Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. တာဝန်ယူမှုရှိမည့် ရင်းနှီးမြှုပ်နှံသူများကို မြန်မာရှာဖွေလျက်ရှိ

(Bangkok Post သတင်းစာမှ 28 March 2013 ရက်စွဲပါ Yangon Searchs for Responsible Funds ကိုဘာသာပြန်ဆိုသည်)

  1. တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်၍ ထောက်ခံမှုပြသ

(Morning Star News မှ 27 March 28, 2013 ရက်စွဲပါ Suu Kyi backs military at armed forces day parade သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံက စိုက်ပျိုးရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ဂျပန် FDI မျှော်မှန်း

(26 March 28, 2013 ရက်စွဲပါ The Japan Times မှ Myanmar seeks Japan FDI to aid agriculture, economic reforms ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာက ထိုင်းအား စိန်ခေါ်မှု ကြီးကြီးပေး

(Bangkok Post မှ 28 March 2013 ရက်စွဲပါ Myanmar offers big challenge သတင်းကို ဘာသာပြန်ဆိုသည်)


တာဝန်ယူမှုရှိမည့် ရင်းနှီးမြှုပ်နှံသူများကို မြန်မာရှာဖွေလျက်ရှိ

(Bangkok Post သတင်းစာမှ 28 March 2013 ရက်စွဲပါ Yangon Searchs for Responsible Funds ကိုဘာသာပြန်ဆိုသည်)

Photo Credit By Bangkok Post

မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများကို အမှီလိုက်နိုင်ရန် ကြိုးပမ်းရာတွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု(FDI)များမှာ အဓိကအရေးပါသည့်နေရာမှ ပါဝင်နေသော်လည်း ကုမ္ပဏီလုပ်ငန်းများ အနေဖြင့် တာဝန်ယူမှု ရှိသော ရေရှည်ရင်းနှီးမြှုပ်နှံသူများ လိုအပ်လျက်ရှိကြောင်း အဆင့်မြင့်အရာရှိကြီးတစ်ဦးက ထုတ်ဖော်ပြောကြားသည်။

မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဆက်အောင်က “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိပ်တန်းဦးစားပေးရမည့် ကိစ္စတစ်ခု ဖြစ်သည်”ဟု ဆိုသည်။

“သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေရှိနေမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို ရာနှုန်းပြည့်ရရှိမှာ မဟုတ်ပါဘူး။ ချိန်ခွင်လျှာညီမျှတဲ့ ရင်းနှီးမြှုပ်နှံမှုတွေရရှိဖို့အတွက် ကျွန်တော်တို့အနေနဲ့ သန့်ရှင်းတဲ့နည်းပညာတွေနဲ့ လုပ်ကိုင် သွားကြရမှာဖြစ်ပါတယ်”ဟု ထိုင်းနိုင်ငံချူလာလောင်ကွန် တက္ကသိုလ်က “မြန်မာနိုင်ငံတော်သစ်အတွက် စီးပွားရေး ခေါင်းဆောင်များ ဖော်ထုတ်ခြင်း”ဟူသည့် ခေါင်းစဉ်ဖြင့် ကြီးမှူးကျင်းပသော ဖိုရမ်၌ ၎င်းကပြောကြားသည်။

ထားဝယ်အထူး စီးပွားရေးဇုန်သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအတွက်သာမက အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံး အတွက် အထူးပင်အရေးပါကြောင်း ၎င်းကဆိုသည်။

မြန်မာနှင့် ထိုင်းအိမ်နီးချင်းနှစ်နိုင်ငံက အဆိုပါ ထားဝယ်စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိပြီး ယခုအခါ နှစ်နိုင်ငံအစိုးရများက တတိယအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်လျက်ရှိသည်။ အဆိုပါ ထားဝယ် စီမံကိန်းသည် မဟာမဲခေါင်ဒေသ တောင်ပိုင်းစီးပွားရေးစင်္ကြံန်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနအဆိုအရ ယခုအခါ စက်မှုဇုန်ပေါင်း ၁၈ ခုရှိနေပြီဖြစ်ပြီး နောက်ထပ် စက်မှုဇုန် ၇ ခု ကိုလည်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးဘုတ်အဖွဲ့မှ ဒုတိယအတွင်းရေးမှူး Chanvit Amatamatuchari က “ထားဝယ်စီမံကိန်းကြီးသည် အလုပ်သမားအင်အား အဓိကထားသောလုပ်ငန်းများ မြန်မာနိုင်ငံတွင် ပေါ်ထွန်း လာရေးအတွက် အထောက်အကူ ပြုမည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ကျန်ရှိနေသော မြန်မာလုပ်သားများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ကြောင်း” ပြောကြားသည်။

ထိုင်းနိုင်ငံတွင် အများ၏ ဆန့်ကျင်ကန့်ကွက်မှုခံနေရသည့် စတီးစက်ရုံများအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ကိုင် လည်ပတ်နိုင်မည်ဖြစ်သည်။ အဆိုပါ စတီးစက်ရုံများမှ ထွက်ရှိမည့် ထုတ်ကုန်များကို ထိုင်းနိုင်ငံမှ မော်တော်ကားနှင့် အီလက်ထရွန်နစ်လုပ်ငန်းများကို ထောက်ပံ့ပေးပို့နိုင်မည်ဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာအခြေစိုက် အာဆီယံနှင့် အရှေ့အာရှဆိုင်ရာ စီးပွားရေးသုတေသန အင်စတီကျုက ပြုလုပ်သော လေ့လာမှုတစ်ရပ်အရ ထားဝယ်စီးပွားရေးစီမံကိန်းသည် ထိုင်းနိုင်ငံ၏ ဂျီဒီပီကို ၁ ဒဿမ ၉ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၄၂ ဒဿမ ၁ ဘီလီယံထိ ရောက်ရှိလာကြောင်း၊ လျှပ်စစ်စွမ်းအင်အခန်းကဏ္ဍတွင် ဒေါ်လာ ၁၉ ဒဿမ ၂ ဘီလီယံထိ ရင်းနှီးမြှုပ်နှံမှု ရှိကြောင်း ဦးဆက်အောင်ကဆိုသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူနိုင်ငံဖြစ်ပြီး စီမံကိန်းကြီး ၄၃ ခုတွင် စုစုပေါင်းဒေါ်လာ ၁၄ ဘီလီယံဖိုး မြှုပ်နှံလုပ်ကိုင်လျက် ရှိသည်။ ထိုင်းနိုင်ငံမှာမူ ဒုတိယအကြီးဆုံး နိုင်ငံခြားရင်းနှီး မြှုပ်နှံသူ နိုင်ငံဖြစ်ပြီး ဒေါ်လာ ၉ ဒဿမ ၅ ဘီလီယံဖိုးမြှုပ်နှံထားသည်။

ယမန်နှစ်က ကိန်းဂဏန်းများအရ လယ်ယာစိုက်ပျိုးရေးအခန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုမှာ မြန်မာနိုင်ငံ ဂျီဒီပီ၏ ၄၃ ရာခိုင်နှုန်းရှိသည်။ ဝန်ဆောင်မှုလုပ်ငန်းများမှာ ၃၆ ဒဿမ ၆ ရာခိုင်နှုန်းနှင့် စက်မှုလုပ်ငန်းမှာ ၂၀ ဒဿမ ၅ ရာခိုင်နှုန်း ဖြစ်သည်။

မြန်မာနိုင်ငံသည် စက်မှုလုပ်ငန်း၏ ဂျီဒီပီ အချိုးကို နှစ်ပေါင်း ၅ နှစ်အတွင်း(၂၀၁၆ ခုနှစ်အထိ) ၃၂ ရာခိုင်နှုန်း တိုးမြင့်လာရန် အစီအစဉ်ရေးဆွဲ လုပ်ကိုင်လျက်ရှိသည်။

အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ အကြီးအကဲ Alfredo Perdiguero အဆိုအရ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံမှ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ တိုရစ်ဇင်လုပ်ငန်းများ၊ လျှပ်စစ်စွမ်းအားလုပ်ငန်းများ၊ တယ်လီဆက်သွယ်ရေးလုပ်ငန်းများ၊ ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းများ အပါအဝင် ပညာရေးလုပ်ငန်းများ တိုးချဲ့လာမည့် အလားအလာရှိသည်။


တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်၍ ထောက်ခံမှုပြသ

(Morning Star News မှ 27 March 28, 2013 ရက်စွဲပါ Suu Kyi backs military at armed forces day parade သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit By DVB

မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မနေ့ကကျင်းပသော တပ်မတော်နေ့အထိမ်း အမှတ် စစ်ရေးပြအခမ်းအနားသို့ လွှတ်တော်တာဝန်ရှိသူ တစ်ဦးအနေဖြင့်တက်ရောက်ခဲ့ပြီး သူမအားနှစ်ပေါင်းများစွာ အကျယ်ချုပ် ထိန်းသိမ်းထားခဲ့သော စစ်တပ်(တပ်မတော်)အပေါ် ထောက်ခံအားပေးမှုကို ပြသခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်ကိုယ်စားပြု စစ်ရေးပြစစ်သည် ၆၃၀၀၀ ကို မိန့်ခွန်းပြောကြားရာတွင် ၂၀၁၁ ခုနှစ် ရွေးကောက်ခံအစိုးရထံ အာဏာလွှဲပြောင်းမပေးမီအထိ နိုင်ငံကိုနှစ်ပေါင်း ၅၀ အုပ်ချုပ် ခဲ့သော တပ်မတော်သည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေဦးမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုသွားသည်။

“ခေတ်မီတဲ့ ဒီမိုကရေစီစနစ်ဆီ နိုင်ငံကဦးတည်နေတဲ့အချိန်မှာ တပ်မတော်ဟာ အမျိုးသားနိုင်ငံရေးဦးဆောင် ကဏ္ဍကနေ ပါဝင်သွားမှာပါ။ ပြည်သူတစ်ရပ်လုံးလိုလားတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးလမ်းကြောင်းကို ခိုင်ခိုင်မာမာဖြစ်အောင် တပ်မတော်က ဆက်လက် ဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကလည်း ၁၉၄၅ ဖက်ဆစ်တော်လှန်ရေးအထိမ်းအမှတ် တပ်မတော်နေ့ (ယခင်တော်လှန်ရေးနေ့)အခမ်းအနားကို သီးသန့်ကျင်းပခဲ့သည်။

NLD ပါတီက ဒေါ်အောင်ဆန်းစုကြည် သမ္မတလောင်းစာရင်း ဝင်ခွင့်ရအောင် အခြေခံဥပဒေပါ စည်းကမ်း အချို့ကို ပြောင်းလဲပြင်ဆင်ရန်နှင့် လွှတ်တော်တွင်း တပ်မတော်ကနေရာ လေးပုံတစ်ပုံယူထားမှုကိုလျှော့ချရန် တပ်မတော်ကို တိုက်တွန်းထားသည်။

ထိုသို့ တပ်မတော်၏ နိုင်ငံရေးပတ်သက်မှု အနေအထားကို ပြန်လည်သုံးသပ်ရန် ပြင်ဆင်နေကြချိန်တွင် ဗုဒ္ဓ ဘာသာ-မူဆလင်အဓိကရုဏ်းကို တပ်မတော်ကဝင်ရောက်ထိန်းသိမ်း ပေးရသည့်ဖြစ်ရပ် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်ခဲ့ သည်။


မြန်မာနိုင်ငံက စိုက်ပျိုးရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ဂျပန် FDI မျှော်မှန်း

(26 March 28, 2013 ရက်စွဲပါ The Japan Times မှ Myanmar seeks Japan FDI to aid agriculture, economic reforms ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လျင်မြန်သော စီးပွားရေးပြုပြင် ပြောင်းလဲမှု၌ စိန်ခေါ်မှုများ ကြီးစွာကြုံတွေ့ရလျှက်ရှိပြီး ဂျပန် ရင်းနှီးမြှုပ်နှံမှုနှင့် လူသားစွမ်းရည် မြှင့်တင်ရေးဆိုင်ရာအကူအညီများ လိုအပ်နေကြောင်း မြန်မာနိုင်ငံစီးပွားရေး အသိုင်း အဝိုင်း ဦးဆောင်ပုဂ္ဂိုလ်များက ဂျပန်နိုင်ငံတိုကျိုတွင် ပြုလုပ်သော ဆင်ဖိုဆီယမ်၌ ပြောကြားခဲ့ပါသည်။

အဆိုပါပွဲကို Keizai Koho ဗဟိုကစီစဉ်ပြီး မတ်လ ၇ ရက်နေ့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အကြောင်းများကို ဆွေးနွေးခဲ့ပါသည်။ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ဂျပန်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံ၏ စိုက်ပျိုးရေးနှင့် စားသောက်ကုန် ထုတ်လုပ်နိုင်သော စွမ်းရည် မြင့်တက်လာရေးတွင် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားပါသည်။ ၎င်းစားသောက်ကုန် ထုတ်လုပ်ခြင်းသည် အာရှဒေသ အတွင်း စားနပ်ရိက္ခာလုံခြုံမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုကြောင်း ဆိုပါသည်။

ဦးတင်ထွဋ်ဦးက ပြောကြားရာတွင် ကမ္ဘာလုံးဆိုင်ရာလူဦးရေ တိုးတက်လာပြီး စွမ်းအင်လိုအပ်ချက် ပိုမိုတိုးပွား လာရာ အရင်းအမြစ် အနည်းငယ်သာသုံးပြီး စားနပ်ရိက္ခာပိုမို ထုတ်လုပ်နိုင်ရန် လိုအပ်လာသည်ဟု ၎င်းကဆိုပါသည်။

တိုးတက်သောစီးပွားရေးများ အထူးသဖြင့် ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်မှု တိုးတက်ရေးအတွက် အဓိကဖြစ်သော ဂျပန်နိုင်ငံကဲ့သို့ နိုင်ငံများ၏ထည့်ဝင်မှု လိုအပ်ပါသည်။ ဦးတင်ထွဋ်ဦးကပြောကြားရာတွင် ဂျပန်နိုင်ငံသည် စားသောက်ကုန် ထုတ်လုပ်ရေးနည်းပညာ၊ အစားအသောက် လုံခြုံစိတ်ချရမှုစံများ၊ မြန်မာနိုင်ငံ၏ကြွယ်ဝသော သဘာဝသယံဇာတများကို အသုံးပြုနိုင်မည့် စိုက်ပျိုးစီးပွား စီမံခန့်ခွဲမှုနည်းပညာနှင့် ဒေသတွင်းအစားအသောက် ဖြည့်ဆည်းရေး ချိတ်ဆက်မှု၏ အဓိက အရင်းအမြစ် ဖြစ်နိုင်သည့် အလားအလာများအတွက် လုပ်ဆောင်ပေးနိုင်သည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်ကြီးများအသင်း ဒုဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြား ရာတွင် ဇန်နဝါရီ လကုန်အထိ အတည်ပြုပြီးသော မြန်မာနိုင်ငံ၏ FDI တွင် တရုတ်သည် ၃၄ ရာခိုင်နှုန်းရှိပြီး ထိုင်းက ၂၃ %၊ ဟောင်ကောင်က ၁၅%နှင့် တောင်ကိုရီးယားက ၇.၁% အသီးသီးရှိသည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံတွင်အကြီးဆုံး ကူးသန်းရောင်းဝယ်ရေးဘဏ်ဖြစ်သော ကမ္ဘောဇဘဏ်ဒုဥက္ကဋ္ဌဦးသန်းလွင်က ပြောကြား ရာတွင် မြန်မာနိုင်ငံသည် ယခုအခါ ငွေကြေးဆိုင်ရာကဏ္ဍ၌ ဒုတိယပြုပြင် ပြောင်းလဲရေးကာလကို ဖြတ်သန်းနေကြောင်း၊ ပထမအကြိမ်မှာ ၁၉၉၀ နှစ်များဆီက မအောင်မြင်ခဲ့ကြောင်း ဆိုပါသည်။

ပြည်တွင်းဘဏ်များသည် အဆင့်မြင့် ဘဏ်ကျွမ်းကျင်သူများ လုံလောက်စွာရှိရေး၊ နိုင်ငံတကာ စာရင်းအင်းစံများ ပိုမိုလွတ်လပ်သော ဘဏ်စီမံခန့်ခွဲမှုများ၊ အန္တရာယ်များကိုစီမံခန့်ခွဲမှု တိုးတက်ရေးစသည့် အားနည်းမှုများ ကိုင်တွယ် လုပ်ဆောင်ရေးများအပါအဝင် စွမ်းအင်တည်ဆောက်ရေးများတွင် လိုအပ်လျှက်ရှိပါသည်ဟု ၎င်းကပြောပါသည်။ ကမ္ဘောဇ ဘဏ်သည် ဂျပန်နိုင်ငံ၏ Sumitomo Mitsui Banking Corp နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးထားရာ ၎င်းသဘော တူညီချက်အရ SMBC သည် ဘဏ်စွမ်းရည် တည်ဆောက်ခြင်းနှင့် ဘဏ်နည်းပညာများ ပံ့ပိုးခြင်းများ လုပ်ဆောင်မည်ဟု ဦးသန်းလွင်က ပြောပါသည်။


မြန်မာက ထိုင်းအား စိန်ခေါ်မှု ကြီးကြီးပေး

(Bangkok Post မှ 28 March 2013 ရက်စွဲပါ Myanmar offers big challenge သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit By Bangkok Post

မြန်မာနိုင်ငံတံခါးဖွင့် ပွင့်လင်းလာမှုသည် ထိုင်းနိုင်ငံကို အခွင့်အလမ်းများပေးနေသော်လည်း အခြေခံအဆောက် အဦးစနစ်နှင့် ကျွမ်းကျင်လုပ်သားကဏ္ဍတိုးတက်ရန် လိုအပ်သောကြောင့် ရင်းနှီးမြှုပ်နှံရာတွင် စိန်ခေါ်မှုများလည်း ရှိနေ သည်ဟု ဥရောပ သံတမန်များက ပြောကြားသည်။

ထိုင်းနိုင်ငံဆိုင်ရာ ဂျာမဏီသံအမတ်ကြီး ရော့ရှုလ်စ်က “မြန်မာနိုင်ငံခေါင်းပြူထွက်လာခြင်းသည် ထိုင်းနိုင်ငံအား အခွင့်အလမ်းနှင့် စိန်ခေါ်မှုနှစ်မျိုးလုံး အလေးပေးနေကြောင်း၊ ထိုင်းနိုင်ငံသည် အိမ်နီးချင်းများဖြင့် အဆက်အသွယ် ပိုကောင်း စေခြင်းဖြင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်ရမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှုနှင့် ယုံကြည်စိတ်ချရမှုရှိနေပြီ ဖြစ်ရာ ယင်းအချက်သည် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအတွက်အရေးပါသော အချက်ဖြစ်ကြောင်း” ဘန်ကောက် ပို့စ်သို့ ပြောကြားသည်။

“လာမယ့် ၇ နှစ်အတွင်း အခြေခံအဆောက်အဦးရင်းနှီးမြှုပ်နှံဖို့ ဘတ်ငွေ ၂ ထရီလီယံ သုံးမယ်လို့ ထိုင်းနိုင်ငံ အစိုးရက မီးစိမ်းပြလိုက်တဲ့အတွက် ထိုင်းနိုင်ငံဟာ ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်စေမယ့် လမ်းကြောင်းမှန်ပေါ်ကို ရောက်နေ ပါပြီ”ဟု ၎င်းကဆက်လက်ပြောကြားသည်။

ဂျာမန်ရင်းနှီးမြှုပ်နှံသူများက အများနည်းတူမြန်မာနိုင်ငံတွင် ခြေကုတ်ယူရန် စိတ်ဝင်စားနေချိန်တွင် ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ၏ လူဦးရေ သန်း ၆၀ ဈေးကွက်သို့ဝင်ရာ အခြေစိုက်စခန်းတစ်ခု ဖြစ်လာသည်ဟု ရော့ရှုလ်စ်က ဆိုပါသည်။

အင်ဒိုနီးရှားပြီးလျှင် ထိုင်းနိုင်ငံသည် ဂျာမဏီ၏ ဒုတိယအကြီးဆုံး အာဆီယံကုန်သွယ်ဖက်ဖြစ်ပြီး မနှစ်က အပြန် အလှန်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၀ ဘီလီယံသို့ ရောက်ရှိခဲ့သည်။ ထိုနည်းတူစွာပင် ဂျာမဏီသည် ထိုင်းနိုင်ငံ၏ အကြီးဆုံး အီးယူကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။

ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်နေသော ဂျာမဏီကုမ္ပဏီ ၆၀၀ ခန့်ရှိပြီး မနှစ်က စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဘတ်ငွေ ၆ ဘီလီယံခန့်ရှိသည်။

“ဂျာမဏီ ကုမ္ပဏီတွေဟာ ထိုင်းနိုင်ငံမှာ လာမယ့်နှစ်တွေအတွင်း အဓိကတိုက်ရိုက် ရင်းနှီးမြှုပ်နှံနိုင်မယ့် ဖြစ်နိုင်ချေ ကို နောက်တစ်ခါ ပြန်လေ့လာနေကြပါတယ်”ဟု ရှုလ်စ်က ဆိုသည်။

ဂျာမန်-ထိုင်း ကုန်သည်ကြီးများအသင်းကတည်ခင်းသော နေ့လည်စာစားပွဲတွင် မိန့်ခွန်းပြောကြားရာ၌ ဝန်ကြီးချုပ် ယင်လတ်က လတ်တလောနှစ်များအတွင်း အခြေခံအဆောက်အဦးစနစ်နှင့် ပို့ဆောင်ဖြန့်ဖြူးရေး လိုအပ်ချက်များ ကြောင့် ထိုင်းနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်း လျော့ကျခဲ့သည်ဟု ဝန်ခံပြောဆိုသွားသည်။

သို့သော် မြန်နှုန်းမြင့်ရထားနှင့် ကုန်ရထားလမ်းများ အပါအဝင် အခြေခံအဆောက်အဦး စနစ်တွင်  ကြီးမားစွာ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသောကြောင့် ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများကြား ဆက်သွယ်ရေးလမ်းကြောင်းများ ပိုကောင်း လာမည်ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး ပိုမိုတိုးတက်လာတော့မည်ဖြစ်သည်။

“ဒါတွေကြောင့် အာဆီယံရဲ့ ကုန်စည်ထုတ်လုပ် ဖြန့်ဖြူးရေးဗဟိုချက်အဖြစ် ထိုင်းနိုင်ငံရဲ့နေရာဟာ ခိုင်မာ လာမှာပါ”ဟု ယင်လပ်က ပြောကြားသည်။

ထို့ပြင် ဓာတ်ငွေ့ ၉ ဘီလီယံတန်ဖိုးရှိ ရေစီမံခန့်ခွဲမှု စနစ်အတွက်  ရင်းနှီးမြှုပ်နှံရေး အဆိုပြုလွှာများကိုလည်း အစိုးရက ပြန်လည်သုံးသပ်နေသည်ဟု သိရှိရသည်။

GTCC ဂျာမန်ကုမ္ပဏီဥက္ကဋ္ဌ ကားလ်ဟိန့်ဇ်က ထိုင်းနိုင်ငံသည် စက်မှုကဏ္ဍယှဉ်ပြိုင်နိုင်စွမ်း ရှိထားသောကြောင့် ဂျာမဏီကုမ္ပဏီများအတွက် အာဆီယံအခြေစိုက် စခန်းဖြစ်နေပြီး မြန်မာနိုင်ငံတံခါးအဖွင့်တွင် အသင့်ဝင်နိုင်သော အားသာချက်ကောင်းများ ရှိနေသည်ဟု မှတ်ချက်ပေးသည်။

“ဂျာမန်ကုမ္ပဏီတွေအတွက်တော့ ထိုင်းနိုင်ငံဟာ အာဆီယံမှာ နံပါတ် ၁ ပါပဲ။ အထူးသဖြင့် မော်တော်ကား ထုတ်လုပ်မှု လုပ်ငန်းပေါ့။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှု တိုးလာတာနဲ့အမျှ ကျွမ်းကျင်လုပ်သား၊ အင်ဂျင်နီယာ၊ ပညာရေးစတာ တွေလည်း တိုးတက်ဖို့တော့ လိုပါတယ်”ဟု ၎င်းကပြောကြားသည်။

ကားပစ္စည်း ထုတ်လုပ်သူ Continetal Automotive(Thailand)၏ အမှုဆောင်ဒါရိုက်တာ သောမတ်စ်ချိန်ဘာ ကလည်း ကျွမ်းကျင်လုပ်သားများနှင့် လေဆိပ်များ၊ ရထားလမ်းများ တိုးတက်ရေးသည် ထိုင်းနိုင်ငံအတွက် အရေးကြီး ကြောင်း သဘောတူထောက်ခံသည်။

Continetal Automotive သည် မြန်မာဈေးကွက်တွင် ထိုးဖောက်ခြင်း၊ ၂၀၁၆ အာဆီယံ ဘုံဈေးကွက်ပေါ်ထွန်းခြင်း တို့အတွက် ဖြည့်ဆည်းပေးရန် ထိုင်းနိုင်ငံစက်ရုံကို ၃ နှစ်အတွင်း တိုးချဲ့သွားဖို့ ရည်မှန်းထားသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံအခြေခံအဆောက်အဦးစနစ်တွင် ကြီးမားစွာရင်းနှီးမြှုပ်နှံရန် စီစဉ်ထားပြီဖြစ်ရာ ပွင့်လင်းမြင်သာ၍ ရှင်းလင်းပြတ်သားသော တင်ဒါစည်းကမ်းများကို နိုင်ငံခြားကုမ္ပဏီများက မျှော်လင့်နေကြသည်ဟု သောမတ်စ် ချိန်ဘာက ပြောကြားသည်။

မြန်မာနိုင်ငံတွင်မူ ယခင်အကြီးအကဲဟောင်းမိသားစု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးမှာ ထိပ်တန်းဦးစားပေး မူဝါဒဖြစ်နေသောကြောင့် တိုးပြည်နှင့်လူထု၏ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေရသည်ဟု မြန်မာ့ရေးရာအကဲခတ်များက ဆိုကြသည်။


                               


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment