Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၁၃.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. သီလဝါစီမံကိန်းနယ်မြေအတွင်းနေထိုင်သူများအား ရွေ့ပြောင်းခိုင်းမှုအပေါ်တားဆီးရန်တောင်းဆို
  2. လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော် အတည်ပြု
  3. ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတစ်ခု လက်ရှိအစိုးရမှ ကျင်းပပေးစေလိုကြောင်း သဘောထားထုတ်ပြန်
  4. KIO အနေဖြင့်လည်း စားပွဲဝိုင်းတွေ့ဆုံဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေးအဖြေရှာမည်ဖြစ်ကြောင်း KIO သတင်းထုတ်ပြန်

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

သီလဝါစီမံကိန်းနယ်မြေအတွင်းနေထိုင်သူများအား ရွေ့ပြောင်းခိုင်းမှုအပေါ်တားဆီးရန်တောင်းဆို

သီလဝါစီမံကိန်းနယ်မြေအတွင်း နေထိုင်သူများအား ၁၄ ရက်အတွင်း ရွေ့ပြောင်းခိုင်းခြင်းသည် မြေယာဥပဒေ၊ လူ့အခွင့်ရေးဥပဒေများနှင့် ကိုက်ညီမှုမရှိသည့်အတွက် တားဆီးပေးရေး မြန်မာအစိုးရသို့ တိုက်တွန်းပေးပါရန် မဲခေါင်စောင့်ကြည့်ရေးအဖွဲ့မှ ဂျပန်အစိုးရနှင့် JICA သို့ အချက် ၆ ချက်ဖြင့် စာပေးပို့တောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါစာတွင် သီလဝါစီမံကိန်းအား မြန်မာအစိုးရနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသော JICA (Japan International Cooperation Angency) အနေဖြင့် အိမ်ရာရွှေ့ပြောင်းမှုများနှင့် ပတ်သက်၍ ထင်သာမြင်သာမှုရှိသော အကျိုး သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာ အကျိုးသက်ရောက်မှုများ အတွက်လည်း တိကျသောအချက်အလက်များအား ဒေသခံများသိရှိစေရန် အစိုးရမှသတင်းထုတ်ပြန်ပေးရန် တောင်းဆို ခဲ့ကြောင်းသိရသည်။ ထို့ပြင် ရွှေ့ပြောင်းမှုကာလတွင် ပုံမှန်နေထိုင်သူနှင့် ကျုးကျော်နေထိုင်သူများအား ခွဲခြားတိုင်းတာ မှုများ ဆောင်ရွက်ရန်နှင့် ODA ( Official Development Assistance Charter)၏ အခြေခံစည်းမျဉ်းလေးခုအရ ဂျပန်အစိုးရနှင့် JICA အနေဖြင့် မြန်မာနိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်အပေါ်တွင် အပြည့်အဝလေးစားမှုရှိရန် လိုအပ်ကြောင်း မဲခေါင်စောင့်ကြည့်ရေးအဖွဲ့၏ JICA သို့ပေးပို့စာတွင် ဖော်ပြထားသည်။

ထို့အပြင် ရန်ကုန်မြို့တွင်းပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းများအတွက် JICA မှ Master Plan ကိုရေးဆွဲရာတွင် သီလဝါဆိပ်ကမ်းကို အခြေခံ၍ရေးဆွဲမည်ဖြစ်ကြောင်း JICA လေ့လာရေးအဖွဲ့ မဟာရန်ကုန် မြို့ပြသယ်ယူ ပို့ဆောင်ရေး စီမံကိန်းမှ အတွင်းရေးမှူးဒေါ်အေးအေးခိုင်က ပြောကြားခဲ့သည်။

YC

-----------------------------------------------------------------------------------------------------

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော် အတည်ပြု

နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအဖွဲ့တွင်းရှိ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး၏ အဂတိလိုက်စားမှုများကို ထိရောက်စွာအရေးယူနိုင်မည့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးဥပဒေကြမ်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥပဒေကြမ်းတွင် နိုင်ငံတော်သမ္မတအပါအဝင် တိုင်ကြားခံရသူ မည်သူ့ကိုမဆိုကော်မရှင်မှ စစ်ဆေးပိုင်ခွင့်ရှိသည့်အပြင် သက်ဆိုင်ရာ တရားရုံးများသို့ တရားစွဲဆိုတင်ပို့ပိုင်ခွင့်ရှိကြောင်း သိရသည်။ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ရှိ ဝန်ကြီးချုပ်များ၏ အဂတိလိုက်စားမှုများ အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်တရားရုံးများမှ စစ်ဆေးပိုင်ခွင့်ရှိပြီး အဆိုပါ တရားရုံးများအပေါ် အုပ်ချုပ်ပိုင်းမှ ဝင်ရောက်လွှမ်းမိုး ချယ်လှယ်လျက်ရှိကြောင်း ကော်မရှင်မှ ယူဆပါက အထူးတရားရုံးများဖွဲ့စည်းဆောင်ရွက်သွားရန် လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး ဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။

နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအဖွဲ့တွင်းရှိ ပုဂ္ဂိုလ်များ၏ အဂတိလိုက်စားမှုများအတွက် စုံစမ်းစစ်ဆေးပိုင်ခွင့်ရှိသည့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကို လွတ်လပ်သောအဖွဲ့အစည်းအဖြစ် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့မှ အဖွဲ့ဝင်ငါးဦးစီ ရွေးချယ်တာဝန် ပေးအပ်ရမည်ဖြစ်ပြီး ခန့်အပ်ခံရသည့် ကော်မရှင်အဖွဲ့ဝင်များအားလုံးသည် ၎င်းတို့၏ ပိုင်ဆိုင်မှုစာရင်းများကို နိုင်ငံတော် သမ္မတထံသို့ တင်ပြရမည်ဖြစ်ကြောင်း အဆိုပါ ဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ မြန်မာနိုင်ငံအတွင်း အစိုးရဌာနဆိုင်ရာ အသီးသီး၌ လာဘ်ပေးလာဘ်ယူမှုလျော့ကျ ကင်းရှင်းနိုင်စေရန် နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းကြောင်း အမိန့်အမှတ် (၉/၂၀၁၃)ကို ထုတ်ပြန်ကြေညာခဲ့သည်။

YC

-----------------------------------------------------------------------------------------------------

                                          

ရှမ်းနှင့် ကယားပြည်နယ်အကြား ယုံကြည်မှုတည်ဆောင်ရေးဆွေးနွေး

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်းမှ နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းအချို့တို့မှ ပါဝင်ဆွေးနွေးမည့် ယုံကြည်မှုတည်ဆောက်ရေးဆွေးနွေးပွဲကို လာမည့် မတ်လအတွင်း ကျင်းပနိုင်ရေးအတွက် အကြိုဆွေးနွဲပွဲတစ်ရပ်အနေဖြင့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် ရှမ်းနှင့် ကယားပြည်နယ် အတွင်းရှိ နိုင်ငံရေးပါတီ ၇ ခု၊ အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့အစည်းများအား ကိုယ်စားပြုထားသည့် ပါတီနှစ်ခု ပါဝင်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ယုံကြည်ချက်တည်ဆောက်ရေး ဆွေးနွေးပွဲများပြုလုပ်၍ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရေး ဆောင်ရွက်ခြင်းကို ကြိုဆိုသည့်အပြင် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီအနေဖြင့်လည်း တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု ရရှိရန်အတွက် ကိုယ်ပိုင်နည်းလမ်းများဖြင့် ကြိုးစားလျက်ရှိသည်ဟု ယင်းပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။

အဆိုပါ အကြိုညှိနှိုင်းရေးဆွေးနွေးပွဲတွင် တက်ရောက်လာသည့် လူမှုအဖွဲ့စည်းများနှင့် နိုင်ငံရေးပါတီများက ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထားအမြင်များ၊ စာတမ်းများကို ဖတ်ကြား ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ရှမ်းတိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး( Trust Building For Peace )ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

YC

    -----------------------------------------------------------------------------------------------------        

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတစ်ခု လက်ရှိအစိုးရမှ ကျင်းပပေးစေလိုကြောင်း သဘောထားထုတ်ပြန်

နိုင်ငံရေး အဖွဲ့အစည်းများ အားလုံးပါဝင်သည့် 'ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ' တစ်ရပ်ကို လက်ရှိတည်ဆဲအစိုးရက ကမကထပြု၍ ခေါ်ယူကျင်းပပေးရန် ဒီမိုကရေစီ မိတ်ဆွေပါတီများ၏ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် ကျင်းပသော (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ ပူးတွဲကြေညာချက်တွင် ထည့်သွင်းတောင်းဆိုခဲ့သည်ဟု သိရသည်။

အဆိုပါ ကြေညာချက်တွင် ယင်းညီလာခံမှ 'ပြည်ထောင်စုလုံးဆိုင်ရာ သဘောတူညီချက် ပဋိညာဉ်ကြီးတစ်ရပ်' သဘောတူ ချမှတ်သွားနိုင်သည်အထိ အပြန်အလှန် စိတ်ရှည်ဇွဲရှိ သည်းခံဝေဖန် ပိုင်းခြားစိတ်ဖြင့် နိုင်ငံရေးပါတီများ၊ အင်အားစုများ၊ တပ်မတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး ၀ိုင်းဝန်းထောက်ခံသွားကြရန် ပန်ကြားတိုက်တွန်းထားသည်။

လွတ်လပ်ရေးအကြိုနှင့် လွတ်လပ်ရေးရ အောင်ပွဲရပြီးစ ကာလမှစ၍ အယူဝါဒ ကွဲပြားခြားနားမှုများကြောင့် လည်းကောင်း၊ ပြည်ထောင်စု၏ လူမျိုးများအကြား ခြားနားကွဲပြားသည့် အမြင်သဘောထားများကြောင့် လည်းကောင်း၊ လက်နက်စွဲကိုင် တိုက်ခိုက်ကြရသည်အထိ ပဋိပက္ခများ ဖြစ်ပွားလာခဲ့သည်မှာ လွတ်လပ်ရေး သက်တမ်းနှင့်အမျှ နှစ်ပေါင်း ၆၀ ကျော် ရှည်လျားခဲ့သော ခါးသီးလှသည့် သမိုင်းသင်ခန်းစာများအရ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်လိုအပ်ပြီး ရေရှည်တည်တံ့ ကျယ်ပြန့်ခိုင်မာသည့် ပြည်တွင်းငြိမ်းချမ်းမှု ပြန်လည်တည်ဆောက်နိုင်ရပေမည်။

သို့မှသာ ၀ပြောသာယာသည့် ဒီမိုကရေစီ ပြည်ထောင်စု သမ္မတနိုင်ငံတော်ကို တည်ထောင်နိုင်မည်ဖြစ် သောကြောင့် လူမျိုးကြီး စရိုက်လက္ခဏာနှင့် ကျဉ်းမြောင်းသော လူမျိုးစွဲ စိတ်ဓာတ်ပါ ကင်းရှင်းသည့် ထာဝရ ပူးပေါင်းအပ်သည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု မူအပေါ် အခြေခံရလိမ့်မည်ဟု ယုံကြည်ကြောင်း သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

YC

-----------------------------------------------------------------------------------------------------

KIO အနေဖြင့်လည်း စားပွဲဝိုင်းတွေ့ဆုံဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေးအဖြေရှာမည်ဖြစ်ကြောင်း KIO သတင်းထုတ်ပြန်

KIO ဗပာိုကော်မတီမှ စစ်မှန်သော ငြိမ်းချမ်းရေးရရှိနိုင်စေရန်နှင့် တိုင်းရင်းသားအားလုံးအတွက် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးအဖြေရှာသွားမည်ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIO) မှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIO) အနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ထုတ်ပြန်ခဲ့သော ကြေညာချက်နှင့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်ပါ ဖော်ပြချက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIO)နှင့် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးရန် အချက်အပါအဝင် အချက်(၅)ချက်ပါဝင်သည့် နှစ်ဖက်သဘောတူကြေညာချက်တစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်သည် မြန်မာစာဖြင့်သာလျှင် တရားဝင်ထုတ်ပြန်ကြောင်းနှင့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ခြင်းမရှိကြောင်း အများပြည်သူသိရှိနိုင်စေရန် KIO မှ ထုတ်ပြန်ခဲ့သည်။

YC

                                  *************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment