Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၂၆.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင်ရွက်ရာတွင် လိုင်စင်လျှောက်ထားရန် မလိုအပ်တော့
  2. မြို့နယ်နှင့် ရပ်ကွက်များတွင် ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီများ ဖွဲ့စည်းရန် အမိန့်ကြေငြာစာထုတ်ပြန်
  3. သုံးလအတွင်း အဆောက်အအုံမဆောက်ပါက စက်မှုဇုန်မြေကွက် ပြန်သိမ်းမည်
  4. ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစည်းအဝေးတွင် မြန်မာ့အရေးဆွေးနွေးရန်ရှိ

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင်ရွက်ရာတွင် လိုင်စင်လျှောက်ထားရန် မလိုအပ်တော့

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်င်ငံ၏ ကုန်သွယ်ရေးကဏ္ဍမြင့်တက်လာနိုင်စေရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖြေလျော့မှုတစ်ခုအဖြစ် ဧပြီ ၁ ရက်နေ့မှစတင်၍ အရေးကြီးသည့် ကန့်သတ်ကုန်စည်မှလွဲ၍ ကျန်ကုန်စည် ပို့ကုန်၊ သွင်းကုန်ဆောင်ရွက်မှုများကို လိုင်စင်မဲ့ခွင့်ပြု ပေးသွားတော့မည်ဖြစ်ကြောင်း သိရသည်။

ယခင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပထမအဆင့်ဖြေလျော့မှုအဖြစ် မတ်လ ၁ ရက်နေ့တွင် ပို့ကုန် ၁၅၂ မျိုးနှင့် သွင်းကုန် ၁၆၆ မျိုးကို လိုင်စင်လျှောက်ထားရန် မလိုဘဲ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၁ ရက်နေ့တွင် ဒုတိယအဆင့် ဖြေလျော့မှုပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖြေလျော့မှုများပြုလုပ်လိုက်သည့်အတွက် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ လုပ်ကိုင်ရာတွင် လိုင်စင် လျှောက်ထားရန်မလိုအပ်တော့ဘဲ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်း၍ ဆောင်ရွက် သွားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ မူလအဖွဲ့ဖြစ်သော GATT အဖွဲ့စတင်ချိန် ၁၉၄၇ ခုနှစ်ကတည်းကပင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်ခဲ့ပြီး ၁၉၅၅ ခုနှစ်တွင် GATT အဖွဲ့အဖြစ်မှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်ချိန်တွင်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

YC

*****************************************************

 မြို့နယ်နှင့် ရပ်ကွက်များတွင် ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီများ ဖွဲ့စည်းရန် အမိန့်ကြေငြာစာထုတ်ပြန်

နိုင်ငံတော်သမ္မတရုံးမှ မြို့နယ်နှင့် ရပ်ကွက်(သို့) ကျေးရွာဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်စေရန် ဒေသခံပြည်သူများမှ လူမှုရေးအဖွဲ့အစည်းအသီးသီး၏ အများဆန္ဒနှင့်အညီ ရွေးချယ်တာဝန်ပေးအပ်သည့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် ရပ်ကွက်(သို့)ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီအသီးသီးကို ဖွဲ့စည်းဆောင်ရွက်ရန် အမိန့်ကြေငြာစာအမှတ် (၂၇/၂၀၁၃)ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့သည်။

မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီနှင့် ရပ်ကွက် (သို့) ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီတို့ကို မတ်လ ၃၁ ရက်နေ့မတိုင်မီအပြီးတစ်ပြေးညီဖွဲ့စည်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီအနေဖြင့် မိမိတို့မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်သည့်ကိစ္စရပ်များအား အများဆန္ဒနှင့်အညီ ပူးပေါင်းအဖြေရှာ၍ ဒေသခံအာဏာပိုင်များနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ မြို့နယ်ဌာနဆိုင်ရာများ၏ လုပ်ပိုင်ခွင့်များကို ထိခိုက်ခြင်းမရှိဘဲ မြို့နယ်ဖွံ့ဖြိုးရေးနှင့် ပြည်သူ့လူမှုစီးပွားရေးလိုအပ်ချက်များအတွက် ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်း၊ နိုင်ငံတော်အစိုးရ၏ Policy Making, Decision Making Process များတွင် ထိထိရောက်ရောက်ပါဝင်ဆောင်ရွက်ခြင်းနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ၏ အမှန်တကယ်နစ်နာဆုံးရှုံးရမှုများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီသို့တင်ပြ၍ ကူညီဆောင်ရွက်ပေးခြင်း စသည့်ကိစ္စရပ်များကို ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရပ်ကွက်(သို့)ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီအနေဖြင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးဥပဒေပါ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းတာဝန်များကို အကြံဥာဏ်ပေးခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်း၊ ရပ်ကွက်(သို့)ကျေးရွာအတွင်းရှိ ပြည်သူများ တရားဥပဒေလေးစားလိုက်နာ၍ ဥပဒေနှင့်အညီ နေထိုင်နိုင်စေရန် စည်းရုံးပညာပေးခြင်းစသည့်ကိစ္စရပ်များကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

ယခုဖွဲ့စည်းမည့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီကို အဖွဲ့ဝင်အနည်းဆုံး ၇ ဦးမှ အများဆုံး ၉ ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး ရပ်ကွက်(သို့)ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီကို အနည်းဆုံး ၅ ဦးမှ အများဆုံး ၇ ဦးဖြင့်ဖွဲ့စည်းတာဝန်ပေးအပ် သွားရမည်ဖြစ်ကြောင်း သိရသည်။

YC

*****************************************************

သုံးလအတွင်း အဆောက်အအုံမဆောက်ပါက စက်မှုဇုန်မြေကွက် ပြန်သိမ်းမည်

စက်မှုဇုန် မြေကွက်များဝယ်ယူထားသော်လည်း ဆောက်လုပ်ခြင်းမရှိသော မြေကွက်များအနေဖြင့် သုံးလအတွင်း အဆောက်အအုံ ဆောက်လုပ်ခြင်းမရှိပါက အဆိုပါမြေကွက်များကို နိုင်ငံတော်ပိုင်အဖြစ် ဥပဒေအရ ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော် ဒုတိယ သမ္မတဦးဥာဏ်ထွန်းက ဖေဖော်ဝါရီလ ၂၃ ရက်နေ့၌ လှိုင်သာယာစက်မှုဇုန်တွင် ကျင်းပခဲ့သည့် ဒုသမ္မတနှင့် စက်မှုဇုန်လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ စက်မှုဇုန်မြေကွက်များကို ယခင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် လုပ်ငန်းရှင်များ လက်သို့ အဆောက်အအုံဆောက်လုပ်ရန် ရောင်းချခဲ့ခြင်းဖြစ်သော်လည်း ယင်းမြေကွက်များအား ပြန်လည်ရောင်းချခွင့်နှင့် ပေါင်နှံခွင့်များကိုမူ လုံးဝ ခွင့်မပြုထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသည့် စက်မှုဇုန်မြေကွက်အလွတ် ၃၀ ရာခိုင်နှုန်းကျော်ကို နိုင်ငံတော်မှ ပြန်လည်သိမ်းဆည်းခြင်း မပြုသည့်အတွက် အဆိုပါ စက်မှုဇုန်မြေကွက်များမှာ ဈေးနှုန်းအဆမတန် မြင့်မားလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ယင်းမြေကွက်အလွတ်များတွင် နယ်မှပြောင်းရွှေ့လာသူများနှင့် အိမ်ယာအတိအကျမရှိသူများမှ ကျူးကျော်နေထိုင်လျှက်ရှိပြီး လုပ်ငန်း လုပ်ကိုင်မည့်အချိန်တွင် ယင်းကျုးကျော်များ ပြန်လည်ဖယ်ပေးခြင်းမရှိသည့်အတွက် ပြဿနာများ ပေါ်ပေါက်နေရကြောင်း ရွှေပြည်သာစက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်ပေါင်း ၂၉ ခုအနက် ၂၂ ခုတွင်သာ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး စက်မှုဇုန် ၇ ခုမှာမူ တည်ဆောက်လျက်ပင်  ရှိနေသေးကြောင်း သိရသည်။

                                        YC

***************************************************

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစည်းအဝေးတွင် မြန်မာ့အရေးဆွေးနွေးရန်ရှိ

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၂၂)ကြိမ်မြောက် အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးတွင် မြန်မာ့နိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်လက်ရှိသော ပြုပြင်ပြောင်းလဲမှုများအပေါ် ကုလသမဂ္ဂအနေဖြင့် ကြိုဆိုသော်လည်း အဓိကဖြေရှင်းရမည့် လူ့အခွင့်အရေးကိစ္စရပ်များ ကျန်ရှိနေသေးသည့်အပြင် ကချင်ပြည်နယ်နှင့် ရခိုင်ဒေသများတွင် ဖြစ်ပွားခဲ့သော အစိုးရနှင့် KIO တို့၏ တိုက်ပွဲများ၊ ရိုပာင်ဂျာအကြမ်းဖက်မှုများကြောင့် အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးနေရသည့် ပစ်ထွက်ပြေးကြသည့် ဒုက္ခသည်များအရေးမှာ အထူးစိုးရိမ်စရာဖြစ်ကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တားနားက ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်တွင် ပြောကြားခဲ့သည်။

သီတင်းလေးပတ်ကြာမြင့်မည့် အဆိုပါ အစည်းအဝေးတွင် နိုင်ငံအလိုက် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် များ၏ အသေးစိတ်အစီရင်ခံစာများကို  ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံမှ ဆွေးနွေးကြမည်ဖြစ်ပြီး အစည်းအဝေး ပထမနေ့တွင် ဆီးရီးယားအရေးနှင့် ပတ်သက်၍ ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navi Pillay ကဆွေးနွေးခဲ့ကြောင်း သိရသည်။

YC

***************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

YC

 

                **********************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment