Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“မေလမကုန်ခင် ထပ်တွေ့ဖို့တော့ ရှိတယ်။ ဘယ်နေ့တွေ့မလဲဆိုတာတော့ မသေချာသေးပါဘူး။ အရင်တစ်ခါ တုန်းကတော့ လေ့လာသူ ကိစ္စအဆင်မပြေလို့ ပျက်သွားပေမယ့် ဒီတစ်ခါတော့ အားလုံးတက်နိုင်အောင် စီစဉ်နေပါတယ်။ ကေအိုင်အို ဘက်ကလည်း ဒီကိစ္စကို သေချာဆောင်ရွက်နေတယ်လို့ သိရပါတယ်။”

မေလ (၁၇) ရက်နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ် အတွဲ (၃၂) အမှတ် (၆၂၁) တွင်ပါရှိသော “ကေအိုင်အိုနှင့် ဆွေးနွေးပွဲ မေလ နောက်ဆုံးပတ်၌ပြန်စတင်မည်” သတင်းမှ ကချင်ပြည်နယ် မြစ်ကြီးနားရှိငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွန်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 

“ကျွန်တော်တို့ကတော့ ဖွဲ့တုန်းကလည်းပြောပါတယ်။ လွတ်လပ်တဲ့ အမှီအခိုကင်းတဲ့ကော်မရှင် တစ်ခုဖြစ်ဖို့ လိုတယ်။ သမ္မတရုံးကဖွဲ့တာနဲ့စာရင် သမ္မတရုံးရဲ့အုပ်ချုပ်မှုအောက်မှာ မဟုတ်ဘဲနဲ့ပေါ့။ မြန်မာတစ်နိုင်ငံလုံးနဲ့ ပတ်သက်တာမျိုး ဖြစ်ဖို့လိုမယ်။ အဲ့ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ကနေ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်လိုဟာမျိုးကို ကျယ်ကျယ်ပြန့်ပြန့်ခွင့်ပေးနိုင်ရင် ကောင်းမယ်ဆိုတာမျိုးလေးကတော့ လွှတ်တော်အမတ်အသီးသီးက ပြောဆိုခဲ့ကြဖူးတာ ရှိပါတယ်။ တကယ်လို့များ လွှတ်တော်ထဲမှာ ဆွေးနွေးဖြစ်ခဲ့ တယ်ဆိုရင်လည်း အဲဒီသဘောပေါ့နော်။ လွတ်လွတ်လပ်လပ် တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ကောမရှင်တစ်ခု ရှိသင့်တယ်၊ ရှိတယ်ဆိုတဲ့မူပေါ့နော်။ မည်သည့်အစိုးရ အဖွဲ့ရဲ့အောက်မှာမှမရှိဘဲနဲ့လေ။ ဘာဖြစ်လို့လည်းဆိုတော့ အစိုးရအဖွဲ့က လူ့အခွင့်အရေး ချိုးဖောက်တာရှိရင်လည်း ဝေဖန်ပြရမှာကိုး၊ အများယုံကြည်တဲ့ ပုဂ္ဂိုလ်တွေပါနိုင်ရင်တော့ ကောင်းတာပေါ့။ နိုင်ငံတကာမူကလည်း ရှိဖို့လိုအပ်တယ်လို့ သုံးသပ်ပါတယ်။”

မေလ ၁၇ ရက်နေ့ထုတ် First Weekly Journal အတွဲ (၂) အမှတ် (၇၉) တွင်ပါရှိသော “လူ့အခွင့်အရေး ကော်မရှင်ဆိုင်ရာ ဥပဒေမူကြမ်းကိုရေးဆွဲပြီး ပြည်သူ့လွှတ်တော်ကို တင်သွင်းတော့မယ်ဆိုတဲ့အပေါ် ပြည်သူလူထု အခွင့်အရေးကို ကာကွယ်မယ့်ဥပဒေဟာ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိအောင်၊ ဝေဖန်ထောက်ပြနိုင်အောင် လမ်းဖွင့်ပေးသင့်တယ်လို့ဆို” သတင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာစစ်တပ်အနေနဲ့ ခေတ်မီလက်နက်တွေ ပိုရှိလာဖို့လိုတယ်။ ကာကွယ်ရေးအသုံးစရိတ်ကို ပိုသုံးရတာ တိုင်းပြည် ကာကွယ်ဖို့ပါ။ ဘယ်နိုင်ငံက ဝယ်မယ်ဆိုတောတော့ ညှိနှိုင်းနေတုန်းပဲဥရောပနိုင်ငံတစ်နိုင်ငံတည်းက ဖြစ်မှာပါ။”

မေလ ၁၆ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ဥရောပနိုင်ငံများမှ ခေတ်မီ လက်နက်များကို ဝယ်ယူရန် မြန်မာ့တပ်မတော် စီစဉ်နေဟုဆို” သတင်းမှ နေပြည်တော်စစ်တိုင်းရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တကယ် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်အဖြစ် ရပ်တည်တော့မယ်ဆိုရင် သူတို့အကျိုးစီးပွားဟာ တခြား ပြည်နယ်ရဲ့ အကျိုးစီးပွားကို မထိခိုက်ရဘူး။ နောက်တစ်ခုက တစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားကို မထိခိုက်ရဘူး။ ဆိုလိုတာကသူတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ တစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားကို မထိခိုက်ရဘူး။ ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့်တောင်းတော့မယ်ဆိုရင်တော့ ကျွန်တော်တို့စဉ်းစားရမှာက ရှမ်းကိုလည်း စဉ်းစားရမယ်။ တစ်ချိန် တည်းမှာပဲ Geopolitics ကိုလည်း စဉ်းစားရမှာပေါ့။”

မေလ ၁၈ ရက်နေ့ထုတ် Trade Time Journal အတွဲ (၂) အမှတ် (၅၇) တွင်ပါရှိသော “ ‘ဝ’ ပြည်နယ်အရေးကို အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံ၍သာ စဉ်းစားဆုံးဖြတ်သင့်ကြ” သတင်းမှ မွန်ဒီမိုကရေစီပါတီမှ ဗဟိုအလုပ်အမှုဆောင် မင်းနှောင်းထော၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အမေရိကန်က ကမ္ဘာပေါ်မှာ ဦးဆောင်နိုင်ငံကြီးတစ်ခုဖြစ်ပါတယ်။ အမေရိကန်လှုပ်ရင်အားလုံး လိုက်လှုပ်တာပါပဲ။ ပိတ်ဆို့မှုကိစ္စတွေမှာဆိုရင်လည်း အမေရိကန်ကတစ်ခုခုလုပ်တာနဲ့ အခြားနိုင်ငံတွေကလည်းထိုနည်းတူ လိုက်လုပ်ကြတာပဲ။ ဒါ့ကြောင့် အမေရိကန်နဲ့ထိတွေ့ဆက်ဆံမှုတွေအများကြီးရှိလာဖို့လိုတယ်။ အထူးသဖြင့် ခေါင်းဆောင်ချင်း ညှိနှိုင်းဆွေးနွေးမှု တွေက နိုင်ငံအတွက် ကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေမှာပါ။”

မေလ ၁၈ ရက်နေ့ထုတ် Trade Time Journal အတွဲ (၂) အမှတ် (၅၇) တွင်ပါရှိသော “နိုင်ငံတော်သမ္မတ၏ ဝါရှင်တန်ခရီးစဉ်တွင် မြန်မာနိုင်ငံအတွက် စီးပွားရေးအကျိုးအမြတ်များစွာ ရလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်ရ” သတင်းမှ နိုင်ငံတော်သမ္မတ အကြံပေးတစ်ဦး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 သတင်းတိုများ

မြန်မာ့တပ်မတော်သည် ဥရောပနိုင်ငံများမှ ခေတ်မီလက်နက်များ ဝယ်ရန်ရှိ

မြန်မာ့တပ်မတော် အနေဖြင့် ခေတ်မီလက်နက်များကို ဥရောပနိုင်ငံများမှ ယခုနှစ် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ဝယ်ယူသွားရန် စီစဉ်လျက် ရှိကြောင်း နေပြည်တော်ရှိ စစ်တိုင်းရုံးမှသတင်းရရှိသည်။မကြာသေးမီက

ကျင်းပပြီးစီးခဲ့သော အမေရိကန် ဦးဆောင်သည့် မြွေဟောက် စစ်ဆင်ရေးကို မြန်မာ့တပ်မတော်မှ လေ့လာစောင့်ကြည်သူ အဖြစ်ပါဝင်ခဲ့ပြီး ယခုအခါ တပ်မတော် အနေဖြင့် အမေရိကန်နိုင်ငံနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်ရန်ရှိကြောင်း သိရသည်။

MYU မှ ဥပဒေနှင့် စီမံခန့်ခွဲမှုသင်တန်းဖွင့်မည်

မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး (Myanmar Youth Union) မှ မြန်မာနိုင်ငံ၏ လူငယ်များအတွက် ဥပဒေနှင့် စီမံခန့်ခွဲမှု သင်တန်းများ ဖွင့်လှစ်သင်ကြားသွားရန်ရှိ ကြောင်း MYU ဥက္ကဌ ကိုဇွဲရန်နိုင်ထံမှ သိရသည်။ သင်တန်းကို မေလ ၁၈ ရက်နေ့တွင် စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာလူငယ်များ အစည်းအရုံးကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အဖွဲ့ဝင်ပေါင်း ၄၀၀ ခန့်ရှိကြောင်း သိရသည်။

မြန်မာမှထုတ်ယူမည့် ရေနံတစ်တန်လျှင် အမေရိကန်တစ်ဒေါ်လာနှုန်းသာ တရုတ်အခွန်ပေးဆောင်မည်

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းမှ ထွက်ရှိသော ရေနံကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် မြန်မာနိုင်ငံကို တရုတ်နိုင်ငံမှရေနံတစ်တန်လျှင် တစ်ဒေါ်လာ အခွန်ပေးဆောင်ရမည်ဖြစ်ပြီး နယ်နိမိတ် ဖြတ်သန်းခအနေဖြင့် တစ်နှစ်လျှင် ၁၃.၈ သန်းရရှိမည် ဖြစ်ကြောင်းဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်း လက်ကမ်းစာဆောင်တွင် ဖော်ပြထားချက်မှ သိရှိရသည်။ အဆိုပါ စီမံကိန်းသည် နှစ် ၃၀ ကြာ အကျိုးအမြတ်ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ တစ်နှစ်လျှင် ရေနံတန်ချိန်ပေါင်း ၂၂ သန်း ပို့လွှတ်ရာတွင် မြန်မာနိုင်ငံအတွက် တစ်နှစ်လျှင်ရေနံတန်ချိန် ၂ သန်းသာရရှိမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ တိုးချဲ့အဆင့်မြှင့်တင်မည်

မြန်မာနိုင်ငံတွင် ဖုန်းသိပ်သည်းဆကို ၂ဝ၁၅ ခုနှစ်တွင် ၅ဝ ရာခိုင်နှုန်းရရှိ ရန်မျှော်မှန်းထားသည့်အတွက် ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့်လည်း နှစ်နှစ်ခွဲ အတွင်း မျှော်မှန်းထားသည့် ဖုန်းသိပ်သည်းဆရရှိအောင် အကောင်အထည်ဖော်သွားရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဒုတိယဝန်ကြီး ဦးသောင်းတင်၏ ပြောဆိုချက်မှ သတင်းရရှိသည်။ ဆက်သွယ်ရေးလုပ်ငန်း ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီများအနေနှင့်လည်း အရည်အသွေး သတ်မှတ်ချက် ချို့ယွင်းပါက ဒဏ်တပ်မည် ဖြစ်ကြောင်းလည်းသိရသည်။

ဖုန်းသိပ်သည်းဆ မြှင့်တင့်ရာတွင် မိုဘိုင်းဖုန်းနှင့် ကြိုး ဖုန်းနှစ်မျိုးစလုံး တိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ၂ဝ၁၃ မှ ၂ဝ၁၆ ခုနှစ်အထိ ဖုန်းလိုင်း ၃၉ သန်းခွဲ ကို ရောင်းချသွားရန်စီစဉ်ထားကြောင်း ၄င်းက ထပ်လောင်း ပြော သည်။လက်ရှိ တွင် မြန်မာနိုင်ငံ၏ တယ်လီဖုန်းသိပ်သည်းဆမှာ ခုနှစ်ရာခိုင်နှုန်းသာရှိပြီး ယင်းအနက် အော်တိုတယ်လီဖုန်း သိပ်သည်းဆမှာ ၁ဝဝ ရာခိုင်နှုန်းကျော် ရှိသည်။

ဇွန်လဆန်းပိုင်းတွင် အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် KIO/KIA တို့တွေ့ဆုံဆွေးနွေးမည်

လာမည့် ဇွန်လဆန်းပိုင်းတွင် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIO/KIA)မှ တာဝန်ရှိသူများ မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၉ ရက်နေ့တွင် နှစ်ဖက်တွေ့ဆုံမှုရက် ရွှေ့ဆိုင်းရခြင်းမှာ တရုတ်နိုင်ငံ၏ ကန့်ကွက်မှုများကြောင့် ဖြစ်ကြောင်း ကချင်လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

တိုင်းပြည်အမှန်တကယ် တိုးတက်မည်ဆိုပါက အခြေခံဥပဒေပြင်မည့် USDP

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုသည် နိုင်ငံနှင့် ပြည်သူ အတွက် အမှန်တကယ် အကျိုးရှိမည်ဆိုပါက ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနှင့်လည်း ထောက်ခံပေး သွားမည် ဖြစ်ကြောင်း ၎င်းပါတီ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးအောင်သောင်း၏ ပြောကြားချက်မှ သိရသည်။

NLD နှင့် USDP တို့သည်ပေါ်ပေါက်လာပုံခြင်း မတူသော်လည်း ဒီမိုကရေစီရှင်သန်ရေးနှင့် တိုင်းပြည်တိုးတက်ရေး ရည်မှန်းချက်ခြင်း တူညီကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် မဟာမိတ်ပါတီများ ဖြစ်လာနိုင်ချေ ရှိ မရှိကို ယခုအချိန်တွင် မပြောနိုင်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားသွားခဲ့သည်။


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment