Transparency Myanmar

transparency.myanmar@gmail.com

WEEK IN POLITIC
Document WEEK IN POLITIC

Snapshot of the item below:
WEEK IN POLITIC

တစ်ပတ်အတွင်း မြန်မာ့နိုင်ငံရေးသတင်းဖြစ်စဉ်

သတင်းအဖွဲ့

ပြီးခဲ့သည့် လက်ပန်တောင်းတောင်ကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယင်းဒေသသို့ သွားရောက်ပြီး နှစ်ရက်အကြာတွင် ထင်မြင်ချက်မျိုးစုံကြားထဲမှပင် သပိတ်စခန်းများ ပြန်လည်ရုတ်သိမ်း သွားကာ ဝမ်ပေါင်ကုမ္ပဏီမှလည်း လျော်ကြေးများပေးသည်ဟူသော သတင်းများနှင့် ငြိမ်သက်စပြုလာစဉ်တွင် ………

မိတ္ထီလာအရေး

မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဆိုင်တစ်ခုမှ ရောင်းသူ ဝယ်သူပဋိပက္ခကနေ စတင်လိုက်သော ပြဿနာ မီးပွားသည် အမှိုက်ကစ ပြဿဒ်မီးလောင်ဆိုသကဲ့သို့ ဘာသာရေးအဓိကရုဏ်းအဖြစ်ပုံဖော်ကာ ထိန်းသိမ်းမရ ဖြစ်ကုန် တော့သည်။ ထို့ကြောင့် ထိုနေ့ည ၈ နာရီတွင် ပုဒ်မ ၁၄၄ ထုတ်လိုက်ရသည်။ ထို့နောက်တွင်မူ ထင်မြင်ချက် ဝေဖန်ချက် ကောလဟာလ သတင်းဓာတ်ပုံတို့ များစွာပေါ်ပေါက်လာခဲ့သည်။ နောက်ဆုံးအခြေအနေဖြင့်မူ မတ်လ ၂၂ ရက်နေ့အထိ သေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာရသူ ၄၀ ဝန်းကျင်ရှိသွားပြီဖြစ်ကာ အခြေအနေကို ထိန်းသိမ်းနိုင်သွားပြီဟု အကြမ်းဖျင်းယူဆ၍ ရသော်လည်း ယင်းဖြစ်စဉ်နှင့်ပတ်သက်သော နောက်ဆက်တွဲ အကျိုးဆက်များကိုမူ ဖြေရှင်းရန်အချိန် အတော်ယူ ရဦးမည် ဖြစ်သည်။ ယင်းဖြစ်စဉ်ဖြစ်ပွားသည်နှင့် ဆရာတော်အချို့နှင့် ၈၈ မျိုးဆက်မှ ကိုမင်းကိုနိုင် တို့ သွားရောက် ဖျန်ဖြေရန် ကြိုးစားခဲ့ကြသည်။ ဒေါ်အောင်ဆန်း စုကြည်မှလည်း တရားဥပဒေစိုးမိုးရေးအတွက် ထိထိရောက် ရောက်ဖြင့် ပုဒ်မ ၁၄၄ ကို အသက်သွင်းရန် တိုင်းဒေသကြီးအစိုးရအား ဆော်သြခဲ့သည်ဟု သိရသည်။ အမေရိကန်အပါအဝင် နိုင်ငံတကာ အသိုင်း အဝိုင်းမှ စိုးရိမ်မှုများ ထုတ်ဖော်ပြောဆိုကြသကဲ့သို့ ပြည်တွင်းနေ ပဋိပက္ခကို မလိုလားသော လူထုကလည်း စိုးရိမ်ပူ ပန်လျှက်ရှိပါသည်။ အထူးသဖြင့် ပဋိပက္ခမီးပွား မိမိတို့နေရပ်များဆီသို့ ကူးစက်လာမည်ကို ကြောက်လန့် နေကြခြင်း ဖြစ် သည်။ မြန်မာ့နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွင် မပြောင်းလဲစေချင်သူများ၏ နောက်ကွယ်မှ သွေးထိုးမှု လှုံ့ဆော်မှုဟူသော ဝေဖန်သံများလည်း ထွက်ပေါ်လာသည်။ မည်သို့ပင်ဖြစ်စေ မြန်မာ့ဒီမိုကရေစီ ခရီးလမ်း ခိုင်မာသော အဆင့်သို့ တက်လှမ်း နိုင်စေရန်မူ ဆင်ခြင်တုံတရားနှင့် ထုံမွမ်းသော လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာ စေရန် ပြည်သူပြည် သားများ အားလုံး လက်တွဲ ကြိုးပမ်းသွားရမည်သာ ဖြစ်ပါကြောင်း ….။

photo credit - facebook

ပါတီများနှင့် ပတ်သက်၍

ယခုအခါ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေး အင်အားစုများ စတင်ပြင်ဆင်လျက်ရှိပြီး ယခင်စစ်အစိုးရ ကျောထောက်နောက်ခံနှင့် ဖွဲ့စည်းပြီး အစိုးရအဖြစ် အာဏာရလာခဲ့သည့်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှလည်း ကိုယ်စားလှယ်များကိုပါ ရွေးချယ်ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း ပါတီ၏ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးအောင်သိန်းလင်းက ပြောခဲ့သည်။ နိုင်ငံတော် သမ္မတသည် သမ္မတတာဝန် ယူနေချိန်တွင် ပါတီလုပ်ငန်းများကို မဆောင်ရွက်ရသည့်အတွက် လက်ရှိအချိန်တွင် ဒုဥက္ကဋ္ဌရာထူးတာဝန်ယူထားသည့် သူရ ဦးရွှေမန်းက ပြည်ခိုင်ဖြိုး ပါတီတာဝန်များကို ဦးစီးပြီး ဆောင်ရွက်နေကြောင်း  ဦးအောင်သိန်းလင်းက ဆက်လက်ပြောကြားခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားများသည် နိုင်ငံရေးပါတီထူထောင်ရန် မူအားဖြင့် သဘောတူထားသောကြောင့် ၂၀၁၄ ခုနှစ်တွင် ပါတီထူထောင်ရန် တရားဝင်ကြေငြာသွားမည်ဖြစ်ပြီး မည်သူတွေက ပါတီဝင်၍ မည်သူတွေက ပရဟိတနှင့် လူမှုရေး လုပ်ငန်း များ ဆက်လက်လုပ်ဆောင်မည်ကိုမူ ၂၀၁၄ အစောပိုင်းတွင်မှ တရားဝင်ကြေညာသွားမည်ဖြစ်သည်ဟုလည်း သိရပါ သည်။

ပြည်ပရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးလုပ်ကိုင်လိုသည်ဖြစ်စေ ၊ NGO အနေဖြင့်ဖြစ်စေ ပြည်တွင်း သို့လာရောက်လုပ်ကိုင်နိုင်ကြောင်း ပြည်ပနိုင်ငံအချို့ရှိ NLD(LA)ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင်အချို့တွေ့ဆုံစဉ်တွင် ဦးအောင်မင်းက ပြောဆိုခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲအပြီး၌ ဒီမိုကရက်စီအပြောင်းအလဲဖြစ်စဉ်၏ အဆင့် သုံးဆင့်ဖြစ်သည် Liberalization, Transition and Consolidation တို့တွင် ခိုင်မာသည့်အဆင့်တစ်ခုဖြစ်သော Consolidation အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် အပေါင်း လက္ခဏာဆောင်သော အဆင့်တစ်ခုတက်လှမ်းနိုင်မည်လောဟူသော မေးခွန်းဖြင့် ပါတီများ၏ လှုပ်ရှားမှုသည် ပြည်သူလူထု အကျိုးအတွက် ဖြစ်စေကြောင်း ဆုတောင်းလိုက်ရပါသည်။

နိုင်ငံတကာနှင့် မြန်မာ

သြစတြေးလျနိုင်ငံအနေဖြင့် မြန်မာ့တပ်မတော်ကို ခေတ်မီတပ်မတော်ဖြစ်ပေါ်လာစေရန် ကူညီပေးရေးပါအ၀င် The New Myanmar-Astralia Partnership for Reform အစီအစဉ်ဖြင့် လူသားခြင်း စာနာမှုအကူအညီများ ပေးအပ်သွားမည် ဖြစ်ကြောင်း ဦးသိန်းစိန်၏ခရီးစဉ်အတွင်း သြစတြေးလျ အစိုးရက မတ် ၁၈ရက်တွင် ထုတ်ပြန်သည့်ကြေငြာချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုသည့်အနေဖြင့် စစ်ရေးကန့်သတ်ချက်များကို  ပယ်ဖျက် သွားမည်ဖြစ်ကြောင်း ကြေငြာခဲ့ပြီး စစ်ရေးဆက်ဆံမှုများ တိုးမြှင့်ရေးအတွက် စစ်သံမှူးတစ်ဦးကို ခန့်အပ်သွားမည်ဖြစ်ကြောင်း ၊ သို့သော် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုကိုမူ ဆက်လက်ပိတ်ပင်သွားမည်ဟုဆိုသည်။

photo credit-US news radio

ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲ မြန်မာပြည်သို့ တရားဝင်ခရီးစဉ် အဖြစ် ဒုတိယသမ္မတဦးဥာဏ်ထွန်းနှင့် တွေဆုံကာ မြန်မာနိုင်ငံစီပွားရေးနှင့်လူမှုရေးဆုင်ရာပြုပြင်ပြောင်းလဲမှု မှုဘောင် ၂၀၁၂-၂၀၁၅ ခုနှစ်တွင် အဓိကကျသည့် စီးပွားရေး ဖွံဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် အုပ်ချုပ်မှုနှင့်ပြည်သူလူထု စီမံခန်ခွဲရေး ပိုမိုတောင့်တင်းလာစေရန် ရေရှည်အစီ အစဉ်ရေး ဆွဲရေးနှင့် အကောင်အထည်ဖော်ရေးတို့ ကိုဆွေးနွေးခဲ့သလို မြန်မာငြိမ်းချမ်းရေးစင်တာသို့ သွားရောက် စဉ်တွင် လည်း ငြိမ်းချမ်းရေးဖော်ဆောင်သည့်ကိစ္စသည် လွယ်ကူသည့် ကိစ္စမဟုတ်ကြောင်း၊ စိတ်ရှည်သည်းခံပြီး သတ္တိရှိဖို့ လိုအပ် ကြောင်း၊ အချိန်ပေး ပြင်ဆင်မှုများ ပြုလုပ်ရသည့်ကိစ္စ ဖြစ်သည့် အတွက် ဦးဆောင်လုပ်ကိုင်နေသူများကို မိမိအနေဖြင့် လေးစားပြီး ကူညီနိုင်တာရှိပါက ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သေးသည်။ ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲသည် လက်ရှိလုပ်ဆောင်လျက်ရှိသော ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အားဖြည့်ကူညီရေးအတွက် ၎င်းတည်ထောင်ထားသည့်  တိုနီဘလဲယား ဖောင်ဒေးရှင်း၏ အကြီးအကဲတစ်ဦးအနေဖြင့်သာ မြန်မာနိုင်ငံသို့ လာရောက်ခြင်း

ဖြစ်ပြီး NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း တွေ့ဆုံသွားခဲ့သည်။

တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့်  ကေအိုင်အေတို့အကြား ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ပါဝင် ဆောင်ရွက် ရန်ဆန္ဒရှိကြောင်း မကြာခင်ကမှ ခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရသော တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးသံတမန် H.E Wang Yingfan က ပြောကြားခဲ့ပါသည်။

ဆက်လက်လျှောက်လှမ်းနေသော ငြိမ်းချမ်းရေးခရီး

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် အစိုးရတို့၏ ပထမအကြိမ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် 20 တွင် 14 ချက်ကိုသာ ညှိနှိုင်းသဘောတူညီမှုရရှိထားပြီး ကျန် ၆ချက် ကိုမူ လာမည့် ဧပြီလတွင် ကျင်းပရန်စီစဉ်ထားသည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပြည်လည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း KNNP ၏ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောကြားသည်။

KNU နှင့် အစိုးရအကြား ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရခဲ့သည့် ၁၃ လကျော် ကာလအတွင်း  KNU ထိန်းချုပ်နယ်မြေအတွင်းရှိ လက်နက်ကိုင်တိုက်ပွဲများနှင့် ဆက်စပ်၍  ပြည်တွင်းနေရပ်စွန့်ခွာရသူများ နောက်ထပ်တိုးပွားမှု မရှိသလောက် နည်းပါးသွားကြောင်း ကရင်ပြည်နယ်အတွင်းရှိ  အဖွဲ့အစည်းများကပြောသည်။

လူဦးရေ ၁၅၀ ခန့်ရှိသည့် ငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့သည် မတ်လ ၁၈ ရက်နေ့က လိုင်ဇာမြို့သို့ ရောက်ရှိပြီး မြို့ခံ ပြည်သူလူထုအပြင် ကေအိုင်အို၊ အေဘီအက်စ်ဒီအက်ဖ်၊ ပလောင်အဖွဲ့နှင့် ကိုးကန့်အဖွဲ့များမှ ပူးပေါင်း ကြိုဆိုခဲ့ကြသည်။ ထို့ပြင် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နှင့်အဖွဲ့သည်လည်း ဂီတပညာရှင် ဦးရဲလွင်ခေါင်းဆောင်သော ပန်းရဲ့လမ်းအဖွဲ့နှင့်အတူ လိုင်ဇာမြို့ကို ရောက်ရှိလာကာ လမ်းလျှောက်အဖွဲ့နှင့် လိုင်ဇာဒေသခံများအား တေးဂီတဖြင့်ဖျော်ဖြေပေးခဲ့ကြပါသေးသည်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာခဲ့ကြရသည့် ဒုက္ခသည်များ အမြန်ဆုံးနေရပ်ပြန်နိုင်ရေးအတွက် အစိုးရနှင့် KIO အဖွဲ့များမှ တာဝန်ယူဆောင်ရွက်ပေးသင့်ကြောင်းကိုလည်း ဦးနေမျိုးဇင်က ပြောကြားခဲ့သေးကြောင်း သိရပါသည်။

ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အထောက်အကူပြုရန်အတွက် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီ အများအပြားပါဝင်သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲတစ်ရပ်ကို လားရှိုးမြို့တွင် ကျင်းပနေကြောင်းလည်း သိရပါသည်။  ယင်းဆွေးနွေးပွဲ၌ အဖွဲ့အစည်းပေါင်း အနည်းဆုံး ၇ ဖွဲ့ခန့် ဆွေးနွေးခဲ့ကြပြီး အကျိုးရလဒ် အဖြစ် ငြိမ်းချမ်းရေး အမှန်တကယ် လိုလားနေခြင်းကို တွေ့ရှိရကြောင်း ဦးဆောင်စီစဉ်သည့် SNLD ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောဆိုသည်။ လားရှိုးမြို့တွင် ကျင်းပသည့် အဆိုပါ ညီလာခံသို့ လူဦးရေ စုစုပေါင်း ၁၈၄ ဦး တက်ရောက်နေပြီး နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဆွေးနွေးခဲ့သည်ဟုသိရပြီး ဝန်ကြီးဦး အောင်မင်း၊ ဦးခွန်ထွန်းဦး၊ နိုင်ငံရေးပါတီများ ကိုယ်စား ဦးအေးသာအောင်၊ လက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား SSPP မှ ဗိုလ်ချုပ်ဆေထင်က အဖွင့်မိန့်ခွန်းများ ပြောကြား ခဲ့ကြပါသည်။

ကရင် တိုင်းရင်းသားများ အနာဂတ်ရေးဆိုင်ရာ အစည်းအဝေး တစ်ခုကို ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်ဟိုတယ်တွင် ယခုလ ၂၉ နေ့မှ စတင်၍ ၂ ရက်ကြာ ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း သိရှိရသည်။  ကရင်အမျိုးသား အစည်းအရုံး (KNU ) အဖွဲ့ဝင် ၂ဝ နှင့်အတူ ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ကရင်လူထု အခြေပြု အဖွဲ့များမှ ကိုယ်စားလှယ် ၅ဝ ခန့် တက်ရောက်မည် ဖြစ်ပြီး ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ၊ ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့ ခေါင်းဆောင်များလည်း တက်ရောက်မည်ဖြစ်ကြောင်း အစည်း အဝေး ဖြစ်မြောက်ရေး လုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးစောလှထွန်း၏ ပြောဆိုချက်အရ သိရသည်။ အဆိုပါ အစည်းအဝေး ကျင်းပနိုင်ရေး အတွက် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဦးအောင်မင်းက စီစဉ်ပေးကြောင်း သိရသည်။

မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များသည် ဆက်လက်ရှေ့သို့ သွားနေသလို အတားအဆီးများလည်း ဒုနှင့်ဒေး ဖြစ်သည် ကို သတိပြုမိပါသည်။ သို့သော်လည်း ပြဿနာအဟန့်အတားများကြောင့် စိတ်ပျက်နေ၍မူ မဖြစ်ပါချေ။ မိမိတို့တတ်နိုင် သည့်ဘက်မှ ပြည်တွင်းငြိမ်းချမ်းတည်ငြိမ်ရေးကို ဘာသာမခွဲ လူမျိုးမကွဲဘဲ လုပ်ဆောင်နိုင်ကြရမည် ဖြစ်ပါသည်။ သို့မှသာ မြန်မာနိုင်ငံသားများအားလုံး မျှော်မှန်းသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုအဖြစ်ဆီသို့ ရှေးရှုနိုင်မည်ဖြစ်ပါ ကြောင်း………။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment