Transparency Myanmar

transparency.myanmar@gmail.com

WEEK IN ECONOMIC
Document WEEK IN ECONOMIC

Snapshot of the item below:
WEEK IN ECONOMIC

တစ်ပတ်အတွင်း စီးပွားရေးသတင်း။

တပတ်အတွင်း စီးပွားရေးသတင်းများ စာဖတ်သူ ပြည်သူအများ သိစေရန်အလို့ဌာ Yangon Chronicle မှ စုစည်း တင်ပြလိုက်ပါသည်။

သတင်းအဖွဲ့

ဗြိတိန်၏ အကူအညီများ

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် တစ်ခုဖြစ်သည့် ရန်ကုန်တွင် ရင်းနှီးမြုပ်နှံမှုစင်တာ တစ်ခုတည်ထောင်ရန် ဗြိတိန်နိုင်ငံက အမေရိကန်ဒေါ်လာ ကိုးသိန်းကူညီမည်ဖြစ်ကြောင်း ဗြိတိန်အပြည်ပြည်ဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးဝန်ကြီး အလန်ဒန်ကန် ပြောကြား ခဲ့သည်။ မြန်မာနိုင်ငံသည် စီးပွားရေးအရ ရင်းနှီးမြုပ်နှံရန် အလားအလာကောင်းများစွာ ရှိနေသည့်အပြင် စီးပွားရေး အခန်းကဏ္ဍကို မြှင့်တင်ရာတွင် ဗြိတိန်အစိုးရမှ အဓိကအနေဖြင့် ကူညီဆောင်ရွက် ပေးလိုသောကြောင့်ဖြစ်သည်ဟု ၎င်းက ထပ်မံပြောကြား ခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ တိုးတက်မှုများနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံ အရှေ့တောင်အာရှ ရေးရာဝန်ကြီး ဟူဂိုစွိုင်းယား (Hugo Swire)က လူ့အခွင့်အရေးနှင့် မြန်မာ့အရေး ဆောင်ရွက်သူများကို မတ်လ ၄ ရက်နေ့က တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ဗြိတိန်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒတွင် ဦးစားပေးအဆင့်တွင် ရှိနေပြီး  နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခြင်းအပါအ၀င် သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သောကြောင့် ၎င်းအနေဖြင့် ဒိန်းမတ်နိုင်ငံနှင့် ပူးပေါင်း၍ ရန်ကုန်မြို့တွင် လူ့အခွင့်အရေးနှင့် တာဝန်သိစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဖွဲ့အစည်း တည်ထောင်နိုင်ရေး အတွက် ဗြိတိန်နိုင်ငံနိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန DFID က မြန်မာနိုင်ငံကို ထောက်ပံ့ငွေစတာလင်ပေါင် ၆ သိန်း ပေးအပ်သည့်အတွက်လည်း ဝမ်းမြောက်ကြောင်း ဆက်လက်ပြောဆိုသွားခဲ့သည်။

စီးပွားရေးအရ အိန္ဒိယ၏ စိတ်ဝင်စားခြင်းကိုခံရသော မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သော မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ရင်းနှီးမြုပ်နှံရန် အိန္ဒိယလုပ်ငန်းရှင်များ က စိတ်ဝင်စားကြောင်း အိန္ဒိယနိုင်ငံ Bengal Chamber of Commerce and Industry (BCCI) မှ တာဝန်ရှိသူများက ပြောကြားခဲ့ သည်။ မြန်မာနိုင်ငံ၏ စွမ်းအင်၊ အသေးစားချေးငွေလုပ်ငန်း၊ သတ္တု လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း စသည့်ကဏ္ဍများတွင် ရင်းနှီးမြုပ်နှံရန် အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်များက စိတ်ဝင်စားမှုများရှိနေကြောင်း အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ သည်။

ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုအတွက် ညီလာခံကျင်းပဖိတ်ခေါ်

မတ်လ ၄ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့သော မြန်မာ့နိုင်ငံတကာ ကုန်သွယ်ရေးနှင့်ရင်းနှီးမြုပ်နှံမှု ညီလာခံတွင် ဝန်ကြီးဌာန အသီးသီးတို့မှ အဆင့်မြင့်အရာရှိကြီးများက ဦးဆောင်ပြီး မြန်မာနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု၊ ဥပဒေ၊ ဘဏ္ဍာရေးနှင့် ငွေကြေးကဏ္ဍာ၊ အခြေခံ အဆောက်အဦးနှင့် ဆောက်လုပ်ရေးကဏ္ဍ၊ အိမ်ရာအဆောက်အအုံ၊ ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်း ဖွံဖြိုး တိုးတက်ရေးကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေး၊ သဘာဝအရင်းအမြစ်နှင့် ဆက်သွယ်ရေးကဏ္ဍတို့အပေါ်၌ အလေးထား ဆွေးနွေးခဲ့ကြ သည်။ အဆိုပါညီလာခံသို့ ပြင်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင် ၁၄၀ ခန့် တက်ရောက်ခဲ့သည့်အနက် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်အရေအတွက်မှာ ပိုမိုများပြားခဲ့ကြောင်း သိရသည်။

Photo Credit by Blog

ထိုသို့ရင်းနှီးမြုပ်နှံမှုအတွက် ညီလာခံကျင်းပပြီး တစ်ဆက်တည်းလိုပင် အမေရိကန်မှထုတ်လုပ်သော ကမ္ဘာကျော် ကားဖြစ်သည့် Ford ဇိမ်ခံနှင့် ပစ်ကပ်ယာဉ်များကို မေလမတိုင်မီ မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချသွားမည် ဖြစ်ကြောင်း Ford ကားများတင်သွင်းမည့် Capital Automotive ၏အထွေထွေမန်နေဂျာ ဦးခင်မောင်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသို့ တင်ပို့ ရောင်းချရခြင်းမှာ ဈေးကွက်မြှင့်တင်ခြင်း ဖြစ်သည်ဟု Ford ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ Neal McCarthy က ပြောကြားခဲ့သည်။

ထို့အပြင် အာရှတိုက်၏ တတိယအကြီးဆုံး American International Assurance(AIA Group Ltd.)အာမခံကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ကိုယ်စားလှယ်ရုံး လာရောက်ဖွင့်ခွင့် ရရှိပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါကူမ္ပဏီသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်က လုပ်ငန်းသစ်လုပ်ကိုင်မှုမှ ဝင်ငွေသည် ၁၇ ရာခိုင်နှုန်း မြှင့်တက်ခဲ့ပြီး ၎င်း၏လုပ်ငန်းသစ် စီးပွားရေးအခြေပြမျဉ်းသည် ၆ ဒသမ ၄ ရာခိုင်နှုန်းမှ ၄၃ ဒသမ ၆ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း သိရသည်။

အထူးစီးပွားရေးဇုန်လုပ်ငန်းများ ဇုန်ခွဲခြား

ယခင် အထူးစီးပွားရေးဇုန်ဥပဒေတွင် မပါဝင်သော ဇုန်အလိုက်သတ်မှတ်ချက်နှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ လုပ်ပိုင်ခွင့်၊ ရပိုင် ခွင့်များပါဝင်သော မြန်မာအထူးစီးပွားရေးဇုန် ဥပဒေကြမ်းကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်လိုက်သည်။ ပို့ကုန်အခြေ ပြုသော ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေးဇုန်ဟူ၍ ဇုန်ခွဲခြားသတ်မှတ်ကာ အထူးစီးပွားရေးဇုန် ရင်းနှီးတည်ဆောက်သူ (Developer)နှင့် ရင်းနှီးမြုပ်နှံသူ(Investor)၏ လုပ်ပိုင်ခွင့်ရပိုင်ခွင့်များကို ခွဲခြားသတ်မှတ်ထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးကတ်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောကြားခဲ့သည်။ အဆိုပါဥပဒေကြမ်းအရ ကင်းလွတ်ဇုန် တွင် ရင်းနှီးမြုပ်နှံပါက ရင်းနှီးမြုပ်နှံသူ(Investor)သည် ဝင်ငွေခွန်ကင်းလွတ်ခွင့် ပထမခုနှစ်နှစ်နှင့် လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်း မြှုပ်နှံမည်ဆိုပါက ပထမငါးနှစ် ဝင်ငွေခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီ အက်ဥပဒေကိုပြင်ဆင်ရန် အာရှဖွံဖြိုးရေးဘဏ်က ကူညီမည်

ခေတ်ကာလနှင့် ကိုက်ညီမှုမရှိတော့သည့် မြန်မာကုမ္ပဏီအက်ဥပဒေကို ပြင်ဆင်ရေးဆွဲရန်အတွက် အာရှဖွံဖြိုးရေး ဘဏ်က ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ကုမ္ပဏီများနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားသော ဥပဒေမှာ ၁၉၄၉ ခုနှစ် က ရေးဆွဲထားသည့် မြန်မာကုမ္ပဏီ အက်ဥပဒေနှင့် မြန်မာကုမ္ပဏီ နည်းဥပဒေတို့အပြင် ၁၉၅၇ ခုနှစ်ကရေးဆွဲထားသည် မြန်မာ ကုမ္ပဏီ လုပ်ထုံးလုပ်နည်းနှင့် မြန်မာကုမ္ပဏီ အစီစဉ်တို့ဖြစ်ပြီး ယင်းဥပဒေများမှာ ခေတ်ကာလနှင့် ကိုက်ညီမှုမရှိတော့ကြောင်း သိရ သည်။

ဈေးဝယ်စင်တာများတွင် ပုဂ္ဂလိကဘဏ်ဖွင့်ခွင့်ပြု

Photo Credit by Wall Street Journal

နိုင်ငံတကာ ဈေးဝယ်စင်တာများကဲ့သို့ မြန်မာနိုင်ငံရှိ ဈေးဝယ်စင်တာများတွင် ပုဂ္ဂလိကဘဏ်ခွဲများ ဖွင့်လှစ်ရန် လျှောက်ထားပါက ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အများပြည်သူဘဏ်စနစ်ကို ပိုမိုအသုံးပြုလာစေရန် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အချက်အချာကျ၍ လူစည်ကားရာနေရာ ဖြစ်သော် လည်း ဘဏ်ဖွင့်ရန် လုံခြုံမှုမရှိပါက ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။ လက်ရှိပြည်တွင်း၌ ပုဂ္ဂလိကဘဏ် ၁၉ ခုရှိပြီး တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် ဘဏ်ခွဲပေါင်း ၃၄၇ ခုဖွင့်လှစ်ထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တရားဝင်ထုတ်ပြန် ထားသည်။

ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး စခန်းသစ် ဧပြီတွင် ဖွင့်ရန်ရှိ

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအသစ်တစ်ခုဖြစ်လာမည့် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မော့တောင် နယ်စပ် ကုန်သွယ်ရေးစခန်းသစ်ကို ယခုနှစ်ဧပြီလတွင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မော့တောင် ကုန်သွယ်ရေးစခန်းသည် မြိတ်ခရိုင် တနင်္သာရီ မြို့နယ်နှင့် ၇၅ မိုင်ခန့်ကွာဝေးပြီး ထိုင်းနိုင်ငံ နယ်စပ်မြို့ဖြစ်သည့် ပရာကျွတ်မြို့နယ်နှင့် ကုန်းလမ်းခရီးဖြင့် ဆက်သွယ်မည်ဖြစ်သည်။ အဆိုပါစခန်း ဖွင့်လှစ်ပြီးပါက ထိုင်းနိုင်ငံမှ သွင်းကုန်ပစ္စည်းများကိုလည်း မြိတ်၊ ထားဝယ်မှတစ်ဆင့် ရန်ကုန်၊ မန္တလေးဘက်သို့ ကူးသန်း နိုင်ကြောင်းလည်း သိရသည်။

ဂျပန်သို့ ဆန်တန်ချိန် ၅ဝဝဝ ပထမဆုံးအကြိမ်တင်ပို့မည်

ဂျပန်နိုင်ငံအစိုးရက နိုင်ငံတွင်း ဆန်တင်ဒါခေါ်ယူရာတွင် မြန်မာနိုင်ငံကိုပါ တင်ဒါဝင်ရန် ကမ်းလှမ်းခဲ့သည့်အတွက် မြန်မာ့ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီ(MAPCO)က တင်ဒါဝင်ခဲ့ပြီး အောင်မြင်ခဲ့၍ ပထမဆုံးအကြိမ်အဖြစ် ဧည့်မထဆန်တန်ချိန် ၅ဝဝဝ ကို တင်ပို့သွားမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံဆန်စပါးအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်း၏ ပြောပြချက်အရ သိရသည်။ ဧည့်မထဆန်(၅ ရာခိုင်နှုန်း)တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၉ဝ နှုန်းဖြင့် တင်ပို့မည်ဖြစ်ပြီး MOU လက်မှတ် ရေးထိုးထားခြင်း မဟုတ်သဖြင့် နောက်ပိုင်းတွင် တင်ဒါဆက်ဝင်ပြီး တင်ပို့ရန်လည်း ရှိကြောင်းသိရသည်။


 

 

 

 

 

 

 

 

 

 

 

                   


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment