Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် နိုင်ငံရေးအခန်းကဏ္ဍ၌ စစ်တပ်ဆက်လက်ပါဝင်မည်ဟု တပ်မတော် အကြီးအကဲပြော

(Washington Post သတင်းစာမှ 27 March 2013 ရက်စွဲပါ Myanmar commander in chief says military to continue political role in democratic transition ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် မငြိမ်သက်မှုများ ပြန့်ပွား

(27 March 2013 ရက်စွဲပါ The Nation မှ AFP ၏ Myanmar unrest spread ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံကို ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး တာဝန်ရှိသူ စိုးရိမ်

(UPI News မှ 26 March 2013 ရက်စွဲပါ Myanmar worries UN genocide official သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာကို အသေးစားငွေချေးလှိုင်း ရိုက်ခတ်

(Channel News Asia မှ 26 March 27, 2013 ရက်စွဲပါ Microfinance wave hits Myanmar သတင်းကို ဘာသာပြန်ဆိုသည်)


ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် နိုင်ငံရေးအခန်းကဏ္ဍ၌ စစ်တပ်ဆက်လက်ပါဝင်မည်ဟု တပ်မတော်အကြီးအကဲပြော

(Washington Post သတင်းစာမှ 27 March 2013 ရက်စွဲပါ Myanmar commander in chief says military to continue political role in democratic transition ကိုဘာသာပြန်ဆိုသည်)

photo credit - Ye Htut’s facebook timeline

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများပြုလုပ်နေစဉ် ဆယ်စုနှစ် ငါးခုကြာ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့သည့် စစ်တပ်အနေဖြင့် နိုင်ငံရေးအခန်းကဏ္ဍတွင် ဆက်လက်ကျန်ရှိနေမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

၆၈ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ စစ်ရေးပြချီတက်လာသော တပ်ဖွဲ့ဝင် အင်အား ၆၃၀၀ ကျော်အား မိန့်ခွန်းပြောကြားရာ၌ စစ်တပ်အနေဖြင့် စွမ်းရည်သတ္တိကောင်းမွန်လာအောင် မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ထူထောင်နိုင်ရေးအတွက် ဒေသတွင်းမဟာမိတ်ဖွဲ့မှုများ အင်အားကောင်းအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

“တိုင်းပြည်က ခေတ်မီတိုးတက်တဲ့ ဒီမိုကရေစီစနစ်ရှိရာသို့ ဦးတည်သွားနေစဉ် ငါတို့တပ်မတော်ကလည်း  အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍမှာ ရှေ့ကဦးဆောင်ပါဝင်သွားရမှာဖြစ်တယ်။ ပြည်သူလူထုတစ်ရပ်လုံးက လိုလားကြတဲ့ ဒီမိုကရေစီအုပ်ချုပ်မှုစနစ် အားကောင်းမောင်းသန်ဖြစ်လာစေရေးအတွက် ငါတို့ဆက်လက် လုပ်ဆောင်သွားကြရမှာဖြစ်တယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဆိုသည်။

တပ်မတော်နေ့အခမ်းအနားမှာ ၁၉၄၅ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည့် ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး လှုပ်ရှားမှု အထိမ်း အမှတ်အဖြစ် နှစ်စဉ်နှစ်တိုင်းကျင်းပသည့်အခမ်းအနားဖြစ်သလို စစ်တပ်၏ ကြီးမားသော သြဇာအာဏာကို ထုတ်ဖော်ပြသသော ဖြစ်ရပ်တစ်ခုလည်းဖြစ်သည်။

ယခုနှစ် တပ်မတော်နေ့အခမ်းအနားတွင် စစ်သည်အင်အားများသာမက စစ်လက်နက်အင်အားများကိုပါ ထုတ်ဖော် ပြသခဲ့သည်။ တိုက်ခိုက်ရေးရဟတ်ယာဉ်များ ဝဲပျံပြခဲ့ကြပြီး ဂျက်တိုက်လေယာဉ်များက မီးကျည်များ ပစ်ဖောက်ကာ လေကြောင်းတိုက်ခိုက်မှုစွမ်းရည်ကိုပြသကြသည်။ အစိမ်းရင့်ရောင်တင့်ကာများ၊ စစ်လက်နက်နှင့် စစ်သည်များ တင်ဆောင် ထားသည့် ယာဉ်ကြီးများ၊ အသေးစားအမြောက်များ စသည်တို့ကိုလည်း ထုတ်ဖော်ပြသခဲ့သည်။

အဆိုပါ တပ်မတော်နေ့အခမ်းအနားသို့ အတိုက်အခံခေါင်းဆောင်နှင့် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်လည်း ပထမဆုံးအကြိမ်အဖြစ်တက်ရောက်ခဲ့ပြီး စစ်ရေးပြမှုကို ရှေ့ဆုံးခုံတန်းမှ ထိုင်ကြည့်ခဲ့သည်ကို တွေ့ရသည်။ မြန်မာ့ လွတ်လပ်ရေးနှင့် တပ်မတော်၏ တည်ထောင်ရယူပေးခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်အပေါ် နှစ်ကာလကြာရှည်စွာ ရက်စက်ကြမ်းကြုတ်သော စနစ်ဖြင့် အုပ်ချုပ်ခဲ့သည့် စစ်တပ်ကို လိုက်လျောမှုများ ပြုလုပ်ခဲ့သည်။

မြန်မာစစ်တပ်သည် ၂၀၁၁ ခုနှစ်တွင် ပေါ်ထွက်လာသော အမည်ခံအရပ်သားအစိုးရကို အာဏာလွှဲပြောင်း ပေးခဲ့သည်။ လက်ရှိ သမ္မတ ဦးသိန်းစိန်မှာ စစ်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သော်လည်း တိုင်းပြည်၌ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုများပေါ်ပေါက်လာအောင် ဦးဆောင်လုပ်ကိုင်လျက်ရှိသည်။ သို့သော် စစ်တပ်မှာ ပါလီမန်လွှတ်တော်တွင် အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို ရွေးကောက်တင်မြှောက်ခံစရာမလိုဘဲ ရရှိထားရာ တိုင်းပြည်၏ အရေးပါသော နိုင်ငံရေး အင်အားစုတစ်ရပ်အဖြစ် ဆက်လက်ကျန်ရှိနေဆဲဖြစ်သည်။ အဆိုပါ ၂၅ ရာခိုင်နှုန်းဟူသော ပမာဏမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဆွဲမှုများကို အဟန့်အတားကောင်းစွာပြုလုပ်နိုင်သည်။

အမျိုးသားစည်းလုံးညီညွတ်ရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တပ်ဖွဲ့ဝင်များနိုင်ငံတကာ လူသားချင်း စာနာထောက်ထားသော ဥပဒေအတိုင်း လိုက်လံကျင့်သုံးရေး အစရှိသည်တို့အတွက် စစ်တပ်၏ အရေးပါပုံကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အလေးပေးပြောဆိုသည်။

“ငါတို့ရဲ့တပ်မတော်ကို အင်အားကြီးမားပြီး သြဇာအာဏာပြည်ဝတဲ့ အဖွဲ့အစည်းဖြစ်အောင် ငါတို့မဖြစ်မနေ တည်ဆောက်ကြရမယ်” ဟု ၎င်းကဆိုသည်။ ခေတ်မီသော လက်နက်များကိုင်ဆောင်နိုင်ရေး၊ အိမ်နီးချင်းနိုင်ငံများ၊ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများနှင့် အနီးကပ်မဟာမိတ်ဖွဲ့စည်းရေး အစရှိသည်တို့ကို လုပ်ဆောင်ရန်လည်း ၎င်းက တိုက်တွန်းပြောဆိုသည်။


မြန်မာနိုင်ငံတွင် မငြိမ်သက်မှုများ ပြန့်ပွား

(27 March 2013 ရက်စွဲပါ The Nation မှ AFP ၏ Myanmar unrest spread ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် မတူညီသော လူ့အသိုင်းအဝိုင်းများကြားတွင် ဖြစ်ပွားသော အဓိကရုဏ်းများမှာ အဓိကမြို့တော်ဖြစ်သော ရန်ကုန်မြို့အနီးသို့ ရောက်ရှိလာနေပြီဖြစ်ကြောင်း ရဲက အင်္ဂါနေ့က ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စုကလည်း လူ ၄၀ ခန့်သေဆုံးခဲ့သော မငြိမ်သက်မှုများအပြီးတွင် မြန်မာနိုင်ငံ၏ အစိတ်အပိုင်းများသို့ သွားရန် သတိပေးမှုများ ပြုလုပ်ခဲ့ပါသည်။

ဗုဒ္ဓဘာသာနှင့် မူဆလင်များကြားတွင် ပဋိပက္ခများ တနင်္လာနေ့က ထပ်မံဖြစ်ပွားခဲ့ပြီး အင်္ဂါနေ့တွင်လည်း ဆက်လက်ဖြစ်ပွားခဲ့ရာ ရန်ကုန်မြို့မြောက်ဘက် မိုင် ၉၀ ( ၁၅၀ ကီလိုမီတာ) အကွာ ပဲခူးတိုင်းမှ ရွာအချို့တွင် ဖြစ်ပွားခဲ့ပါသည်။ ထိုသို့ဖြစ်ပွားခဲ့ခြင်းကြောင့် ဗလီတချို့နှင့် နေအိမ်တချို့ ဖျက်ဆီးခံခဲ့ရသည်ဟု သတင်းများက ဆိုပါသည်။

“ရဲတွေနဲ့ စစ်သားတွေဟာ တစ်ညလုံးအခြေအနေကို ထိန်းဖို့ ကြိုးစားခဲ့ပါတယ်။”ဟု အမည်မဖော်လိုသူ ရဲအရာရှိ တစ်ဦးက AFP ကိုပြောပါသည်။ အင်္ဂါနေ့က အုတ်ဖိုတွင် ဗလီတစ်လုံး ဖျက်ဆီးခံခဲ့ရသည်ဟု ၎င်းက ဆက်လက် ပြောကြားပါသည်။

အမေရိကန်သံရုံးကလည်း ၎င်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြသော ကြေညာချက်၌ ၎င်းတို့နိုင်ငံသားများ ပြဿနာစဖြစ် သည့် မန္တလေးတိုင်းဒေသနှင့် ရန်ကုန်ရှိ မူဆလင်များရှိရာ မင်္ဂလာဈေးနှင့် ယုဇနပလာဇာအနီးသို့ မသွားရန် ပြင်းပြင်းထန်ထန် အကြံပြုခဲ့သည်။

ယခုပဋိပက္ခသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအစိုးရအတွက် မူဆလင်-ဗုဒ္ဓဘာသာတင်းမာမှုများဖြစ်လာမည့် စိန်ခေါ်မှုအပေါ် ကြီးမားသော သတိပေးချက်ကြီးဖြစ်ပါသည်။

မျက်မြင်သက်သေများက ယခုပြင်းထန်သောဖြစ်ရပ်များမှာ အသေအချာစီစဉ်ပြီးမှ လုပ်ဆောင်ပုံရသည်ဟု ဆိုပါသည်။

၈၈ မျိုးဆက်အဖွဲ့ဝင် ကျော်သက်က ပဲခူးတိုင်း စစ်တွင်းမှ ဖုန်းဖြင့်ပြောကြားရာတွင် ဒါဇင်ပေါင်းများစွာသော လူစိမ်းများသည် တနင်္လာနေ့ညပိုင်းက မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဗလီကို ဖျက်ဆီးကြကြောင်း ဆိုပါသည်။

“နောက်သူတို့ဟာ မူဆလင်ပိုင်တဲ့ လက်ဘက်ရည်ဆိုင်ကိုသွားပြီး ဖျက်ဆီးကြတယ်။ သူတို့မလာခင် မြို့က မီးပြတ်သွားပြီး ဖုန်းလိုင်းတွေလည်း ပြတ်သွားတယ်။ သူတို့က လူတွေကိုလည်း ဝိုင်းပြီးဖျက်ဆီးကြဖို့ လှုံ့ဆော်ခဲ့ပါတယ်”ဟု ဆိုပါသည်။

ကြို့ပင်ကောက်အနီးတွင် နေထိုင်သောနယ်ခံတစ်ဦးက ပြောကြားရာတွင် ဒေသခံ အာဏာပိုင်များသည် ညပိုင်းက ကာဖျုးအမိန့်ကို ကြေညာပြီး စစ်သားများ မြို့သို့ ရောက်ရှိလာနေကြောင်း ပြောပါသည်။

အဆိုပါ ပြင်းထန်သော ဖြစ်ရပ်များသည် မတ်လ ၂၀ ရက်နေ့က နေပြည်တော်မှ ၁၃၀ ကီလိုမီတာဝေးသော မိတ္ထီလာတွင် စတင်ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံအနှံ့ စိုးရိမ်မှုများ ပျံ့နှံ့သွားခဲ့ပါသည်။ ရန်ကုန်တွင်လည်း စိုးရိမ်မှုများ ဖြစ်ပွားလာခဲ့သောကြောင့် ရဲများ ပိုမိုသတိဝိရိယရှိကြစေရန် ညွှန်ကြားထားကြောင်း ရဲအရာရှိတစ်ဦးက ဆိုပါသည်။ “မြို့နယ်တိုင်းမှာရှိတဲ့ ရဲတွေကို ပြဿနာတစ်စုံတစ်ခုဖြစ်ရင် အသင့်ဖြစ်နေဖို့ တပ်လှန့်ထားပါတယ်”ဟု ၎င်းက ပြောပါသည်။ ရန်ကုန်တွင် အရက်ရောင်းသောဆိုင်များ စားသောက်ဆိုင်များကို ကောလဟာလများ မပြန့်ပွားစေရန် ရည်ရွယ်၍ ည ကိုးနာရီတွင် ပိတ်ရန် အမိန့်ထုတ်ထားကြောင်း ၎င်းကပြောပါသည်။


မြန်မာနိုင်ငံကို ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး တာဝန်ရှိသူ စိုးရိမ်

(UPI News မှ 26 March 2013 ရက်စွဲပါ Myanmar worries UN genocide official သတင်းကို ဘာသာပြန်ဆိုသည်)

ကုလသမဂ္ဂ၏ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးတာဝန်ရှိသူက မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် မူဆလင် ဘာသာဝင်များအကြား အကြမ်းဖက်မှုများ ဖြစ်ပွားနေခြင်းကို စိုးရိမ်ပူပန်ကြောင်း ပြောကြားလိုက်သည်။

“မိတ္ထီလာမှာ လတ်တလောဖြစ်ပွားတဲ့ အကြမ်းဖက်မှု ပြဿနာဟာ နိုင်ငံတလွှား လူမျိုးရေးအကြမ်းဖက်မှု ပျံ့နှံ့နေပြီ ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြစ်ပေါ်စေပါတယ်”ဟု ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးအထူးအကြံပေး အေဒါမာဒိုင်အန်း က ပြောကြားသည်။

မြန်မာနိုင်ငံအလယ်ပိုင်းတွင် မူဆလင်နှင့် ဗုဒ္ဓဘာသာဝင်အကြား အပြန်အလှန် အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် သမ္မတ ဦးသိန်းစိန်က အချို့ဒေသများတွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားရသည်။ မနှစ်ကလည်း နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အလားတူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံအလယ်ပိုင်းမှ စတင်ပြန့်နှံ့လာသော မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက်အဓိကရုဏ်းကို ဖြေရှင်းရန် အတွက် တိကျမှန်ကန်သော ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု သမ္မတဦးသိန်းစိန်က တနင်္လာနေ့ညတွင် ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲများအပြီးတွင် စတင်ခဲ့သော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး တသီတသန်းဆောင်ရွက်ချက်များကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ ကြိုဆိုဂုဏ်ပြုမှု ရရှိနေသော်လည်း အပြင်းစား အန္တရာယ်များ ကျန်ရှိနေသေးသည်ဟု အေဒါမာဒိုင်အန်းက ပြောကြားပါသည်။

“ဘာသာရေး လူမျိုးရေး ဆက်နွယ်မှုများနှင့်မဆိုင်ဘဲ ယခင်နှင့် ယခု အကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများကို ဖော်ထုတ်တာဝန်ယူစေရေးကိစ္စနှင့် ပတ်သက်၍ စူးစူးနစ်နစ်အားထုတ်နေကြောင်းကို မြန်မာအစိုးရအနေဖြင့် သဲသဲကွဲကွဲ ပြသရန်လိုသည်”ဟု အေဒါမာဒိုင်အန်း၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ပြည်တွင်းမှ အကဲခတ်လေ့လာသူအချို့က “တပ်မတော်၏ အခန်းကဏ္ဍကို လွှတ်တော်တွင် ပြန်လည်သုံးသပ် ဆွေးနွေးတော့မည့်အချိန်တွင် ယခုပြဿနာပေါ်လာခြင်းမှာ ထူးဆန်းကြောင်း၊ နေရာတကာ တပ်မတော်မပါလျှင် မဖြစ် ဟူသော အယူအဆကို သာမန်ပြည်သူများအကြား ပျံ့နှံ့စေလိုပုံရကြောင်း” မှတ်ချက်ပေးပြောဆိုသည်။

ယခု မူဆလင်-ဗုဒ္ဓဘာသာ အဓိကရုဏ်းပြဿနာ ကြီးထွားလာသဖြင့် ယခင်အကြီးအကဲဟောင်း၏ မြေးဖြစ်သူက ယာဉ်ထိန်းရဲတစ်ဦးကို ပါးရိုက်သည့်သတင်း တိမ်မြုပ်သွားသည်ဟုလည်း လေ့လာစောင့်ကြည့်သူအချို့က ဆိုကြသည်။


မြန်မာကို အသေးစားငွေချေးလှိုင်း ရိုက်ခတ်

(Channel News Asia မှ 26 March 27, 2013 ရက်စွဲပါ Microfinance wave hits Myanmar သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ လူမှုရေးအဖွဲ့အစည်းတစ်ခုက ကျေးလက်ပြည်သူများအား စီးပွားရေးလုပ်ငန်း တိုးချဲ့နိုင်မည့် အသေးစား ချေးငွေလုပ်ငန်းအစီအစဉ်တစ်ခုကို မိတ်ဆက်ပေးလိုက်ပါသည်။ မြန်မာနိုင်ငံတွင် ၎င်းအစီအစဉ်မျိုး ရှားပါး နေသေးသော်လည်း အနာဂတ်တွင် ဝင်ငွေနည်း ကျေးလက်ပြည်သူများ ပိုမိုအကျိုးဖြစ်ထွန်းအောင် တိုးချဲ့နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

ယခုရက်ပိုင်းအတွင်း အချိုရည်နှင့် မုန့်ရောင်းသော လမ်းဘေးဈေးသည် ဒေါ်ချိုချိုမော်သည် ဝင်ငွေပိုမိုရရှိလာပြီး လုပ်ငန်းတိုးချဲ့နိုင်တော့မည်ဖြစ်၍ အသေးစားချေးငွေအစီအစဉ်ကို ကျေးဇူးတင်လျှက်ရှိသည်။ လူမှုအသင်းအဖွဲ့၏ ချေးငွေအစီအစဉ်အရ ကျပ်ငါးသောင်း (၅၈ ဒေါ်လာခန့်) ချေးငွေရရှိနိုင်မည့်  သူမ၏ဆိုင်တွင် ရောင်းချမည့်ပစ္စည်းအမည် ပိုမိုစုံလင်လာတော့မည်ဖြစ်သည်။

“ကျွန်မမှာ ကြံရည်ရောင်းတဲ့ဆိုင်လေး ရှိပြီးသားပါ။ ဒါပေမယ့် ချေးငွေအစီအစဉ်အရ ကျပ်ငါးသောင်းလောက်ရတော့ ဆိုင်မှာ မုန့်ရောင်းဖို့ တိုးချဲ့နိုင်တာပေါ့။ ဒါဆိုရင် တစ်ရက်ကို ကျပ်တစ်သောင်းကျော် ဝင်ငွေရှိလာမယ်။ ဝင်ငွေရလာတော့ မိသားစုနဲ့ ကလေးတွေရဲ့ ပညာရေးအတွက် အထောက်အကူဖြစ်တာပေါ့”ဟု သူမက ရှင်းလင်းပြောကြားသည်။

ချေးငွေရရှိရန်အတွက် လမ်းဘေးဈေးသည်များသည် ကနဦးစုဆောင်းငွေ တစ်လ ၂၀၀၀ ကို လူမှုအသင်းအဖွဲ့ထံ သွင်းရမည်ဖြစ်သည်။ ထို့နောက် စုဆောင်းငွေမှန်မှန်ဆက်သွင်းရင်း ၆ လတစ်ကြိမ် ချေးငွေ အမေရိကန်ဒေါ်လာ ၉၈၀ ခန့်အထိ ရရှိနိုင်မည်ဖြစ်သည်။

Myanmar Development Partners ထူထောင်သူ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါ်ဖြူယမင်းမြတ်က “ဒီချေးငွေဟာ သူတို့လုပ်ငန်းအတွက် ရင်းနှီးငွေ ဖြစ်လာပြီး လုပ်ငန်းတိုးချဲ့နိုင်ကြမှာပါ။ ပြီးတော့ သိပ်ကိုနည်းတဲ့ ငွေပမာဏကို အပတ်စဉ် အလွယ်တကူ သက်သောင့်သက်သာ ပေးသွင်းနိုင်ကြမှာပါ။ ဒါဆိုရင် ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ အတိုးအရင်း ပြန်သွင်းနိုင်ကြမှာပေါ့”ဟု ပြောကြားသည်။

“ဒီလုပ်ငန်းစဉ်တစ်ခုလုံးဟာ သူတို့ကိုယ်ပိုင်လုပ်ငန်းလုပ်နိုင်အောင် ကူညီပေးဖို့ သင်ပြပေးဖို့ဖြစ်ပါတယ်။ ဒါကြောင့် ပိုက်ဆံစုတာ ချေးတာတင်မကပဲ စီးပွားရေးဘယ်လိုလုပ်ရမလဲဆိုတာကိုပါ သင်ပြပေးတာပါ။ စီးပွားရေးလုပ်ကိုင်နည်း၊ လုပ်ငန်းတိုးချဲ့နည်း၊ ငွေးကြေးဗဟုသုတ စသဖြင့် သင်ယူလေ့လာ ဆွေးနွေးပြောဆိုနိုင်ကြမယ့် အစီအစဉ်ကို ကျွန်မတို့ ရေးဆွဲပြီးသွားပါပြီ”ဟု သူမက ဆက်လက်ပြောကြားသည်။

၂၀၁၂ ခုနှစ်တွင် စတင်ခဲ့သော အထက်ပါ အစီအစဉ်သည် အိမ်ထောင်စု ၁၅၀ ခန့်ကို ကူညီပေးခဲ့ပြီး လာမည့်နှစ်တွင် အိမ်ထောင်စု ၁၀၀၀ ခန့်အထိ ကူညီပေးရန် ရည်မှန်းထားသည်။ ပြီးခဲ့သော ၃ လအတွင်း လမ်းဘေးဈေးသည်များအား ချေးငွေ ကျပ် ၆ သန်း (ဒေါ်လာ ၈၀၀၀ ခန့်) ထုတ်ပေးခဲ့ပြီးဖြစ်သည်။

တစ်ဦးချင်းချေးငွေပမာဏမှာ နည်းလွန်းသောကြောင့် လမ်းဘေးဈေးသည်များအနေဖြင့် ဘဏ်များမှ ချေးယူရန် လုံးဝမဖြစ်နိုင်ပါ။ သို့သော် ယခုအခါ လူမှုအသင်းအဖွဲ့များ၏ အစီးအစဉ်ဖြင့် ချေးငွေရကာ သူတို့၏လုပ်ငန်းများကို တနိုင်တပိုင်တိုးချဲ့နိုင်ကြတော့မည်ဖြစ်သည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment