Transparency Myanmar

transparency.myanmar@gmail.com

Editorial
Document Editorial

Snapshot of the item below:
Editorial

*

*

၁၃.၂.၂၀၁၃

အတွေးအမြင်

ဗိုလ်ချုပ်မွေးနေ့ပွဲ၏ တန်ဖိုး

လွန်ခဲ့သည့်နှစ်များကဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့ကို နိုင်ငံနှင့်အဝန်း တရားဝင် ပေါ်ပေါ်ထင်ထင် ကျင်းပခွင့်ရခဲ့သည် မဟုတ်ပါ။ အာဏာပိုင်များ၏ မျက်စောင်းထိုးမှု အောက်တွင် မည်သည့် အသင်းအပင်း အဖွဲ့အစည်းမှ လွတ်လွတ်လပ်လပ် ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုခွင့် မရခဲ့ပါ။ ဒီမိုကရေစီ အစိုးရသစ်တက်လာပြီးနောက်ပိုင်းတွင်မှ မွေးနေ့ဂုဏ်ပြုပွဲကို တစ်စတစ်စ တိုးချဲ့လုပ်ဆောင်လာနိုင်သည်။  ယင်းနိုင်ငံရေး မိုးလေဝသ ပြောင်းလဲမှုမှာ ဘယ်အရာကို ဖော်ပြနေသလဲ ဆိုလျှင် မြန်မာနိုင်ငံ၏ နောင်လာမည့် မျိုးဆက်သစ်များလက်ထက်တွင် ဗိုလ်ချုပ်လို ခေါင်းဆောင်မျိုး ပေါ်ထွက်လာဖို့ ရေခံမြေခံကောင်း အစပျိုးနေကြောင်းပင်ဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်း ပွင့်လင်းမြင်သာ မှုရှိအောင် တဖြည်းဖြည်းတည်ဆောက်နေသည့်  အသွင်ကူးပြောင်းရေးကာလတွင် လူငယ်များသည် ဗိုလ်ချုပ်၏ အနစ်နာ ခံမှု၊ လက်တွေ့ကျမှုနှင့် အတွေးအခေါ် တို့ကို သိခွင့်မြင်ခွင့် ပိုမိုရရှိလာသည့်အတွက် တိုင်းပြည်၏ အနာဂတ် အတွက် အပေါင်းလက္ခဏာဆောင်သည့် အပြောင်းအလဲများဟု ဆိုချင်ပါသည်။

ယခုလို သိမြင်ခွင့်ရရှိလာသည့်အတွက် ဗိုလ်ချုပ်တို့ ခေတ် က လူငယ်တွေ မည်သို့ တွေးခေါ်ကြသည် ၊ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ကြသည်ကို သုံးသပ်ဝေဖန် ကြည့်နိုင်လာမည်ဖြစ်သည်။ မြန်မာလူ့အဖွဲ့အ စည်း အများသူငါ ထင်မှတ်ထားကြသည့် ယခင်ခေတ်က လူငယ်များထက် ယနေ့လူငယ်များသည် ပိုမို၍ ညံ့ဖျင်းလာကြသည်ဟူသော အသိကို ပြန်လည်ပြင်ဆင်ဖို့ရာမှာ သမိုင်းတာဝန်ကို ထမ်းရွက်ရမည့် လူငယ်များ၏ လက်ထဲတွင်သာရှိနေသည်။ အမေရိကန် သမ္မတ ဂျွန်အက်(ဖ်) ကနေဒီက အမေရိကန် သမ္မတအဖြစ် ကျန်းသိစ္စာကျိန်ဆိုပွဲတွင် အမေရိကန်လူငယ်များကို ယခုလို ပြောခဲ့ဖူးသည်။ “နိုင်ငံတော်အနေနဲ့ ငါတို့ကို ဘာလုပ်ပေးမလဲလို့ မမေးပါနဲ့၊ ငါတို့က နိုင်ငံတော်ကို ဘာလုပ်ပေးရမလဲဆိုတာကိုပဲ မေးပါ” ဟု ပြောကြားသွား ခဲ့သည်။ အဆိုပါ ကောက်နှုတ်ချက်လေးမှာ ရိုးရှင်းသလို အားမာန်အပြည့်ရှိသည်ကို စာဖတ်သူတိုင်း သုံးသပ် ခံစားမိပေမည်။

ဗိုလ်ချုပ်တို့မှာ နိုင်ငံတော်ကို တစ်စုံတစ်ရာလုပ်ပေးစေချင်သည့် စိတ်ဆန္ဒဖြည့် အမျိုးသားရေးတာဝန်ကို ကျောင်းသားဘဝမှာ ကိုအောင်ဆန်းဖြင့် လည်းကောင်း၊ နိုင်ငံရေးသမားဘဝမှာ သခင်အောင်ဆန်းဖြင့်လည်း ကောင်း၊ တပ်မတော်သားဘဝမှာ ဗိုလ်ချုပ်အောင်ဆန်းဖြင့်လည်းကောင်း အသွင်မျိုးစုံဖြင့် လက်တွေ့ကျကျ ဆောင်ရွက်သွားနိုင်ခဲ့ပါသည်။ ယနေ့လူငယ်များကို ဗိုလ်ချုပ်ကို ကြည်ညိုစိတ်ဖြင့် အမျိုးသားရေးအသိဝင်သွားလျှင်၊ မျိုးချစ်စိတ်ရှိသွားလျှင် နိုင်ငံအတွက် များစွာ အကျိုးဖြစ်ထွန်းစေပါမည်။

ဒီရေ၊ ဒီလေ၊ ဒီတော၊ ဒီတောင်ကိုမှ မချစ်လျှင် မစောင့်ရှောက်လျှင် ငြိမ်းချမ်းသော အမိမြန်မာပြည်မှာ အဘယ်မှာ ငြိမ်းချမ်းသာယာပါတော့ မည်နည်း။ မြန်မာနိုင်ငံချစ်သော တိုးတက်ဖွံ့ဖြိုးစေချင်သော လူငယ်လူရွယ် များ များစွာပေါ်ထွန်းလာဖို့ ရည်ရွယ်ပါသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment