Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနည်းဥပဒေပြင်ဆင်ချက် ပြည်ထောင်စုလွှတ်တွင် မဲခွဲအတည်ပြု
  2. ဘဏ်ချေးငွေလုပ်ငန်းများတွင် နိုင်ငံတကာသုံး ခရက်ဒစ်ဗျူရိုစနစ် ကျင့်သုံးမည်
  3. ပုဂ္ဂလိကဘဏ်များပါဝင်သည့် Mobile Banking စနစ် စတင်မည်
  4. သံလွင်မြစ်ဆုံရေကာတာစီမံကိန်းကို ကယားပြည်နယ် ကျောင်းသားသမဂ္ဂ ကန့်ကွက်

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနည်းဥပဒေပြင်ဆင်ချက် ပြည်ထောင်စုလွှတ်တွင် မဲခွဲအတည်ပြု

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနည်းဥပဒေများနှင့် စပ်လျဉ်း၍ နိုင်ငံခြားသားမတည်ငွေရင်းအချိုးသည် စုစုပေါင်း ရင်းနှီးမြုပ်နှံမှု ၏ ၈၀ ရာခိုင်နှုန်းထက်မကျော်လွန်စေရဟုဟုသည့် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်ကို လွှတ်နှစ်ရပ် သဘောထားကွဲလွဲမှုရှိခဲ့ရာ ပြည်ထောင်စုလွှတ်တော်တွင်မဲခွဲအတည်ပြုခဲ့ကြောင်း သိရသည်။

မတ်လ ၁၈ ရက်နေ့ကကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဥပဒေများနှင့် စပ်လျဉ်း၍ အခန်း(၃)၊ နည်းဥပဒေအပိုဒ် (၂၀)အား အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့၏ သဘောထားကွဲလွဲမှုကို ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ရာ အမျိုးသားလွှတ်တော်က ကန့်ကွက်မဲ ၃၀၆ မဲဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေများ အခန်း (၃)၊ အပိုဒ် (၂၀) အားပြည်သူ့လွှတ်တော်မှ နိုင်ငံခြားသားသည် တားမြစ်သည့် လုပ်ငန်း သို့မဟုတ် ကန့်သတ်သည့်လုပ်ငန်းများကို နိုင်ငံသားနှင့်ဖက်စပ်လုပ်ကိုင်ပါက နိုင်ငံခြားမတည်ငွေအချိုးသည် စုစုပေါင်း ရင်းနှီးမြုပ်နှံမှု ၄၉ ရာခိုင်နှုန်းထက် မကျော်လွန်စေရဟု ပြင်ဆင်အတည်ပြုခဲ့ခြင်းအပေါ် အမျိုးသားလွှတ်တော်မှ နိုင်ငံခြားသား သည် တားမြစ်ထားသည့်လုပ်ငန်း သို့မဟုတ် ကန့်သတ်ထားသည့်လုပ်ငန်းများကို နိုင်ငံသားနှင့် ဖက်စပ်လုပ်ကိုင်ပါက နိုင်ငံခြား မတည်ငွေအချိုးသည် စုစုပေါင်းရင်းနှီးမြုပ်နှံမှု ၈၀ ရာခိုင်နှုန်းထက် မကျော်လွန်စေရ။ အဆိုပါသတ်မှတ်ချက်ကို ကော်မရှင်သည် ပြည်ထောင်စုအဖွဲ့၏ သဘောတူညီချက်ဖြင့် အခါအားလျော်စွာ အမိန့်ကြော်ငြာစာထုန်ပြန်၍ ပြင်ဆင်သတ်မှတ်နိုင်သည်ဟု ပြင်ဆင်အတည်ပြုခဲ့ပြီး ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါနည်းဥပဒေများအား ပြည်ထောင်စုလွှတ်တော်မှမဲခွဲဆုံးဖြတ်ရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၆၉ဦးမှ ထောက်ခံမဲ ၂၃၅ မဲနှင့် ကန့်ကွက်မဲ ၃၀၆ မဲရှိခဲ့ပြီး ကြားနေမဲ ၁၁ မဲရှိကာ ကန့်ကွက်မဲများသဖြင့် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ကြောင်း သိရသည်။

YC


ဘဏ်ချေးငွေလုပ်ငန်းများတွင် နိုင်ငံတကာသုံး ခရက်ဒစ်ဗျူရိုစနစ် ကျင့်သုံးမည်

photo credit by www.creditnet.com

ဘဏ်များမှတစ်ဆင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ချေးငွေများထုတ်ချေးရာတွင် ပိုမိုလွယ်ကူစေရန်အတွက် နိုင်ငံတကာနည်းပညာ (ချေးငွေဆိုင်ရာ သတင်းအချက်အလက်များဗဟိုဌာန) စနစ်ကို ထူထောင်တော့မည်ဖြစ်ပြီး အဆိုပါနိုင်ငံ တကာနည်းပညာသုံး Credit Bureau စနစ်ကို မြန်မာနိုင်ငံဘဏ်များ အသင်းနှင့် စင်ကာပူနိုင်ငံ NSP ကုမ္ပဏီတို့ပူးပေါင်းပြီး လာမည့်နှစ်တွင် တည်ထောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

Credit Bureau စနစ်ဆိုသည်မှာ ဘဏ်များမှပူးပေါင်းဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ငွေချေးသူများနှင့် ပတ်သက်သော သတင်းအချက်အလက်များကို အဖွဲ့ဝင်ဘဏ်များအချင်းချင်း ဖလှယ်သည့်စနစ်ဖြစ်ကာ ဘဏ်များအနေ ဖြင့်လည်း ငွေချေးသူ၏ ပြန်လည်ပေးဆပ်နိုင်မည့်အနေအထားကိုပါ သုံးသပ်နိုင်မည်ဖြစ်ပြီး အဆိုပါစနစ်ကို တည်ထောင်နိုင်ရန် အတွက် မြန်မာနိုင်ငံဘဏ်များအသင်းမှ ရာခိုင်နှုန်း ၆၀၊ စင်ကာပူနိုင်ငံ NSP ကုမ္ပဏီက ရာခိုင်နှုန်း ၄၀ ဖြင့်ပူးပေါင်းကာ အစုရှယ်ထည့်ဝင်ခြင်းဖြစ်ကြောင်း သိရသည်။

Credit Bureau စနစ်ဖြင့် ငွေချေးသူများ၏ အချက်အလက်များကို Data Base စနစ်ဖြင့် သိမ်းဆည်း ထားမည်ဖြစ်ပြီး ချေးငွေများကို ပြန်ဆပ်ရန်သတ်မှတ်ထားသော အချိန်အတိုင်းအတာအတွင်း လျင်မြန်တိကျစွာ ပြန်ဆပ်နိုင်သူများမှာ သတ်မှတ်ချက် အဆင့်ကောင်းမည်ဖြစ်ကာ ချေးငွေ လျှောက်လွှာတင်ရာတွင်လည်း လျင်မြန်စွာရရှိလာနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေရေးကြေးရေးအဖွဲ့ အစည်းများကြီးကြပ် စစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော်က ပြောကြားခဲ့သည်။

Credit Bureau စနစ်ကိုသာထူထောင်နိုင်မည်ဆိုပါက ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း များအတွက် ချေးငွေများထုတ်ချေးရာတွင်များစွာလွယ်ကူမည်ဖြစ်ပြီး လက်ရှိတွင် အဆိုပါစနစ်တည်ထောင်ရန်အတွက် အချိန် အားဖြင့်တစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်ရာ ဥပဒေများရေးဆွဲခြင်း၊ Data Base၊ Data Center တည်ဆောက်ခြင်းနှင့် လေ့ကျင့်သင်တန်းပေးရမည့်လုပ်ငန်းစဉ်များဆောင်ရွက်ရန်စီစဉ် လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

YC


ပုဂ္ဂလိကဘဏ်များပါဝင်သည့် Mobile Banking စနစ် စတင်မည်

photo credit by online

Mobile Banking စနစ်ကို အသုံးပြုနိုင်ရန်အတွက် ပုဂ္ဂလိကဘဏ်များအားလုံး ပါဝင်နိုင်ရန် စီစဉ်ဆောင်ရွက် မည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့စ် ကုမ္ပဏီလီမိတက်မှ စီမံကိန်းများ တည်ဆောက်ရေးဌာန မှူး ဦးအောင်မြတ်စံက ပြောသည်။

အဆိုပါ Mobile Banking စနစ်သည် မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေကြေးဆိုင်ရာ ငွေပို့၊ ငွေလွှဲကိစ္စရပ်များ အပါအဝင် နိုင်ငံတကာတွင်အသုံးပြုနေသည့်ပုံစံအတိုင်း One Stop Service စနစ်ဖြင့် ကျေးလက်များအထိ ဝန်ဆောင်မှုပေးနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းစနစ်ကိုသုံးစွဲနိုင်ရန်အတွက် နည်းပညာပိုင်းကို ရတနာပုံတယ်လီပို့စ်မှ တည်ဆောက်ထားသည့် Payment Gateway အား အသုံးပြုမည်ဖြစ်ပြီး Mobile Banking အပြင် Postal Banking ဝန်ဆောင်မှုလုပ်ငန်းကိုပါ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ယင်းဝန်ဆောင်မှုများအား နက်ဝက်ခ်ရရှိသည့် မည်သည့်နေရာတွင်မဆို အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဝန်ဆောင်မှုလုပ်ငန်းနှစ်မျိုးအား Mobile Network နှင့် Postal Network တို့ကိုအသုံးပြု၍ နိုင်ငံတကာတွင် အသုံးပြုနေသည့်ပုံစံဖြစ်သည့် အများပြည်သူများ One Stop Service စနစ်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန်နှင့် အများပြည်သူ ဆက်သွယ်ရေးလုပ်ငန်း ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် Mobile Banking နှင့် Postal Banking ကိစ္စရပ်များသည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ Mobile နှင့် Postal Infrastructure တို့ကိုအသုံးပြုရန်သာဖြစ်ပြီး ငွေကြေးဆိုင်ရာကိစ္စရပ်များနှင့် ဥပဒေ ဆိုင်ရာကိစ္စရပ်များအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဥပဒေဌာနများနှင့် ဦးစွာဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ထားသည်ဟု သိရသည်။

ယင်းသို့ Mobile Banking နှင့် Postal Banking ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရန်အတွက် ဘဏ်များနှင့် ငွေကြေးဆိုင်ရာအဖွဲ့အစည်းများ ဆွေးနွေးမှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YC


သံလွင်မြစ်ဆုံရေကာတာစီမံကိန်းကို ကယားပြည်နယ် ကျောင်းသားသမဂ္ဂ ကန့်ကွက်

မြန်မာဦးပိုင်လီမိတက်နှင့် တရုတ်နိုင်ငံ ဒါးတန်ကော်ပိုရေးရှင်းတို့ ပူးပေါင်းတည်ဆောက်မည့် သံလွင် မြစ်ဆုံရေ ကာတာစီမံကိန်းနှင့်ပတ်သက်၍ ကယားပြည်နယ်လုံးဆိုင်ရာ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကန့်ကွက် ကြောင်း မတ်လ ၁၄ ရက်နေ့က သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါသဘောထားကြေညာချက်တွင် မြန်မာဦးပိုင်ကော်ပိုရေးရှင်းတို့ ပူးပေါင်း၍ ဒေသခံလူထု၏ သဘောဆန္ဒကို သွေဖယ်၍ လုပ်ဆောင်လျက်ရှိသည့် သံလွင်မြစ်ဆုံရေကာတာစီမံကိန်း လုံးဝရပ်ဆိုင်းရေး၊ လယ်ယာမြေများ ထိခိုက်ဆုံးရှုံး နစ်နာခဲ့ရသည့် ဒေသခံလယ်သမားများအား ထိုက်တန်သည့်ပေးလျော်မှုများ ပြုလုပ်ရန်နှင့် ဒေသခံပြည်သူများအား အလုပ်အကိုင် ဖန်တီးပေးရန်တို့ပါဝင်သည်။

အဆိုပါကြေညာချက်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အတူ သိမ်းဆည်းခံမြေယာများ ပြန်လည်ရရှိရေး အပြင် တောင်သူလယ်သမားသမဂ္ဂတရားဝင် ပေါ်ပေါက်ရေးတို့ကို ကယားပြည်နယ်လုံးဆိုင်ရာ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ အသိပေးတောင်းဆိုထားသည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင် လျှပ်စစ်စွမ်းအင် ဒုတိယဝန်ကြီး ဦးမြင့်ဇော် က အစိုးရအနေဖြင့် တရုတ်၊ ထိုင်း၊ မြန်မာကုမ္ပဏီများနှင့်ပူးပေါင်း၍ လျှပ်စစ်မဂ္ဂါဝပ် ၁၅၀၀၀ ထုတ်လုပ်မည့် စီမံကိန်းအား ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်အတွင်းရှိ သံလွင်မြစ်ပေါ်တွင် ရေကာတာခြောက်ခု တည်ဆောက်သွား မည်ဖြစ်ပြီး လျှပ်စစ်ဓါတ်အားအများစုအား အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့သွားမည်ဟု လွှတ်တော်တွင် အတည်ပြုပြောကြား ထားကြောင်းသိရသည်။

YC


 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment