Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. မြန်မာနိုင်ငံမှ တက္ကသိုလ်ဘွဲ့ရများ လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်လုပ်ကိုင်ရန် မရနိုင်သေးဟု သမ္မတပြော
  2. အမေရိကန်မှ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများတွင် ကူညီမည်
  3. နိုင်ငံတော်သမ္မတ၏ အဆိုပြုချက်အရ ပထမဆုံးအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူ
  4. ဆက်သွယ်ရေးလိုင်စင်ရရှိပါက MTN ကုမဏီမှ မြန်မာနိုင်ငံ၏ အခြားကဏ္ဍများတွင် ကူညီမည်

မြန်မာနိုင်ငံမှ တက္ကသိုလ်ဘွဲ့ရများ လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်လုပ်ကိုင်ရန် မရနိုင် သေးဟု သမ္မတပြော

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် မြန်မာ့ပညာရေးစနစ်မှာ တက္ကသိုလ်ဘွဲ့ရသည်နှင့် လုပ်ငန်းခွင်သို့ တန်းဝင်နိုင်မည့် စနစ်မျိုး မဟုတ်သေးကြောင်း အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွင် VOA နှင့် တွေ့ဆုံမေးမြန်းရာ၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဘွဲ့ရလူငယ်များစွာရှိသော်လည်း အလုပ်ရုံ၊ စက်ရုံထဲသို့ တိုက်ရိုက်ကူးဝင်၍ မရနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာ့ပညာရေးစနစ်မှာ လုပ်ငန်းခွင်ကို ချက်ချင်း ဝင်ရောက်နိုင်မည့် ပညာရေးစနစ်မျိုး မဟုတ်သေး ကြောင်း၊ ထို့ကြောင့် တက္ကသိုလ်မှ မွေးထုတ်ပြီးသည်နှင့် ဘွဲ့ရလူငယ်များသည် တိုက်ရိုက် လုပ်ငန်းခွင်တွင် ဝင်ရောက်၍ အကျိုးပြုနိုင်သည့် ပညာရေးမျိုးဖြစ်သင့်ကြောင်း၊ ထိုသို့ဖြစ်ရန် ကြိုးပမ်းနေပါကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က VOA မှ စီစဉ်ပေးသော တွေ့ဆုံမေးမြန်းသည့် အစီအစဉ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံခြားတက္ကသိုလ်များမှ မြန်မာနိုင်ငံမှ ပညာတော်သင်များ လက်ခံသင်ကြားပေးခြင်း ပြုသကဲ့သို့ မြန်မာနိုင်ငံသို့လာရောက်ကာ တက္ကသိုလ်ခွဲများ ဖွင့်လှစ်သင်ကြားမည်ဆိုပါက နေရာမှအစ စီစဉ်ပေးနိုင်မည်ဖြစ်သည်ဟုလည်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။

ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကလည်း ပညာရေး၊ ကျန်းမာရေးကဏ္ဍတို့နှင့် ပတ်သက်၍ နိုင်ငံတော်မှ ဘတ်ဂျက်များ တိုးမြှင့်ချထားပြီးဖြစ်သကဲ့သို့ Capacity Building အတွက်လည်း နိုင်ငံခြားမှ ပညာရှင်များကို ဖိတ်ခေါ်၍ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ပညာရေးနှင့် ကျန်းမာရေးအတွက် ပုဂ္ဂလိကကဏ္ဍများမှ ပိုမိုပါဝင်ဆောင်ရွက် လာနိုင်စေရန် ကိုလည်း အခြေအနေကောင်းတစ်ခုဖြစ်အောင် ဖန်တီးပေးနေကြောင်း VOA နှင့် အင်တာဗျူးတွင် ဖြေကြားခဲ့ပါသည်။

ယင်းကဲ့သို့ သမ္မတဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်တွင် ပညာရေး၊ ကျန်းမာရေးနယ်ပယ်များအတွက် ပြုပြင်ပြောင်းလဲရေးများကို နိုင်ငံတော်အဆင့်မှ ဆောင်ရွက်နေသည်များအား ရပ်ခံတင်ပြဖြေကြားခြင်းများ ပြုလုပ်နေ သော်လည်း ပြည်တွင်းရှိ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတွင်း ဝန်ထမ်းများကြားတွင်မူ ရာထူးတိုးကိစ္စများ၊ နေရာပြောင်းရွှေ့ကိစ္စများနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ရှိနေခဲ့ကြောင်း လူမှုကွန်ယက်စာမျက်နှာများမှ ဖော်ပြချက်များအရ သိရသည်။

YC


အမေရိကန်မှ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများတွင် ကူညီမည်

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတဘားရက်အိုဘားမားတို့သည် ဝါရှင်တန်မြို့တော်ရှိ  အိမ်ဖြူတော် တွင် မေလ ၂၀ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အမေရိကန်သမ္မတဘားရက်အိုဘားမားက မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများတွင် အကူအညီပေးရန် ကတိပြုပြောကြား ခဲ့ကြောင်း သိရှိရသည်။

မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်မှုများကို အမေရိကန်က ထောက်ခံသော လက္ခဏာ တစ်ရပ်ဖြစ်သည့် အိမ်ဖြူတော်၌ တွေ့ဆုံရာတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးဖော်ဆောင်မှုများအတွက် ချီးကျူးပြောဆိုခဲ့ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော လူမျိုးရေးပဋ္ဋိပက္ခများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန်တိုက်တွန်း ပြောကြားခဲ့သည်။

ထို့အပြင် အိမ်ဖြူတော်သို့ ပထမဆုံးရောက်ရှိလာသော သမ္မတဦးသိန်းစိန်အား ကြိုဆိုခဲ့ပြီး သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံအား ယခင်က ခေါ်ဝေါ်ခဲ့သော “ ဘားမား” အစား တရားဝင်အမည် “ မြန်မာ” ဟု သုံးနှုန်းခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်မှု အပြည့်အဝအကောင်အထည်ပေါ်လာရေးအတွက် တိုက်တွန်းပြောဆိုခဲ့ရာ နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်သွားမည်ဟု ကတိပြုပြောကြားခဲ့သည်။

သို့သော် သမ္မတဦးသိန်းစိန်အား အိမ်ဖြူတော်သို့ ဖိတ်ခေါ်ဆွေးနွေးခြင်းသည် စောလွန်းရာရောက်ပြီး အချိန်မတန်သေးကြောင်းနှင့် မြန်မာနိုင်ငံတွင် လူ့အခွင့်ရေးကိစ္စများနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆက် လက် အကောင်အထည်ဖော်ရေး၊ ဒီမိုကရေစီ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် ဆက်လက်လို အပ်နေသေးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျန်ပါစကီးက မေလ ၁၇ ရက်နေ့က ပြောကြားထားခဲ့သည်။

သမ္မတဦးသိန်းစိန်သည် သမ္မတဘားရက်အိုဘားမားနှင့် မတွေ့ဆုံမီတွင် ဝါရှင်တန်ပို့စ်နှင့် တွေ့ဆုံခဲ့ရာ ၌ မြန်မာနိုင်ငံ တွင် တပ်မတော်သည် အရေးပါသည့် အခန်းကဏ္ဍတွင် ဆက်လက်တည်ရှိနေမည်ဟု ဖြေကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများသည် မြန်မာနိုင်ငံ၏ လွှတ်တော်ပေါ်တွင် မူတည်လျှက်ရှိပြီး ဥပမာအားဖြင့် ၎င်းသည် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ခုနှစ်တွင် သမ္မတဖြစ်လာရေး ပတ်သက်၍ တိုက်ရိုက်သော် လည်းကောင်း၊ ထင်မြင်ချက်အနေဖြင့်သော်လည်းကောင်း မရှိဘဲ လွှတ်တော် အပေါ်တွင်သာ မူတည်ကြောင်း သမ္မတဦး သိန်းစိန်မှ ပြောကြားခဲ့သည်။

ယခင်အစိုးရလက်ထက် ပိတ်ဆို့မှုများရှိသော ကာလ၌ နိုင်ငံတော်ကို ကာကွယ်ရန်အတွက် မိမိတို့အား အကူအညီပေးနိုင်မည့် နိုင်ငံများကိုရှာဖွေခဲ့ရသောကြောင့် မြောက်ကိုရီယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ရှိခဲ့သော်လည်း လက်ရှိအစိုးရလက်ထက်တွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် စစ်ရေးအားဖြင့် ဆက်သွယ်မှုလုံးဝ မရှိဘဲ သံတမန် ဆက်သွယ်ရေးသာရှိကြောင်း သမ္မတဦးသိန်းစိန်မှ မေလ ၂၀ ရက်နေ့ အစောပိုင်းက ဗီအိုအေသတင်းဌာနနှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်သည် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန်သမ္မတဘားရက်အိုဘားမားနှင့် တွေ့ဆုံပြီး နောက်တွင် မြန်မာနိုင်ငံတွင် အမေရိကန်ကုမ္ပဏီကြီးများ လာရောက်ရင်းနှီးမြုပ်နှံရန် ကိစ္စနှင့် ပတ်သက်ပြီး အမေရိကန် - အာဆီယံ စီးပွားရေးကောင်စီ၊ အမေရိကုန်ကုန်သည်ကြီးများအသင်းတို့နှင့် တွေ့ဆုံ ရန်စီစဉ်ထား ကြောင်း သိရှိရသည်။

YC


နိုင်ငံတော်သမ္မတ၏ အဆိုပြုချက်အရ ပထမဆုံးအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူ

နိုင်ငံတော်သမ္မတ၏ အဆိုပြုချက်အရ ပထမဆုံးအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကို မေလ ၂၀ ရက်နေ့ စတင်ခေါ်ယူကျင်းပခဲ့ပြီး ထို့ကဲ့သို့ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူ မှုသည် လွှတ်တော် သက်တမ်း နှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရှိရသည်။

မေလ ၂၀ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်စည်းအဝေးတွင် သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်မှ “ နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ( ၁/၂၀၁၃) အရေးပေါ်အခြေအနေကြေညာခြင်းကို လွှတ်တော်မှ အတည်ပြုပေးရန်” အဆိုကို တင်သွင်းခဲ့သည်။

မိတ္ထီလာခရိုင်အတွင်းတည်ငြိမ်းအေးချမ်းမှု ပျက်ပြားစေမည့် အခြေအနေများကို ထိန်းသိမ်းရန် ၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက်က မိတ္ထီလာမြို့တွင်  ရပ်ကွက်အတွင်းပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းခဲ့ပြီး နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေ ပုဒ်မ ၂၁၂၊ ပုဒ်မခွဲ(ခ) အရ “ နိုင်ငံတော်သမ္မတသည် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို ရုတ်သိမ်း ခြင်းမရှိလျှင် ယင်းအမိန့်ထုတ်ပြန်သည့်နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်းကျင်းပသော အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့တင်ပြ၍ အတည် ပြုချက်ရယူရမည်ဖြစ်ကြောင်း၊ ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပခြင်း မရှိပါက ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးခေါ်ယူ ကျင်းပ၍ အတည်ပြုချက်ရယူရမည်” ဟူသော ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂ ပုဒ်မခွဲအရ နိုင်ငံတော်သမ္မတက ထုတ်ပြန်ခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အား မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ် နှင့်သာစည်မြို့နယ်များတွင် မူလအခြေနေအတိုင်း တည်ငြိမ်မှုရသည်အထိ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အဖြစ် ဆက်လက်တည်ရှိနေစေရန်အတွက် ပြည်ထောင်စုလွှတ်တော် မှအတည်ပြုပေးပါရန် နိုင်ငံတော်သမ္မတကိုယ်စား သာသနာရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် က အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုအား ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေးအတည်ပြုပေးရန် သဘောတူညီမှုရှိခဲ့ပြီး မေလ ၂၁ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးသိန်းညွှန့်၊ ဒေါက်တာစိုးရင်၊ ဦးဝင်းထိန်၊ ဦးမြင့်စိုး၊ ဦးဝင်းမြင့် တို့မှ ဆွေးနွေးသွားမည်ဖြစ်သည်။

ထို့သို့ဆွေးနွေးမှုနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် နာယကဦးခင်အောင်မြင့်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အခြေအနေများ ဆက်လက်မပေါ်ပေါက်စေရေးနှင့် လွှတ်တော်၏လုပ်ငန်းစဉ်များ မြန်ဆန်ချော့မွေစွာ ပြီးမြောက် နိုင်ရေးအတွက် သုံးသပ် ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။

မေလ ၂၁ ရက်တွင် နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) အရေးပေါ် အခြေအနေကြေညာခြင်းအဆိုကို ဆွေးနွေးအတည်ပြုပြီးနောက် ပြည်ထောင်စု လွှတ်တော်အစည်း အဝေးများကို မေလ ၂၁ ရက်တွင် ရုတ်သိမ်းသွားမည်ဖြစ်သည်။

YC


ဆက်သွယ်ရေးလိုင်စင်ရရှိပါက MTN ကုမဏီမှ မြန်မာနိုင်ငံ၏ အခြားကဏ္ဍများတွင် ကူညီမည်

တောင်အာဖရိကနိုင်ငံအခြေစိုက် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့် MTN ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိပါက မြန်မာနိုင်ငံ အခြားသောကဏ္ဍများတွင်လည်း ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မေလ ၂၀ ရက်နေ့တွင် ပြုလုပ်သည့် MTC Company ၏ Chief Marketing Officer Mr.Taukobong ကပြောကြားခဲ့သည်။

အဆိုပါ MTN မှာ Amara Communication Company နှင့် ပြည်တွင်းဆက်သွယ်ရေးကဏ္ဍတွင် အော်ပရေတာ လျှောက်ထားခြင်းအား ပူးပေါင်းဆောင်ရွက်လျှက်ရှိသော ပြည်ပကုမ္ပဏီတစ်ခုဖြစ်ပြီး အော်ပရေတာလုပ်ကိုင်ခွင့် ရရှိပါက မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍအပြင် ပညာရေးကဲ့သို့သော အခြားကဏ္ဍများတွင်လည်း ကူညီထောက်ပံ ပေးသွားမည်ြ ဖစ်ကြောင်း သိရှိရသည်။

MTN Company အနေဖြင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်လျှောက်ထားသည့် ကုမ္ပဏီ ၁၂ ခုတွင်ပါဝင်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိပါက မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ လူမှုရေးကဏ္ဍနှင့် အခြားသော ကဏ္ဍများတွင် နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

MTN ကုမ္ပဏီသည် အာဖရိကနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ကိုအောင်မြင်စွာဆောင်ရွက်နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍသည် လွန်ခဲ့သည့် ငါးနှစ်ခန့်က အာဖရိကရှိ ဆက်သွယ်ရေးကဏ္ဍများနှင့် များစွာတူညီသောကြောင့် MTN Company အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆက်သွယ်ရေးကဏ္ဍဝန်ဆောင်မှုလုပ်ငန်းများတွင် အတွေ့အကြုံများစွာရှိသော ကြောင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်း လိုင်စင်ရရှိပါက မြန်မာနိုင်ငံ၏ အိုင်စီတီကဏ္ဍကို လျှင်မြန်စွာ ပြောင်းလဲပေးသွားမည်ဖြစ်ကြောင်း အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိပါက မြန်မာနိုင်ငံတွင် 3G နှင့် Wi Fi စနစ်အပြင် မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေ နိုင်သည့် ဝန်ဆောင်မှုကိုလည်း အဓိကထားဆောင်ရွက်ပေးသွားမည်ပြီး ရင်းနှီးမြုပ်နှံမည့်ငွေပမာဏ မှာ မိမိတို့ရှိမည့် လုပ်ငန်း အပေါ်မူတည်၍ ရင်းနှီးမြုပ်နှံသွားမည်ဖြစ်ပြီး လုပ်ငန်းလိုင်စင်ရရှိမှသာ ဝန်ကြီးဌာနများ နှင့်ညှိနှိုင်းကာ Infrastructure များကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ဝင်ရောက်လျှောက်ထားသည့် ကုမ္ပဏီများအနေဖြင့် လာမည့်ဇွန်လ ၃ ရက်တွင် နောက်ဆုံးအနေဖြင့် မိမိတို့လုပ်ကိုင်နိုင်သည့် ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမည့် အကြောင်းအရာများကို ထည့်သွင်း ရေးသားကာ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နောက်ဆုံးအနေဖြင့် ပြည်ပမှ ကုမ္ပဏီ နှစ်ခု ကို ဇွန်လ ၂၇ ရက်တွင် အပြီးသတ် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

YC


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment