင်ပြည်နယ်သို့ သွားရောက်ကာတိုက်ပွဲများကြောင့် ဖြစ်ပေါ်သည့် ထိခိုက်နစ်နာမှုများကို ကြည့်ရှုလေ့လာမည်ဖြစ်သည်။ ထို့အတူ ၎င်းသည် ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာမွတ်စလင်များအကြား  အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်သို့လည်း သွားရောက်မည်ဟု သိရသည်။

-----------------------------------------------------------------------------------------------------------------

မြန်မာ၊ လစ်ဗျား၊ ဆိုမာလီယာ စစ်တပ်များနှင့် ဗြိတိန် ဆက်ဆံရာတွင်လူ့အခွင့်အရေးစစ်ဆေးမှုများပါဝင်ဖို့လို

(Morning Star News မှ 7 feb 2013 ရက်စွဲပါ “New military links must include rights checks” သတင်းကို ဘာသာပြန်ဆိုသည်)photo credit - Reuters

မြန်မာ၊ လစ်ဗျား၊ ဆိုမာလီယာတို့နှင့် စစ်ဖက်ဆက်ဆံရေးတိုးမြှင့်ရန်ရည်ရွယ်နေသည့် ယူကေအစိုးရ၏ မဟာဗျူဟာသစ်တွင် လူ့အခွင့်အရေးချိုးဖောက်ညှင်းပန်းမှုများအပေါ် ကျယ်ကျယ်ပြန့်ပြန့် ကြပ်မတ်ထိန်းသိမ်းရေး အစီအစဉ်များပါဝင်ရမည်ဟု Amnesty International အုပ်စုက ယနေ့သတိပေးပြော ဆိုလိုက်ပါသည်။

ကာကွယ်ရေးဝန်ကြီး ဖိလစ်ဟာမွန် ထုတ်ပြန်ကြေညာသော နိုင်ငံတကာ ကာကွယ်ရေးထိတွေ့ဆက်ဆံမှု မဟာဗျူဟာတွင် အဆိုပါ ၃ နိုင်ငံနှင့် Non-combat (တိုက်ခိုက်ရေးနှင့် မဆိုင်သော) ဆက်ဆံရေးမဟာဗျူဟာကို ဖော်ပြထားသည်။

မစ္စတာဟာမွန် ပြောကြားသော မဟာဗျူဟာသစ်နမူနာတွင် မြန်မာနိုင်ငံဆိုင်ရာဗြိတိသျှသံရုံးတွင် စစ်သံမှုးနှင့် စစ်ဖက်ဌာနထားရှိရေး၊ လစ်ဗျားစစ်တပ် အထူးသဖြင့်ရေတပ်၊ လေတပ်တို့ကို လေ့ကျင့်သင်တန်းပေးခြင်း၊ အကြံပေးခြင်းအပါအဝင် အနီးကပ်ပူးပေါင်းဆောင်ရွက်ရေး၊ ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးရှိ ဗြိတိသျှသံရုံးအသစ်တွင် စစ်ဖက်ဌာနဖွင့်လှစ်ရန် စီစဉ်ရေးတို့ပါဝင်သည်။

ဝန်ကြီးက “ငွေကြေးအကန့်အသတ်ရှိတဲ့ အချိန်မျိုးမှာ ဒီမဟာဗျူဟာကို ကြိုဆိုရမှာပါ။ ယူကေနိုင်ငံရဲ့ ဖွံ့ဖြိုးတဲ့အနာဂတ်ကို လုံခြုံအောင် ပိုမိုဆောင်ကျဉ်းပေးနိုင်မယ့် လှုပ်ရှားမှုတွေကို ဦးတည်လေ့လာဖို့ နည်းလမ်းတွေကို ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။” ဟု ပြောကြားသည်။

သို့ရာတွင် မြန်မာ၊ လစ်ဗျား နှင့် ဆိုမာလီယာနိုင်ငံတို့မှ စစ်တပ်များအားလုံးသည် လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်ညှင်းပန်းမှုများနှင့် ဆက်နွယ်နေသည်ဟု Amnesty International UK ဒါရိုက်တာ ကိတ်အယ်လန် ကထောက်ပြပြောဆိုသည်။

၎င်းစစ်တပ်များနှင့် ဗြိတိန်တို့၏ ဆက်ဆံရေးတွင် ထိုနိုင်ငံများ၌ မြင်တွေ့ရဖွယ်ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို မျက်စိမှိတ်ပေးသည့် ကိစ္စမျိုး မရှိသင့်ဟု Amnesty International လူ့အခွင့်အရေးအုပ်စုက ဆိုပါသည်။

“ဗြိတိန်နိုင်ငံရဲ့ နိုင်ငံတကာကာကွယ်ရေး ထိတွေ့ဆက်ဆံမှု မဟာဗျူဟာမှာ ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေး ကြပ်မတ်စစ်ဆေးမှု အစီအစဉ်ပါဝင်ဖို့လိုပါတယ်။ ဒီလိုဆိုရင် နိုင်ငံခြားစစ်တပ်တွေရဲ့ လွဲမှားတဲ့လုပ်ရပ်တွေမှာ ကြံရာပါမဖြစ်တော့ဘူးပေါ့” ဟု ကိတ်အယ်လန်က ပြောကြားသည်။

“ယူကေနိုင်ငံအနေနဲ့ ဒီနိုင်ငံတွေနဲ့စစ်ဖက်ဆက်ဆံရေးကို အရောင်းအဝယ်လို့သဘောမထားဘဲ လူ့အခွင့်အရေးအခြေအနေ တိုးတက်အောင် ကူညီပေးနိုင်မယ့် အခွင့်အလမ်းတွေအဖြစ် စဉ်းစားလုပ်ဆောင်သင့်ပါတယ်” ဟု သူမက ဆက်လက်ပြောကြားသည်။

***************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment