Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. အစိုးရမှ ငြိမ်းချမ်းရေးဆွေးနွေးရန်ကမ်းလှမ်းထားသော်လည်း တပ်မတော်နှင့် KIO တို့တိုက်ပွဲများပြန်လည်ဖြစ်ပွား
  2. EU နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများကာကွယ်ရေးသဘောတူညီမှုတွင် မြန်မာလက်မှတ်ရေးထိုးရေး ဆွေးနွေးပွဲ ကျင်းပမည်
  3. မြန်မာ့လူ့အခွင့်ရေးချိုးဖောက်မှုများကို ကုလလူ့အခွင့်ရေးကောင်စီ စုံစမ်းစစ်ဆေးမည်
  4. ဥရောပဈေးကွက်တွင် မြန်မာနိုင်ငံဝင်ရောက်ခွင့်ရရေး ဥရောပ ပါလီမန် ထောက်ခံ

အစိုးရမှ ငြိမ်းချမ်းရေးဆွေးနွေးရန်ကမ်းလှမ်းထားသော်လည်း တပ်မတော်နှင့် KIO တို့တိုက်ပွဲများ ပြန်လည်ဖြစ်ပွား

အစိုးရမှ လာမည့် ဧပြီလ ၁၀ ရက်နေ့မတိုင်မီကာလအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော်(KIO)နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းထားသော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်နမ့်ခမ်းအနီးရှိ KIA တပ်မပာာ ၄ ထိန်းချုပ်နယ်မြေအတွင်း တပ်မတော်နှင့် KIO တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထိုသို့ KIO နှင့် တပ်မတော်တို့ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေမှုများကြောင့် ဧပြီ 10 မတိုင်မီဆွေးနွေးမည့် KIO နှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်ပြားသွားစေနိုင်ကြောင်း သိရသည်။

ယခုကဲ့သို့ KIO နှင့်တပ်မတော်တို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားရခြင်းမှာ ကေအိုင်အေ တပ်မတပာာ ၄ ထိန်းချုပ်မှု အောက်ရှိတပ်ရင်း ၁၇ သို့ အစိုးရ(ရမခ)လက်အောက်ခံ ခလရ ၁၄၈ နှင့် ၂၉၀ တပ်ရင်းများမှ နယ်ကျွံ့ချဉ်းကပ်၍ KIO တပ်များနှင့်အနီးဆုံး ရောယူရာမှ တပ်များရှုပ်ထွေးမှုဖြစ်ပေါ်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရက်ပိုင်းအတွင်း KIO နှင့်တပ်မတော်တို့ ၃ ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများမရှိသေးသော်လည်း တပ်မတော်မှ လက်နက်ကြီးများသုံးစွဲလျက်ရှိသည့် စစ်ရေးတင်းမာမှုများမှာ မြင့်တက်လာနိုင်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိနိုင်စေရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ်ပြင်ဆင်ရန်လိုအပ်သည့်အပြင် ပြည်စုံသည့် နိုင်ငံသူနိုင်ငံသားများ၏ ဆန္ဒအမှန် ဖြစ်ပေါ်လာနိုင်စေရန် လူထုလူတန်းစားပေါင်းစုံ၊ ကဏ္ဍအသီးသီးရှိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသားမှသံဃာအဆုံး တာဝန်ရှိသူများပါဝင်သည့် ညီလာခံတစ်ရပ်ကျင်းပရန်လိုအပ်ကြောင်း ငြိမ်းချမ်းရေးလမ်းလျှောာက်အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့၌ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများကိုပြုလုပ်၍ အပစ်အခတ်ရပ်ဆိုင်းသည်အထိ ဆက်လက်ဆွေးနွေးရေး၊ နှစ်ဖက်ညှိနှိုင်းစောင့်ကြပ်ရေးရုံးများဖွင့်လှစ်ရေးနှင့် ငြိမ်းချမ်းရေး နောက်တစ်ကြိမ်ဆွေးနွေးမှုကို ဧပြီ ၁၀ ရက်နေ့မတိုင်မီကျင်းပသွားရန်အချက်တို့ပါဝင်သည့် အချက်(၄)ချက်ပါ ပူးတွဲ ကြေညာချက်တစ်စောင်ကို နှစ်ဖက်သဘောတူထုတ်ပြန်ကြေညာခဲ့သည်။

YC


EU နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများကာကွယ်ရေးသဘောတူညီမှုတွင် မြန်မာလက်မှတ်ရေးထိုးရေး ဆွေးနွေးပွဲကျင်းပမည်

ဥရောပသမဂ္ဂ(EU)နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများကာကွယ်ရေးသဘောတူညီမှုတွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် လာမည့် ဧပြီလ ၂၉ ရက်နေ့မှစတင်၍  နေပြည်တော်၌ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအစိုးရသစ်၏ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှု ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ(EU)နိုင်ငံများက ကျောက်မျက်တင်ပို့ခြင်းနှင့် လက်နက်ရောင်းဝယ်ဖောက်ကားခြင်းများမှအပ ကျန်ပို့ကုန်တင်ပို့မှုများကို ဖြေလျော့ပေးခဲ့သည့်အပြင် ဥရောပသမဂ္ဂ (EU) နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုကို မကြာမီကာလအတွင်း အလုံးစုံဖယ်ရှားပေးနိုင်ရန် ဥရောပပါလီမန်သို့ တင်ပြပေးထားကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကိုပြဋ္ဌာန်းပြီးဖြစ်သည့်အတွက် မကြာမီကာလအတွင်း မြန်မာနိုင်ငံအတွင်းသို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တရှိန်ထိုးဝင်ရောက်လာတော့မည်ဖြစ်ကာ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများအတွက် အကာအကွယ်ပေးမှုနှင့် အာမခံချက်များစွာပေးထားရန်လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန်ချက်အရ အမေရိကန်နှင့် အီးယူနိုင်ငံများက မြန်မာနိုင်ငံအတွင်း လာရောက်ပြုလုပ်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာ လုပ်ငန်းနယ်ပယ်တွင် လူမှုရေးဦးစားပေးခြင်း၊ သဘာဝပတ်ဝန်းကျင် ဂရုစိုက်ခြင်း စသည့် အရည်အသွေးကောင်းများဖြင့် ပြည်စုံမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

YC


မြန်မာ့လူ့အခွင့်ရေးချိုးဖောက်မှုများကို ကုလလူ့အခွင့်ရေးကောင်စီ စုံစမ်းစစ်ဆေးမည်

မြန်မာနိုင်ငံအနှံအပြားတွင် လက်ရှိအစိုးရသစ်လက်ထက်ထိတိုင် ဖြစ်ပွားလျက်ရှိသော လူ့အခွင့်ရေးချိုးဖောက်မှု များကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ပာု ဥရောပသမဂ္ဂ(EU)အဖွဲ့၏ တောင်းဆိုချက်အား ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီမှ အတည်ပြုခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၄၇ ဦးပါ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ၏ သဘောတူညီမှုဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာနှင့် မူဆလင်ပဋိပက္ခများတွင် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေချိုးဖောက်မှုများအပါအဝင် ဖမ်းဆီးအကျဉ်းချခြင်း၊ အကျဉ်းထောင်တွင်း ညှင်းပန်းနှိပ်စက်မှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို လွတ်လပ်၍ ပွင့်လင်းမြင်သာမှုရှိစွာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်ရန် EU မှမြန်မာအစိုးရအား တောင်းဆိုထားကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် နိုင်ငံတွင်းလူ့အခွင့်ရေးအခြေအနေများ ပေါ်ထွန်းလာနိုင်စေရေးအတွက် အစိုးရမှပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့သော်လည်း တရားစီရင်ရေးကိစ္စရပ်များတွင် တစ်ဖက်သတ် ဆုံးဖြတ်အကျဉ်းချခြင်းများ၊ အတင်းအကျပ် ရွေ့ပြောင်းခိုင်းခြင်း၊ မြေယာသိမ်းယူခြင်း၊ အဓမ္မကျင့်ကြံခြင်းနှင့် အခြားလိင် အကြမ်းဖက်မှုများ၊ နှိပ်စက်ညှင်းပန်းမှုများ အပါအဝင် ကျန်ရှိနေသေးသော လူ့အခွင့်ရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်း အီးယူကိုယ်စားလှယ်၊ အိုင်ယာလန် သံအမတ်ကြီး Gerard Corr ကပြောကြားခဲ့ကြောင်း သိရသည်။

ကုလ၏ ဆုံးဖြတ်ချက်ကို လက်ခံနိုင်သော်လည်း စွပ်စွဲမှုများမှာ များပြားလွန်းသကဲ့သို့ အချို့သော ပြဋ္ဌာန်းချက် သဘော သုံးနှုန်းမှုများတွင် အဓိပ္ပာယ်လွဲမှားစေသော စကားလုံးများပါဝင်နေပြီး မြန်မာနိုင်ငံ အနေဖြင့် လူ့အခွင့်ရေးကိစ္စကို သဘောတရားနှင့် လက်တွေ့အရပါလက်ခံထားရကြောင်း သိရသည်။ လက်ရှိအချိန်တွင် လူ့အခွင့်ရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးနေကြောင်း ဂျီနီဗာကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးမောင်ဝေက ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့ မူဆလင်နှင့် ဗုဒ္ဓဘာသာဝင်များ အဓိကရုဏ်းတွင် အနည်းဆုံးလူ ၃၀ ဦးသေဆုံးခဲ့ရရပြီး ရခိုင်ပြည်နယ် လူမှုအသိုင်းအဝိုင်း ပဋိပက္ခများတွင်လည်း အနည်းဆုံး လူ ၁၈၀ သေဆုံးပြီး ၁၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သတင်းမှတ်တမ်းများအရ သိရှိရသည်။

YC


ဥရောပဈေးကွက်တွင် မြန်မာနိုင်ငံဝင်ရောက်ခွင့်ရရေး ဥရောပ ပါလီမန် ထောက်ခံ

ဥရောပပါလီမန်၏ နိုင်ငံတကာကုန်သွယ်ရေးအဖွဲ့က မြန်မာနိုင်ငံအား ဥရောပသမဂ္ဂ ဈေးကွက်တွင် အကောက်ခွန်နှင့် ခွဲတမ်းကင်းလွတ်ခွင့်များပေးအပ်ရန် မတ် ၂၁ ရက်နေ့က ထောက်ခံဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

သို့ရာတွင် မြန်မာနိုင်ငံ၏ အချို့သောဒေသများတွင် အဓမ္မစေခိုင်းမှုများနှင့် လူ့အခွင့်ချိုးဖောက်မှုများ ရှိနေဆဲဖြစ်သည့်အတွက် ဥရောပပါလီမန်အဖွဲ့ဝင်တို့က သီခြားဆုံးဖြတ်ချက်ချမှတ်ကာ အဓမ္မစေခိုင်းမှုများနှင့် ပတ်သက်သော တိုးတက်မှုများကို စောင့်ကြည့်ရန်နှင့် မြန်မာနိုင်ငံတွင်း လုပ်ငန်းလာရောက်လုပ်ကိုင်လာကြမည့် ဥရောပလုပ်ငန်းအဖွဲ့ အစည်းများက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ် တာဝန်ခံမှုကို အလေးအနက်ထား စောင့်ကြည့်ရန် ကော်မရှင်သို့ တောင်းဆို ခဲ့ကြကြောင်း သိရှိ ရသည်။

ဥရောပလုပ်ငန်း အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်သည့်အခါ ကော်ပိုရိတ် စီးပွားရေးလုပ်ငန်းကြီးများ၏ တင်းကျပ်သော လူမှုရေးတာဝန်ခံမှုတို့ကို လိုက်နာဆောင်ရွက်ကြရန် အထူးအရေးပါသကဲ့သို့ အဆင့်မြင့်ပွင့်လင်းသာမှုနှင့် အစီရင်ခံစာတင်သွင်းများလည်း ရှိရန်လိုအပ်ပြီး သို့မှသာ မြန်မာနိုင်ငံနှင့် ရင်းနှီးမြုပ်နှံသူများ အကြားတွင် အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဥရောပ ပါလီမန်အဖွဲ့ဝင်တစ်ဦးဖြစ်သူ David Martin ကပြောကြားခဲ့ကြောင်း သိရသည်။

အီးယူ၏ Generalized System of Preferences ( GPS ) စနစ်အရ မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မှ စ၍ ဥရောပဈေးကွက်ကို လွတ်လပ်စွာဝင်ရောက်နိုင်ရန် အကျုံးဝင်သော်လည်း နိုင်ငံတွင်းဖြစ်ပွားနေသော အဓမ္မမှုများ စေခိုင်းမှုများ ကြောင့် ဥရောပသမဂ္ဂမှ အဆိုပါကုန်သွယ်မှုအကျိုးကျေးဇူးများကို ခံစားခွင့်မပေးသေးဘဲ ဆိုင်းငံ့ထားခဲ့ခြင်းဖြစ်ပြီး ယခုထပ်မံထွက်ပေါ်လာသော အစီရင်ခံသစ်များတွင် မြန်မာနိုင်ငံအတွင်း အဓမ္မစေခိုင်းမှုများ ရပ်ဆိုင်းခဲ့ပြီး စနစ်တကျ အလေးထားဆောင်ရွက်မှုများ တွေ့ရှိရသည့်အတွက် အစီရင်ခံစာသစ်အပေါ် အခြေခံ၍ ဥရောပသမဂ္ဂမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဥရောပဈေးကွက်အတွင်း မြန်မာနိုင်ငံ လွတ်လပ်စွာဝင်ရောက်ခွင့်ကိစ္စကို ကော်မတီတွင် မဲခွဲဆုံးဖြတ်ရာ၌ ထောက်ခံမဲ ၂၈ မဲ နှင့်ကန့်ကွက်မဲ ၂ မဲဖြင့် အတည်ပြုနိုင်ခဲ့ပြီး အပြီးသတ်ဆုံးဖြတ်ချက်ကို စုံညီညီလာခံတွင် ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအတည်ပြုဆုံးဖြတ်ချက်ချမှတ်ပြီးပါက မြန်မာနိုင်ငံသည် ဥရောပဈေးကွက်တွင် လက်နက်နှင့် ခဲယမ်း မီးကျောက်မှအပ ကျန်ပို့ကုန်များအားလုံးကို အကောက်အခွန်နှင့် ခွဲတမ်းကင်းလွတ်ကာ လွတ်လပ်စွာ ရောင်းဝယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

YC


 

 

 

 

 

 

        

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment