Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. မုန်တိုင်းရှောင်ရန် ငြင်းဆန်သူများကို အရေးယူမည်
  2. နိုင်ငံတော်သမ္မတ၏ ဝါရှင်တန်ခရီးစဉ်တွင် စီးပွားရေးအကျိုးအမြတ်များ ရနိုင်ဖွယ်ရှိ
  3. (KSPP)၏ ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ  ပါတီသစ် တည်ထောင်မည်
  4. အထူးပြောင်းလဲရေးဇုန် တည်ထောင်မည်

မုန်တိုင်းရှောင်ရန် ငြင်းဆန်သူများကို အရေးယူမည်

သဘာဝ ဘေးအန္တရာယ် ကျရောက်နိုင်သော ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား ဘေးလွှတ်ရာသို့ ရွေ့ပြောင်းပေး ရာတွင်ပြောင်းရွေ့ရန် ငြင်းဆန်သူများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း မေလ ၁၅ ရက်နေ့တွင် Myanmar Peace Center ၌ပြုလုပ်ကျင်းပခဲ့သော မုန်တိုင်းအကြို ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ် သင့်နိုင်သည့်ဒေသများမှ ဘင်္ဂါလီဒုက္ခသည်များအား ပြောင်းရွေ့ရာတွင် အချို့သောဒုက္ခသည်များမှာ ပြောင်းရွေ့ရန် ငြင်းဆန်လျက်ရှိသည့်အတွက် ထိုသို့ ငြင်းဆန်သူများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

အဆိုပါ ဒုက္ခသည်များအနေဖြင့် ထိုသို့ပြောင်းရွှေ့ပေးရန် ငြင်းဆန်ရခြင်းမှာ ဝေးလံခေါင်သီသော ဒေသများသို့ ရွေ့ပြောင်း ရမည်ဟုထင်မှတ်ခြင်း၊ မူလနေရပ်သို့ ပြန်လည်မရောက်မည်ကို စိုးရိမ်ခြင်း စသည့်အချက်များကြောင့် ဖြစ်ကြောင်း ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့မှ အစ္စလာမ်ဘာသာအကြီးအကဲတစ်ဦးဖြစ်သူ ဦးအေးလွင်က ပြောကြားခဲ့သည်။

သို့သော်လည်း ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မုန်တိုင်းဒဏ်ခံရနိုင်သော ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို လုံခြုံစိတ်ချသောနေရာသို့ ပြောင်းရွေ့မည့်အစီစဉ်အား ဘင်္ဂါလီဒုက္ခသည်အချို့မှငြင်းဆန်ခဲ့သော နောက်ကွယ်တွင်ရန်ကုန်မြို့ အခြေစိုက် ကြိုးကိုင်လှုံဆော်နေသောသူများ ရှိနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလီသိန်းက ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတအနေဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွေ့ရမည့် ဒုက္ခသည်များနှင့်ပတ်သတ်၍ ဒုက္ခသည်များ၏ လုံခြုံရေးအားအပြည့်အဝ တာဝန်ယူခြင်း၊ စာသင်ကျောင်းများတွင် နေရာချထားခြင်းနှင့် မုန်တိုင်းကာလကျော်လွန်ပါက နေရပ် သို့ ပြန်လည်ပို့ဆောင်ပေးခြင်း စသည့်အာမခံချက်သုံးချက်ကို ပေးသွားမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

နောက်ဆုံးသုံးသပ်ချက်များအရ ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မေလ ၁၆ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီမှစ၍ တစ်နာရီလျှင် လေတိုက်နှုန်းမိုင် ၆၀-၇၀ ခန့်ဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်းမြို့အားဗဟိုပြု၍ စစ်တွေမြို့ မြောက်ဘက် ပိုင်းမှ ဖြတ်သန်းသွားမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင်များက ၁၅ ရက်နေ့ ညနေ ၇ နာရီတွင် ပြောကြားထားခဲ့ပြီး လက်ရှိအချိန်တွင် အဆိုပါမုန်တိုင်းမှာ လေကြောင်းပြောင်းလဲ၍ ဘင်္ဂလားဒေ့ရှ်တောင်ဘက် ကမ်းခြေ Barisal Division – Barisal မြို့တောင်ဘက် ၆၂ မိုင်ခန့်အကွာအား ဖြတ်ကျော်၍ ကုန်တွင်းသို့ဝင်ရောက်ကာ ကုန်တွင်းမုန်တိုင်အဖြစ် ဆက်လက် တည်ရှိနေပြီး မကြာမီလေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ရောက်ရှိကာ အားပျော့ပျက်ပြယ်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

YC


နိုင်ငံတော်သမ္မတ၏ ဝါရှင်တန်ခရီးစဉ်တွင် စီးပွားရေးအကျိုးအမြတ်များ ရနိုင်ဖွယ်ရှိ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မကြာမီကာလအတွင်း အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်သို့ အလုပ် သဘောခရီးစဉ်ဖြင့် သွားရောက်မည်ဖြစ်ရာ အဆိုပါခရီးစဉ်သည် မြန်မာနိုင်ငံအတွက် စီးပွားရေးအကျိုးအမြတ် များစွာရရှိလာ နိုင်ဖွယ်ရှိကြောင်း ပြည်တွင်းပြည်ပ စီးပွားရေးကျွမ်းကျင်သူများက သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခေါင်းဆောင်တစ်ဦးအနေဖြင့်  ပြည်ပနိုင်ငံများသို့ သွားရောက်ခြင်းသည် နှစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် အပြန်အလှန်ယုံကြည် နားလည်မှု တိုးတက်လာစေနိုင်ပြီး ယခု နိုင်ငံတော်သမ္မတ၏ အမေရိကန်ပြည်ထောင်စုခရီးစဉ်သည် မြန်မာနိုင်ငံအတွက် စီးပွားရေးဆိုင်ရာအခွင့်အလမ်းများ ရရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်အဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက်က သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့သည် လာမည့် မေလ ၂၀ ရက်နေ့တွင် အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သမ္မတနှစ်ဦး တွေ့ဆုံဆွေးနွေးရာတွင်  မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ လက်ရှိတိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခဖြစ်စဉ် များနှင့်ပတ်သက်၍ ဆွေးနွေးသွားဖွယ်ရှိကြောင်း Asia Society ဒုတိယဥက္ကဋ္ဌ ဆူဇန်နီ ဒီမက်ဂီယိုက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ကိစ္စရပ်များကို အိမ်ဖြူတော်၌ပြုလုပ်မည့် ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေးဖွယ်ရှိနေပြီး သမ္မတဦးသိန်းစိန် အနေဖြင့်လည်း အမေရိကန် ပြည်ထောင်စုမှ စီးပွားရေးလုပ်ငန်းရှင်များ ကို မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန် ဖိတ်ခေါ်သွားဖွယ်ရှိကြောင်း ၎င်းက သုံးသပ်ပြောကြားခဲ့သည်။

သိသာထင်ရှားသော ရလဒ်အနေဖြင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံသဘောတူညီချက် တစ်ရပ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး နယ်ပယ်များတွင် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးဖွယ်ရှိကြောင်း ၎င်းက ခန့်မှန်းထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ပြည်ထောင်စုသို့သွားရောက်မည့် ခရီးစဉ်အတွင်း မေလ ၂၀ ရက်နေ့၌ ဝါရှင်တန်မြို့တော်ရှိ ဂျွန်ဟော့ကင်းတက္ကသိုလ်နှင့် အမေရိကန်ကုန်သည်ကြီးများ အသင်းရုံးတို့တွင် မိန့်ခွန်းပြောကြားမည်ဖြစ် ကြောင်း နှစ်ဖက်အဖွဲ့အစည်းများ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက်အရ ဝါရှင်တန်ခရီးစဉ် ကို သွားရောက်ရန်စီစဉ်ရခြင်းဖြစ်ပြီး ၁၉၉၆ ခုနှစ်နောက်ပိုင်း ၄၇ နှစ်ကြာကာလအတွင်း မြန်မာခေါင်းဆောင်တစ်ဦး၏ ပထမဆုံးတရားဝင် အမေရိကန်ခရီးစဉ်ဖြစ်ကာ ခရီးစဉ်နေ့ရက် အတိအကျကို နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း သိရှိရသည်။

YC


(KSPP)၏ ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ  ပါတီသစ် တည်ထောင်မည်

ကချင်ပြည်နယ် တိုးတက်ရေးပါတီ(KSPP)၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သူ  ဒေါက်တာတူးဂျာသည် ပါတီသစ်ဖွဲ့စည်း တည်ထောင်ကာ နိုင်ငံရေးဆောင်ရွက်မှုများက ဦးဆောင်၍  ပြုလုပ်သွားမည့်ဖြစ်ကြောင်း  သိရှိရသည်။ ဒေါက်တာတူးဂျာသည် ပြီးခဲ့သည့် ၂၀၁၂ ခုနစ် ဧပြီလ(၁)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော လွှတ်တော်တွင်းလစ်လပ်နေရာ ပြန်လည်ဖြည့်တင်းသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အနေဖြင့် မိုးကောင်းမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားခဲ့ သော်လည်း မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ်နှင့်ဗန်းမော်မြို့နယ်တို့တွင် နယ်မြေမတည်ငြိမ်မှုများကိုအကြောင်းပြု၍ အဆိုပါ မဲဆန္ဒနယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပခွင့် ပိတ်ပင်ခဲ့သည့်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရရှိခဲ့ကြောင်း သိရ သည်။ ထို့ကြောင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ယခုကဲ့သို့ ပါတီသစ်ထူထောင်ရခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာတူးဂျာမှ ပါတီသစ် ထူထောင်ရာတွင် နိုင်ငံရေးစိတ်ပါဝင်စားသူများ အားလုံးနှင့်အတူ မြန်မာ့ဒီမိုကရေစီ စံနှုန်းပြည့်ဝစွာဖြင့် တိုင်းရင်းသားလူမျိုးအသီးသီးဖြင့် ပါဝင်ဖွဲ့စည်း တည်ထောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တပ်မတော်အစိုးရမှ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ တွင် ဒေါက်တာတူးဂျာဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် ကချင်ပြည်နယ် တိုးတက်ရေးပါတီ(KSPP)ပါတီအား KIO နှင့် အဆက်အသွယ်ရှိသည်ပာု စွပ်စွဲ၍ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့်အား ပိတ်ပင်ခဲ့သည့်အပြင် KSPP ပါတီမှတစ်သီး ပုဂ္ဂလကကိုယ်စားလှယ်များကိုလည်း ရွေးကောက်ပွဲကော်မရှင်မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုခဲ့ကြောင်း သိရသည်။

ဒေါက်တာတူးဂျာသည် ကချင်လွတ်မြောက်ရေး တပ်မတော်(KIO)မှ နှုတ်ထွက်၍ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP)ကို ဦးဆောင်ဖွဲ့စည်းခဲ့သူ တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ပိုင်းတွင် လက်ရှိလွှတ်တော်တွင်း အင်အားအကြီးဆုံး ပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ဝင်ရန် လျှောက်လွှာတင်သွင်းခဲ့ကြောင်း သိရသည်။

 YC


အထူးပြောင်းလဲရေးဇုန် တည်ထောင်မည်

မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့တွင် အထူးစီးပွားရေးဇုန် ကဲ့သို့သော သီးခြား ဖော်ဆောင်နိုင်သည့် အရပ်ဘက် အဖွဲ့အစည်းများ၊ ရွေးကောက် တင်မြှောက်ခြင်းခံရသော ကိုယ်စားလှယ်များနှင့် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များပါဝင်သော အထူးပြောင်းလဲရေးဇုန် Special Reform Zone ကိုဖွဲ့စည်းပြီး အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း MDRI(Myanmar Development Research Insitute)အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ အထူးပြောင်းလဲရေးဇုန် SRZ         ဖွဲ့စည်းရေးအဆိုပြုချက်ကို နိုင်ငံတော်သမ္မတရုံးမှ ခွင့်ပြုထားပြီး သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးရုံးနှင့် ဝန်ကြီးဌာနများသို့ ထပ်မံတင်ပြကာ အတည်ပြုချက် ရယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း MDRI   အဖွဲ့မှအကြီးအကဲ တစ်ဦးဖြစ်သူ ဦးတင်မောင်သန်းက ပြောကြားခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်များကို စီးပွားရေးနဲ့အဓိက ဆက်စပ်နေတဲ့မြို့နယ်များ အထူးသဖြင့် ရှမ်းပြည်နယ်ရှိ အင်းလေး ဒေသကဲ့သို့သော မြို့နယ်များကိုရွေးချယ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အရပ်ဘက်လူမှု အဖွဲ့အစည်း(NGO)များ အားကောင်းသည့်ဒေသများနှင့် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်မည့် နေရာများ၊ ဒေသန္တရ အုပ်ချုပ်ရေးကို ဖွံဖြိုးစေသော နေရာများတွင် အဓိကဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သက်ဆိုင်ရာမြို့နယ်များအလိုက် လုပ်ကိုင်ရာတွင်လည်း ဗဟိုမှချုပ်ကိုင်မှုစနစ်ပပျောက်နိုင်စေရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Special Reform  Zone(အထူးပြောင်းလဲရေးဇုန်) ဖော်ဆောင်မည့်အစီအစဉ်ကို နိုင်ငံတကာမှအလှူရှင်များ ၏ အကူအညီများ ရယူ၍  ရန်ပုံငွေတစ်ရပ် တည်ထောင်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်ဖြစ်ကြောင်း သိရှိရ သည်။

လက်ရှိ မြန်မာနိုင်ငံအစိုးရသစ်မှ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များလုပ်ဆောင်ရာတွင် သမ္မတအပါအဝင် အစိုးရ အကြီးအကဲများကြားတွင်သာ ပြောင်းလဲလျက်ရှိပြီး အောက်ခြေပိုင်းတွင် ပြောင်းလဲမှုများရှိရန် လိုအပ်နေသေးသည့်အတွက် ယခုကဲ့သို့ အထူးပြောင်းလဲရေးဇုန်(SRZ)များ ဖွဲ့စည်းရန်ရခြင်းဖြစ်ကြောင်း သိရသည်။

YC


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment