Transparency Myanmar

transparency.myanmar@gmail.com

WEEK IN POLITIC
Document WEEK IN POLITIC

Snapshot of the item below:
WEEK IN POLITIC

တစ်ပတ်အတွင်း နိုင်ငံရေးသတင်း။

တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးသတင်းအကျဉ်းကို ပြည်သူများသိစေရန်အလို့ဌာ Yangon Chronicle မှ စုစည်းတင်ပြလိုက်ပါသည်။

သတင်းအဖွဲ့

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ခရီးစဉ်

ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဥရောပငါးနိုင်ငံခရီးစဉ်သည် မြန်မာနိုင်ငံအတွက် ထိရောက်သော နိုင်ငံတကာ ဆက်ဆံရေးကို ဖော်ညွှန်းနိုင်ခဲ့သော ခရီးစဉ်တစ်ခုဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွင်း သမ္မတမှ လွှတ်တော်တွေမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း (လေးပုံတစ်ပုံ)နေရာ ယူထားခြင်းနှင့်ပတ်သက်၍ လွှတ်တော်၏ ပံ့ပိုးကူညီမှုဖြင့် တဖြည်းဖြည်း လျော့ချသွားမည်ဖြစ်ပြီး ယခုလိုတပ်မှ နေရာရယူထားခြင်း မှာ လတ်တလောအခြေအနေအရ တိုင်းပြည်၏ သမိုင်းကြောင်း နောက်ခံတွေကြောင့်ဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။

ထို့ပြင် ၂၀၁၃ အတွက် နိုဗယ်ငြိမ်းချမ်းရေးဆုစာရင်းတွင် သမ္မတဦးသိန်းစိန်အမည်စာရင်း ထပ်မံပါဝင်ခဲ့ပြီး အဖွဲ့အစည်း အနေဖြင့် မြန်မာအစိုးရအဖွဲ့ နိုဗယ်ငြိမ်းချမ်းရေးဆု ရရှိနိုင်သည်ဟု ဖင်လန်သမ္မတဟောင်းကလည်း ထင်မြင်ချက်ပေးခဲ့သည်။

ငြိမ်းချမ်းရေး

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီတို့သည် မတ်လ ဒုတိယပတ် လောက်တွင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများထပ်မံ ပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။ ဖေဖေါ်ဝါရီလ ၂၂၊ ၂၃ ရက်နေ့ တို့တွင် ချီဖွေ၊ လောခေါင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ကြီးကြီးမားမား မဖြစ်တော့ကြောင်း၊ ဖေဖေါ်ဝါရီ ၄ ရက်နေ့က တရုတ် နိုင်ငံ၊ ရွှေလီမြို့တွင် ပထမအကြိမ် တွေ့ဆုံပြီးနောက် မတ်လဒုတိယပတ်တွင် ဆွေးနွေးပွဲများထပ်လုပ်ဖို့ သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း ကေအိုင်အေပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာလဂျာ၏ ပြောဆိုချက်အရ သိရသည်။

လှုပ်လှုပ်ရှားရှားနိုင်ငံရေးပါတီများ

မကြာခင်ကျင်းပတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ် အဖြစ်မှ  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဗဟိုညီလာခံကိုယ်စားလှယ် ၄ ဦးကို ရပ်စဲလိုက်တယ်လို့ မတ်လ ၅ ရက် ရက်စွဲဖြင့် အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဗဟိုညီလာခံ ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံရတဲ့သူများမှာ လမ်းမတော်မြို့နယ် ဒီချုပ်ဥက္ကဌ၊ ရွှေပြည်သာ မြို့နယ် ဒီချုပ်ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ဥက္ကဌနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်မှ ဗဟိုညီလာခံ ကိုယ်စားလှယ်တို့ဖြစ်ပြီး ထိုပုဂ္ဂိုလ်များသည် အဖွဲ့ချုပ်အတွင်း ညီညွတ်ရေးကို ပြိုကွဲပျက်စီးစေမည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှား မှုများပြုလုပ်သည်ဟု ကြေညာချက်ထဲမှာ ဖော်ပြပါရှိကြောင်း သိရသည်။

အမြဲတန်းအဖွဲ့ဝင် ၆ ပါတီရှိသော ညီနောင်တိုင်းရင်းသားများပါတီ ဖက်ဒရေးရှင်း(NPS)က မတ်လ ၃ ရက်နေ့၌ ၁၄ ကြိမ် မြောက် အစည်းအဝေးတစ်ရပ်ပြုလုပ်၍ တိုင်းရင်းသား အခွင့်အရေးများနှင့်ပတ်သက်သော အချက် ၅ ချက် ပါဝင်သည့် သဘောထားကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကြေညာချက်တွင် ပြည်မရှိ အင်အားကြီးပါတီများ အနေဖြင့် လူနည်းစုတိုင်းရင်းသား ဒေသများတွင် ရွေးကောက်ပွဲဝင်ရောက် မယှဉ်ပြိုင်ကြရန် ညီနောင်တိုင်းရင်းသားများပါတီ ဖက်ဒရေးရှင်း(NPS)မှ တိုက်တွန်းထားကြောင်း ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် နိုင်ငံရေးလုပ်ဆောင်ရာတွင် အင်အားပိုမိုရှိစေရန်ရည်ရွယ်၍ ချင်းအမျိုးသားပါတီသည် ချင်းတိုးတက်ရေး ပါတီနှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားပါတီထံမှ သိရသည်။ ပါတီ၏အမည်ကို ချင်းအမျိုးသား တိုးတက်ရေးပါတီဟု အမည်ပေးထားပြီး လာမည့်လတွင် ပူးပေါင်းသွားမည်ဖြစ်ကြောင်း၊ နှစ်ပါတီပူးပေါင်းသွားပြီးချိန်တွင် မြို့နယ်အချို့တွင်ရှိသော ယင်းတို့၏ပါတီများကိုလည်း ထပ်မံပူးပေါင်းသွားမည်ဖြစ်ပြီး  နိုဝင်ဘာလတွင် ပြည်လုံးကျွတ်ညီလာခံကို ကျင်းပ၍ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့် မူဝါဒများကို ရေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

 

လက်ပံတောင်းတောင်အစီရင်ခံစာနှင့် သမ္မတအပေါ် တရားစွဲဆိုမှု

ဖေဖော်ဝါရီလကုန်တွင် တင်ပြမည်ဟူသော လက်ပံတောင်းတောင် အစီရင်ခံစာမှာ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး သမ္မတကြီး ဥရောပ ခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသောအခါ တိုက်ရိုက်တင်ပြသွားမည် ဖြစ်သည်။ အစီရင်ခံစာကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျေနပ်ကြောင်း ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် အစီရင်ခံစာမထွက်မီပင် ထိုအရေးကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတအား တရားစွဲမည်ဟု ဒေသခံများက ဆားလင်းကြီးမြို့နယ်တရားရုံးသို့ လျှောက်ထားသည့် ဖြစ်စဉ်မှာလည်း ယခု တစ်ပတ်အတွင်း ထူးခြားသတင်း တစ်ခု ဖြစ်သည်။

ဆန္ဒပြမှုများ

ဖေဖော်ဝါရီလ နောက်ဆုံးနေ့ရက်များက တင်းမာခဲ့သော ဆန္ဒပြမှုများမှာ ယခုသမ္မတ ပြန်လာသည့်အချိန်တွင် အတော် အတန် ငြိမ်သက်နေပြီဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ၁၉၈၂ ခုနှစ် ဥပဒေအတိုင်း နိုင်ငံသားစိစစ်မှုမပြုလုပ်ဘဲ ဘဂါင်္လီများအတွက် တူရကီနိုင်ငံမှ ထောက်ပံ့ငွေဖြင့် နေအိမ် ၅၀၀၀ ကျော်ဆောက်ပေးရန် စီစဉ်ခြင်းကို စစ်တွေမြို့ခံ ရခိုင်တိုင်းရင်းသားများနှင့် ရခိုင်လူမှုအဖွဲ့အစည်း အားလုံးမှ ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ရန် ရဲတပ်မှူးထံ လျှောက်ထားသော်လည်း  ပလပ်ခံခဲ့ရသဖြင့် ပြည်နယ်ရဲတပ်ဖွဲ့မှူး ထံမှ အယူခံဝင်ထားကြောင်း ရခိုင်အမျိုးသမီးကွန်ရက်မှ ဒေါ်ညိုညိုအေးက ပြောသည်။

ကမ္ဘာ့အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu မှ မြန်မာနိုင်ငံရှိ ဘဂါင်္လီအရေး ကိုင်တွယ်ဖြေရှင်းပေးရန် ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီ UNHCR အား မေတ္တာရပ်ခံလိုက်ကြောင်း သိရသည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပနေသည့် ၂၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများနှင့် ပတ်သက်၍ OIC ၏ အပူပန်ဆုံးကိစ္စသည် နိုင်ငံသားဖြစ်ရေးကိစ္စဖြစ်ကြောင်း  OIC အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပြီး  လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီကမူ  မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစု ၁၃ဝ ကျော်တွင် ရိုဟင်ဂျာဟူ၍ မပါဝင်ကြောင်း ပြောဆိုထားသည်။

ဟံသာဝတီ ကားပွဲစားတန်းမရွှေ့ပြောင်းရေး ဆန္ဒပြသူများသည် ကားပွဲစားတန်းကို မင်းရဲကျော်စွာလမ်းသို့ ယာယီအား ဖြင့် ပြောင်းရွှေ့စေခြင်းဖြင့် ပြေလည်ခဲ့သလို မအူပင်၊ မလက်တိုကိစ္စမှာလည်း ညှိနှိုင်းနေပြီး ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးမည်ဟု သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ အပြောင်းအလဲကာလတွင် သမ္မတကြီး ခရီးစဉ်၌ ပြောကြားခဲ့သလိုပင် အခက်အခဲများ ရှိနေသော်လည်း ပြည်သူများအားလုံး သတိအသိရှိရှိဖြင့် ပူးပေါင်းပါဝင်ကြရန် အလွန်အရေးကြီးပါသည်။ သို့သော် အခက်အခဲများမှာ ဆက်လက် ရှိနေဦးမည်ပင်….။


                   


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment