Transparency Myanmar

transparency.myanmar@gmail.com

Editorial
Document Editorial

Snapshot of the item below:
Editorial

*

*

၁၈.၂.၂၀၁၃

အတွေးအမြင်

စွန့်ဦးတီတွင် လိုစိတ်နှင့် စွန့်ဦးတီထွင်များ

အယ်ဒီတာ့အာဘော်

ဖွံ့ဖြိုးတိုးတက်မှုကို ရယူနိုင်ခဲ့သည့်နိုင်ငံများအချင်းချင်း နှိုင်းယှဉ်သုံးသပ်ကြည့်သော် အခြားသောရေခံမြေခံ အခြေအနေများ ကွာဟမူရှိကြသော်လည်း တူညီသည့်အချက်တစ်ခုတော့ရှိပါသည်။ ယင်းမှာ နိုင်ငံဖွံ့ဖြိုးရေး အလို့ငှာ အဓိကထောင့်တိုင်များဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး အစရှိသော နယ်ပယ်အသီးသီးတွင် ရှေ့မှ စွန့်စွန့်စားစား ဦးဆောင်လမ်းပြ ဆောင်ရွက်သွားနိုင်သည့် လူပုဂ္ဂိုလ်များရှိခဲ့ကြခြင်းပင်ဖြစ်သည်။ အရှေ့အာရှနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးခရီးလမ်းကို တစ်စေ့တစ်စောင်းလေ့လာကြည့်ပါက စွန့်ဦးတီတွင်များ၏ အရေးပါပုံကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။ ဂျပန်၊ တောင်ကိုရီးယား၊ တိုင်ဝမ်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်လာပုံကို ကြည့်လှည့်ပါ၊ အနောက်နိုင်ငံများ နှစ် ၂၀၀ ပတ်ဝန်းကျင်ခန့် ကြိုးပမ်းခဲ့ရသည့် တိုးတက်မှုနှုန်းကို ယင်းနိုင်ငံများ၏ ရာစုနှစ် တစ်ဝက်လောက်အတွင်းမှာပင် အမီလိုက်နိုင်ခဲ့သည်။ ထိုသို့ အမီလိုက်နိုင်ခဲ့ခြင်းမှာ စွန့်ဦးတီထွင်များ၏ နိုင်ငံကဏ္ဍနယ်ပယ်စုံတွင် ရွပ်ရွပ်ချွံချွံပါဝင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ယခုအချိန်အခါတွင် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်တို့တွင် စွန့်ဦးတီတွင်များ အများအပြား လိုအပ်လျက်ရှိနေသည်။ နိုင်ငံရေးအကန့်အသတ်များကို အရဲကိုးကျော်လွှားမည့် စွန့်ဦးတီတွင်များ ရှိခဲ့သည့်အတွက်ကြောင့်လည်း ပင်မရေစီးကြောင်း နိုင်ငံရေး ပီပီပြင်ပြင် ပုံပေါ်လာလေပြီ။ ကျန်ရှိနေသေးသော နိုင်ငံရေးလွတ်လပ်ခွင့်များကို နိုင်ငံရေးစွန့်ဦးတီထွင်များ ပြည်သူ့အကျိုးငှာ ရယူပေးကြ ပေဦးမည်။ ထို့အပြင် မြန်မာနိုင်ငံ၏ တုန့်နှေးနေသည့် စီးပွားရေးကပ်ဆိုးမှ ကျော်လွှားနိုင်ဖို့ စီးပွားရေး စွန့်ဦးတီထွင်များ အများအပြားလိုအပ်ပေသည်။ အစိုးရမှလည်း စွန့်ဦးတီထွင် စီးပွားရေးသမားများ ပေါ်ပေါက်လာဖို့ ၎င်းတို့လွတ်လပ်စွာ ဆောင်ရွက်နိုင်မည့် စီးပွားရေးပတ်ဝန်းကျင်မျိုးကို ဖန်တီးပေးထားနိုင်ရမည်။  

ဒီမိုကရေစီအသွင်ကူးပြောင်းနေသည့် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီကျင့်သုံးမှုပီပြင်သော၊ တရားဥပဒေစိုးမိုးမှုရှိသော၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းမြင့်မားသော နိုင်ငံဖြစ်ဖို့ နယ်ပယ်အသီးသီးတွင် စွန့်ဦးတီတွင်ပုဂ္ဂိုလ်များ ပေါ်ပေါက်လာဖို့နှင့် လူမှန်နေရာမှန်ဖြစ်ဖို့ အထူးပင် လိုအပ်လျက်ရှိနေပါသည်။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဦးဆောင်စွန့်စားလိုသည့် စိတ်ဓာတ်များ မွေးမြူကာ ဆောင်ရွက်သွားကြဖို့ မြန်မာပြည်သူအပေါင်းကို တိုးတွန်းနှိုးဆော်အပ်ပါသည်။

****************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment