Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. လူမျိုးတုံးသတ်ဖြတ်သည့် စွပ်စွဲချက်များရှိသည့်တိုင် ငြိမ်းချမ်းရေးအကျိုးဆောင်ဆု ဦးသိန်းစိန်ရရှိ

(CS Monitor မှ 23 April 2013 ရက်စွဲပါ Myanmar’s ruler to get peace prize despite ethnic cleansing charge ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမြောက်ဖျားကယ်ဆယ်ရေးပစ္စည်းဖြန့်ရာတွင် အခက်အခဲရှိ

(UPI မှ 24 April 2013 ရက်စွဲပါ Aid tough to come by in Myanmar သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. ဧပြီ ၂၉ ဘန်ကောက်တွင် ကျင်းပမည့် ESCAP အစည်းအဝေးသို့ ဦးသိန်းစိန် တက်ရောက်ရန်ရှိ

(The Nation မှ 24 April 2013 ရက်စွဲပါ Thein Sein expected BKK on April 29 သတင်းကို ဘာသာပြန်ဆိုသည်)


လူမျိုးတုံးသတ်ဖြတ်သည့် စွပ်စွဲချက်များရှိသည့်တိုင် ငြိမ်းချမ်းရေးအကျိုးဆောင်ဆု ဦးသိန်းစိန်ရရှိ

 (CS Monitor မှ 23 April 2013 ရက်စွဲပါ Myanmar’s ruler to get peace prize despite ethnic cleansing charge ကိုဘာသာပြန်ဆိုသည်)

photo credit by online

 

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ငြိမ်းချမ်းရေးဆုလက်ခံရယူရန် စီစဉ်ထားသည့်နေ့တွင် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့(HRW) က မြန်မာအစိုးရသည် ရိုဟင်ဂျာမွတ်စလင်များကို လူမျိုးတုံးသတ်ဖြတ်နေသည့်ကိစ္စအား ရပ်တန့်အောင်လုပ်ဆောင်ပေးနိုင်ခြင်းမရှိဟု စွပ်စွဲပြောဆိုလိုက်သည်။

ဤနေရာတွင် စစ်အုပ်ချုပ်ရေးစနစ်ကို အဆုံးသတ်ကာ အရပ်သားအုပ်ချုပ်ရေးစနစ်ဖြင့် ဒီမိုကရေစီ လျင်မြန်စွာ ဖော်ဆောင်နေသော မြန်မာအစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက ချီးမြှောက်မှုပြုလုပ်ရန် အလျင်အမြန် လုပ်ဆောင်နေခြင်းလောဟု မေးစရာဖြစ်လာပါသည်။

သမ္မတ ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးကြိုးပမ်းမှုအတွက် ဆုချီးမြှင့်ရန် International Crisis Group ကစီစဉ်နေမှုနှင့် ရိုဟင်ဂျာလူမျိုးစုများကို လူမျိုးတုံးသတ်ဖြတ်နေပါသည်ဟူသည့် HWR အဖွဲ့၏ အစီရင်ခံစာသစ်တစ်ရပ်ပေါ်ထွန်းလာမှုတို့နှစ်ခု တည့်တည့်ဆိုင်ဆိုင်ဆုံလာချိန်တွင် အထက်ပါမေးခွန်းကို “ဟုတ်ပါသည်” ဟုပင်ဖြေရပါလိမ့်မည်။

ထိုသို့ ဆန့်ကျင်ဘက်သဘောတရားနှစ်ခု တွေ့ဆုံလာခြင်းကြောင့် HRW အဖွဲ့က သမ္မတဦးသိန်းစိန် ငြိမ်းချမ်းရေး ဆုရယူမည့် အချိန်ကာလတွင် အဆိုပါအစီရင်ခံစာသစ်ကို တမင်တကာအချိန်ကိုက် ထုတ်ပြန်လိုက်ခြင်းလော ဟူသည့်အချက်မှာ သိချင်စရာကောင်းလှသည်။ International Crisis Group(ICG) သည် ဧပြီလ ၂၃ ရက်နေ့၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ Pierre Hotel ၌ သမ္မတဦးသိန်းစိန်ကို ကြီးကျယ်သော အခမ်းအနားဖြင့် ယင်းဆုချီးမြှင့်ရန် စီစဉ်ထားသည်။ ထို့ပြင် ယင်းအချိန်ကာလသည် ဥရောပသမဂ္ဂ(အီးယူ) က မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှု ပိတ်ဆို့ရေးမှအပ ကျန်ရှိသော ပိတ်ဆို့မှုများအားလုံး ရုပ်သိမ်းမည့်အချိန်လည်းဖြစ်နေသည်။  အဆိုပါ အခမ်းအနားကြီးကို ICG ဥက္ကဌ Louise Arbour က ကြီးမှူးကျင်းပပေးခြင်းဖြစ်ပြီး ၎င်းသည် ယခင်က ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံဆိုင်ရာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ ထိပ်တန်းတရားဥပဒေသမားတစ်ဦးလည်းဖြစ်သည်။ အဆိုပါ ဆုချီးမြှင့်သည့် အခမ်းအနားတွင် သမ္မတဦးသိန်းစိန်ကို လူသားချင်းစာနာထောက်ထားသော အတွေးအခေါ်အမြော်အမြင်ကြီးမားသူ အဖြစ်ထုတ်ဖော်ချီးမွမ်းရန်လည်း စီစဉ်ထားသည်။

“ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်၊ မြန်မာနိုင်ငံသမ္မတရာထူးရရှိခဲ့သည့်အချိန်မှစ၍ တိုင်ပြည်တွင် သမိုင်းတွင်မည့် နိုင်ငံရေးအသွင်ကူးပြောင်းမှုများကို ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ချက်များဖြင့် ရဲရဲဝံ့ဝံ့လုပ်ကိုင်ခဲ့သည်။  ဦးသိန်းစိန် အစိုးရသည် နိုင်ငံရေးအတိုက်အခံအင်အားစုများနှင့်ဆက်ဆံမှုမြှင့်တင်ရေး၊ ဖိနှိပ်ချုပ်ခြယ်သော ဥပဒေများဖြေလျှော့ပေးရေး အစရှိသည်တို့နှင့်ပတ်သက်၍ ပြတ်သားသော လုပ်ကိုင်ဆောင်ရွက်မှုများကိုလုပ်ကိုင်ခဲ့သည်” ဟု ICG ကဆိုသည်။

ယမန်နှစ်က ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အချို့ရှိခဲ့သော်လည်း HRW က ဦးသိန်းစိန်ကို ဂုဏ်ပြုချီးကျူးမည့်ကိစ္စကို သဘောမတူခဲ့ပေ။ ဧပြီလ ၂၃ ရက်နေ့ ရက်စွဲဖြင့်ထွက်ပေါ်လာသော HRW ၏ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်တွင်း ယမန်နှစ်က ရိုဟင်ဂျာမွတ်စလင်များကို ရှင်းလင်းသုတ်သင်ရန် စနစ်တက်စီစဉ်ခဲ့ခြင်းအတွက် ဦးသိန်းစိန်အစိုးရနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကို ပြစ်တင်ရှုတ်ချထားသည်။

“ရိုဟင်ဂျာမွတ်စလင်များနှင့် ကမန်မွတ်စလင်များကို အောက်တိုဘာလက တိုက်ခိုက်ခဲ့မှုများမှာ အစီအစဉ်တကျ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ဒေသခံ ရခိုင်နိုင်ငံရေးပါတီ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနှင့် သာမန်ရခိုင်ပြည်သူ များက ဦးဆောင်ခဲ့သည်။ အဆိုပါလုပ်ရပ်ကို ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ထောက်ပံ့မှုပြုလုပ်ခဲ့သည်။ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးငယ်များမှာ သတ်ဖြတ်ခြင်းခံရသည်။ အချို့မှာမူ မြေမြှုပ်ခံခဲ့ရပြီး ၎င်းတို့၏ ကျေးရွာများနှင့် နေအိမ်များမှာမီးရှို့ဖျက်ဆီးခံလိုက်ရသည်” ဟု HRW အဖွဲ့ကရေးသားသည်။

“ထိုစဉ်က အဖြစ်အပျက်များတွင် မြန်မာနိုင်ငံဗဟိုအစိုးရက မည်သည့်နေရာတွင်ရှိခဲ့သနည်း” ဟု HRW ကမေးခွန်းထုတ်သည်။

“အချို့သော ဖြစ်စဉ်များတွင် ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်မှုများကာကွယ်ရေးအတွက် ကြားဝင်စွက်ဖက်မှုပြုခြင်း၊ ထွက်ပြေးတိမ်းရှောင်ကြသော မွတ်စလင်များကို ကာကွယ်ပေးခြင်းတို့လုပ်ကိုင်ခဲ့သော်လည်း ဖြစ်စဉ် အများစု၌ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်နေမှုကို ဘေးမှစောင့်ကြည့်နေခဲ့သည် သို့မဟုတ် သတ်ဖြတ်မှုများကို တိုက်ရိုက် ကျူးလွန်ခဲ့သည်။ အဆိုပါအကြမ်းဖက်မှုဖြစ်ပွားပြီးချိန်မှစ၍ လအတော်များများတွင် သမ္မတဦးသိန်းစိန်က ထိုသို့ အကြမ်းဖက်မှု ကျူးလွန်သူများဖော်ထုတ်ရေးနှင့် နောက်ထပ်အကြမ်းဖက်မှုများ မဖြစ်ပွားရေးတို့အတွက် အရေးပါသည့် လုပ်ဆောင်ချက်များလုပ်ကိုင်ခဲ့သည်”

အဆိုပါ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာ ၁၂၅၀၀၀ ခန့်နှင့် အခြားသော မြန်မာမွတ်စလင်များ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်။ ရိုဟင်ဂျာများအပေါ် ရန်ငြှိုးဖွဲ့မုန်းတီးမှုမှာ ဗုဒ္ဓဘာသာဝင်များနှင့် ဗမာလူမျိုးအများစုအကြား ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုပင်ဖြစ်သည်။ ရခိုင်ပြည်နယ်တွင်း တင်းမာမှုများကို လျှော့ချနိုင်ရေးအတွက် တရားမဝင်ရိုဟင်ဂျာများကိုဖယ်ထုတ်ခြင်းသည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု သမ္မတဦးသိန်းစိန်က ပြောဆိုထားသည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံသည် နိုင်ငံခြားအစိုးရများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများအပါအဝင် ကမ္ဘာ့အသိုင်းအဝိုင်းနှင့် ဆက်ဆံမှုများ ပုံမှန်ပြန်ဖြစ်လာကာ မြန်မာ၏အောင်မြင်ဆန်းပွင့်လာမှုတွင် အစုရှယ်ယာနှင့် အကျိုးစီးပွားပါဝင်လိုသူများလည်း တိုးပွားလာလျက်ရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ သမ္မတအိုဘားမား မြန်မာသမ္မတ ဦးသိန်းစိန်ကို လျင်လျင်မြန်မြန် အသိအမှတ်ပြုကာ တွေ့ဆုံခဲ့စဉ်က ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့ဖူးသည်။

“တစ်ချိန်က မြန်မာနိုင်ငံကို အထီးကျန်ဖြစ်အောင် အစွမ်းကုန်ကြိုးပမ်းအားထုတ်ခဲ့သည့် အမေရိကန်ပြည်ထောင်စုက အမေရိကန်ဝင်ရောက်စွက်ဖက်မှု သို့မဟုတ် ပြည်တွင်းတော်လှန်ရေးဖြစ်ပေါ်မှုတို့ တစ်စုံတရာမရှိဘဲ မြန်မာနှင့်ဆက်ဆံရေး ပြန်လည်ထူထောင်နေသည်ကိစ္စမှာ လျင်မြန်လွန်းသည့် ကိစ္စမဟုတ်လော” ဟု မေးခွန်းထုတ်ဖြစ်ခဲ့သေးသည်။ ထိုမေးခွန်းအတွက် အဖြေကို မည်သို့မျှစဉ်းစား၍မရနိုင်ပေ။

တစ်ချိန်က ဘေးဖယ်ချောင်ထိုးခံခဲ့ရသည့် မြန်မာခေါင်းဆောင်များအနေဖြင့် ပြန်လည်အသိအမှတ်ပြု လက်ခံခြင်းခံနေရသည်။ အောက်တိုဘာလကဆိုလျှင် အမေရိကန်ပြည်ထောင်စုက ထိုင်းနိုင်ငံနှင့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် Cobra Gold အမည်ရ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ဖိတ်ကြားမည်ဟူ၍ပင် လေသံပစ်လာသည်။

သမ္မတအိုဘားမားအုပ်ချုပ်ရေးအဖွဲ့၏ လုပ်ကိုက်ဆောင်ရွက်မှုများမှာ ရှင်းလင်းလွန်းလှပါသည်။ မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ၏ နိုင်ငံရေးတံခါးဖွင့်ပေးမှုနှင့် ဒီမိုကရေစီသို့ရှေးရှုသော လုပ်ရပ်များ၏  အကျိုးအမြတ်ကို သရုပ်ပြ ပုံဖော်ပေးခြင်းပင်ဖြစ်သည်။ သို့တိုင်အောင် တိုင်းရင်းသားလူမျိုးစုများအကြား တင်းမာမှု၊ အထူးသဖြင့် ရိုဟင်ဂျာ မွတ်စလင်များအပေါ် ဆန့်ကျင်ထိုးနှက်မှုများရှိနေသည်။ ယင်းထိုးနှက်တိုက်ခိုက်မှုများရပ်တန့်သွားအောင်လည်း မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ လုပ်ကိုင်ဆောင်ရွက်ပေးခြင်း သို့မဟုတ် လုပ်ကိုင်လိုခြင်းမရှိကြပေ။

အဆိုပါကိစ္စအတွက် စိုးရိမ်သောကများမှာ ဆက်လက်ကျန်ရှိနေသည်သာပင်ဖြစ်သည်။

မြန်မာအများစုက ရိုဟင်ဂျာများကို ပြည်ပမှဝင်ရောက်လာသူများအဖြစ်ရှုမြင်ကြပြီး ၎င်းတို့ကို  အလုပ်အကိုင် အခွင့်အလမ်းများလည်းမပေးလိုကြပေ။ မြန်မာနိုင်ငံတွင် မျိုးဆက်များစွာနေထိုင်ခဲ့ကြသော ရိုဟင်ဂျာအများစုမှာလည်း နိုင်ငံသားဖြစ်ခွင့်မရရှိကြရာ နိုင်ငံမဲ့ဘဝဖြင့်သာရပ်တည်နေကြရသည်။ ခန့်မှန်းချက်များအရ ရိုဟင်ဂျာလူဦးရေမှာ ၈ သိန်းခန့်ရှိသည်။ အာဆီယံဒေသတွင်းမှအစိုးရများကလည်း မြန်မာနိုင်ငံတွင် အခြေအနေများ ဆက်လက်ဆိုးရွားနေမည် ဆိုပါက လှေဖြင့်ထွက်ပြေးလာသော ရိုဟင်ဂျာများကို လက်သင့်ခံရန်ကြိုးပမ်းလျက်ရှိသည်။


 

ဧပြီ ၂၉ ဘန်ကောက်တွင် ကျင်းပမည့် ESCAP အစည်းအဝေးသို့ ဦးသိန်းစိန် တက်ရောက်ရန်ရှိ

(The Nation မှ 24 April 2013 ရက်စွဲပါ Thein Sein expected BKK on April 29 သတင်းကို ဘာသာပြန်ဆိုသည်)

ဧပြီ ၂၉ ရက် ဘန်ကောက်တွင်ကုလသမဂက ကြီးမှူးကျင်းပမည့် ဒေသတွင်းဖွံ့ဖြိုးရေးမူဝါဒ ဖိုရမ်သို့ မြန်မာသမ္မတ ဦးသိန်းစိန် တက်ရောက်မည်ဟု မျှော်လင့်ရသည်။

တစ်ပတ်ကြာမည့် ဖိုရမ်တွင် စီးပွားရေး ဂယက်ရိုက်မှုနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ကြီးထွားလာသော ခြိမ်းခြောက်မှုများမှ ပြန်လည်ထူမတ်နိုင်မည့် သန်စွမ်းမှုကို တည်ဆောက်ရန်နှင့် အားလုံးပါဝင်ရေး၊ စဉ်ဆက်မပြတ် ဖြစ်ပေါ်ရေးတွင် ရရှိနေသော တိုးတက်မှုကို အရှိန်မြှင့်ရန်နည်းလမ်းများကို ဦးစားပေး ဆွေးနွေးကြမည်ဖြစ်သည်။

ဧပြီ ၂၉ မှ မေ ၁ အထိ အစိုးရအကြီးအကဲများနှင့် အကြီးတန်းဝန်ကြီးများ တက်ရောက်ကြမည့် ထိပ်တန်းအဆင့် ဆွေးနွေးပွဲမတိုင်မီတွင် ၄၁ နိုင်ငံမှ အစိုးရအကြီးတန်းတာဝန်ရှိသူများ တက်ရောက်ကြမည့် ၆၉ ကြိမ်မြောက် ကုလသမဂ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အာရှ ပစိဖိတ် ဖိုရမ်း ESCAP ကို ဧပြီ ၂၅ မှ ၂၇ အထိ ကျင်းပမည်ဖြစ်သည်။

အာရှပစိဖိတ် ကြီးထွားမှုကို သက်ရောက်ဖြစ်ပေါ်စေသော ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စီးပွားရေးမရေရာတုန့်နှေးမှု ကျန်ရှိနေမှု၊ အများစု ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှုနှင့် လူများစုအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုအကာအကွယ်နည်းပါးမှုတို့ကို တိုက်ဖျက်ရန်အတွက် ESCAP ကို ကျင်းပခြင်းဖြစ်သည်။

၂၀၁၅ တွင်ပြီးစီးမည့် ကုလသမဂ ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက်များနှင့် ပတ်သက်၍ ဒေသတွင်းတိုးတက်မှုများ၊ ၂၀၁၅ သတ်မှတ်ရက်အလွန် ရင်ဆိုင်ရမည့် အရေးကြီးသော စိန်ခေါ်မှုများကို ဆွေးနွေးကြမည့် ဧပြီ ၂၉ ရက်ထိပ်တန်းအဆင့် ဆွေးနွေးပွဲသို့ အာရှ ပစိဖိတ်ဒေသအစိုးရခေါင်းဆောင်များ၊ မူဝါဒချမှတ်သူများ တက်ရောက်ကြမည်ဖြစ်သည်။

ဝန်ကြီးအဆင့်ဆွေးနွေးပွဲ ဒုတိယနေ့တွင နယ်မြေအဆင့်၊ နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်အလိုက် ဖွံဖြိုးရေး မဟာဗျူဟာများနှင့် ပြန်လည်ထူထောင်နိုင်စွမ်းတို့ကို လုပ်ဆောင်နိုင်မည့်နည်းလမ်းများအား ဆွေးနွေးကြမည်ဖြစ်သည်။

ဧပြီ ၃၀ တွင် ကျင်းပမည့် နောက်ထပ် ထိပ်ပိုင်းအဆင့် အစည်းအဝေးတွင်မူ လက်ရှိကမ္ဘာ့စီးပွားရေးအကျပ် အတည်းကြား ရှင်သန်ဖွံ့ဖြိုးစေမည့် ဒေသတွင်း တိုးတက်မှုကို အကဲဖြတ်ကြမည်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသော အန္တရာယ်ပြဿနာများကို ဖြေရှင်းရန် မူဝါဒရွေးချယ်စရာများကို အကြံပြုဆွေးနွေးကြမည်ဟု သိရှိရသည်။

ESCAP အစည်းအဝေး နောက်ဆုံးနေ့ အထူးဆွေးနွေးပွဲတွင် ESCAP အပါအဝင် ကမ္ဘာတစ်လွှား ကုလသမဂ ဒေသန္တရဆိုင်ရာ ကော်မရှင် ၅ ခု အကြီးအကဲများ တက်ရောက်ကြမည်ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပြည်သူများနှင့် စီးပွားရေးတပြေးညီဖွံ့ဖြိုးမှုအတွက် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ဘဏ္ဍာရေးနယ်ပယ်များတွင် မည်သို့ပူးပေါင်း ဆောင်ရွက်ကြမည်ကို ဆွေးနွေးကြမည်ဖြစ်သည်။

၎င်းထိပ်ပိုင်းအစည်းအဝေးသို့ တက်ရောက်မည့်သမ္မတဦးသိန်းစိန်သည် ဘန်ကောက်မြို့တွင် ဝန်ကြီးချုပ်ယင်းလတ်နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်ဟု သိရှိရသည်။


မြန်မာနိုင်ငံမြောက်ဖျားကယ်ဆယ်ရေးပစ္စည်းဖြန့်ရာတွင် အခက်အခဲရှိ

(UPI မှ 24 April 2013 ရက်စွဲပါ Aid tough to come by in Myanmar သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများသို့ ကယ်ဆယ်ရေးအကူအညီများ ဖြန့်ဖြူးရာတွင် ဆိုးဆိုးဝါးဝါး တင်းကြပ်မှုများရှိနေကြောင်း ကယ်ဆယ်ရေးစီမံချက် တာဝန်ရှိသူ များက ပြောကြားသည်။

ကချင်လက်နက်ကိုင်တပ်များ ထိန်းချုပ်ထားသော ဧရိယာတွင် လူသားချင်းစာနာမှုအကူအညီများ ဖြန့်ဖြူးရာ၌ တင်းကြပ်သောထိန်းချုပ်မှုများ ရှိနေပြီး ကချင်တပ်ဖွဲ့များက ကယ်ဆယ်ရေးလုပ်သားများအား နယ်မြေအတွင်း ခရီးသွားရန် အပြည့်အဝ ခွင့်ပြုခြင်းမရှိဟု မြန်မာနိုင်ငံမှ ကုလသမဂ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက ပြောကြားသည်။

“အခုလောလောဆယ် သူတို့ခွင့်ပြုတဲ့နေရာတွေကိုပဲ ကျွန်တော်တို့သွားလို့ ရပါတယ်”ဟု ၎င်းက ထိုင်းအခြေစိုက်သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကချင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးအကူအညီများ ဖြန့်ဖြူးမှုများ လွယ်ကူချောမွေ့စေရန် မြန်မာအစိုးရက ယခုနှစ်အစောပိုင်းတွင် သဘောတူခဲ့ပြီးဖြစ်သည်။ နယ်မြေတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပေါ်ထွက်လာသည်နှင့် တပြိုင်နက် ကယ်ဆယ်ရေးလုပ်ငန်း တိုးတက်လာလိမ့်မည်ဟု ကယ်ဆယ်ရေးလုပ်သားများနှင့် ကချင်လက်နက်ကိုင်များက ပြောကြားကြပါသည်။

မကြာသေးမီ ရက်ပိုင်းကပင် သမ္မတဦးသိန်းစိန်သည် ၂၀၁၀ ရွေးကောက်ပွဲအပြီး စတင်ခဲ့သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက် International Crisis Group ကပေးအပ်သော ဆုကို လက်ခံရရှိခဲ့သည်။ ဥရောပသမဂကလည်း မြန်မာနိုင်ငံ၏ ထင်သာမြင်သာပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုတုန်းပြန်သည့်အနေဖြင့် အရေးယူပိတ်ဆို့မှုများကို ရုတ်သိမ်းပေးလိုက်ပြီဖြစ်သည်။

သို့သော်လည်း နိုင်ငံတွင်း မူဆလင်နှင့် ဗုဒဘာသာဝင်များအကြား အကြမ်းဖက်ဘာသာရေး အဓိကရုဏ်းဖြစ်ပွားမှုကြောင့် အခြေအနေဆိုးသော ဒေသများတွင် သမ္မတက မာရှယ်လောထုတ်ပြန်ကာ တည်ငြိမ်အောင် ထိန်းသိမ်းနေရသည်။ မနှစ်ကလည်း နိုင်ငံအနောက်ပိုင်း ရခိုင်ဒေသများတွင် အဓိကရုဏ်းများ ဆိုးဆိုးဝါးဝါး ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

ထိုသို့ အကောင်းဘက်သို့ ပြုပြင်ပြောင်းလဲလာသော်ငြားလည်း အပြစ်အနာအဆာများ တစ်ပုံတပင်ရှိနေသေးသည့် မြန်မာနိုင်ငံအပေါ် တုန့်ပြန်ချီးမြှောက်မှုများ ပြုလုပ်ခဲ့သော အီးယူနှင့် ICG တို့မှာ လူ့အခွင့်အရေးအုပ်စုများ၏ ပြစ်တင်ဝေဖန်ခြင်းကို ခံနေရသည်။

အရေးယူပိတ်ဆို့များ ရုတ်သိမ်းခြင်းသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့သော ဖိအားကို ပျက်ပြယ်သွားစေသည်ဟု လူ့အခွင့်အရေးအုပ်စုများက ထောက်ပြပြောကြားကြသည်။

ရန်ကုန်မြို့မှ အကဲခတ်များကမူ မြန်မာအာဏာပိုင်များအတွက် မုန်လာဥနှင့် ကြိမ်လုံးနှစ်မျိုးလုံး လိုအပ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်၏ မူလအကြောင်းရင်းခံမှာ ထွက်ပေါက်ပိတ်လမ်းဆုံးတော့မည့် အာဏာရှင်အတွက် ဂယ်ပေါက်ဖွင့်ထားခြင်းသာဖြစ်ကြောင်း၊ မုန်လာဥချည်း ဆက်တိုက်ရနေပါက မူလကတည်းက နှေးကွေးနေသော ပြောင်းလဲရေးလုပ်ငန်းစဉ် ပိုနှေးသွားနိုင်ကြောင်း၊ သို့ပါ၍ ကြိမ်လုံးကိုလည်း လိုအပ်ပါကြောင်း သုံးသပ်ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment