Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အများပြည်သူဝန်ဆောင်မှု မီဒီယာက နိုင်ငံသားတွေကိုပဲ မြင်ရမယ်။ တည်ငြိမ်ပြီး လွတ်လပ်တဲ့ ဘဏ္ဍာရေး စနစ်ရှိရမယ်။ တိကျတဲ့အယ်ဒီတာ မူဝါဒရှိရမယ်၊ အများ ပြည်သူဝန်ဆောင်မှုဥပဒေပြီးရင် အဖွဲ့ကိုဖွဲ့စည်းရမယ်။ ပြည်သူဝန်ဆောင်မှု မီဒီယာကောင်စီကို သမ္မတ၊ ဒုတိယသမ္မတတွေနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ စုစုပေါင်း ၅ ဦးက အဆိုပြုတဲ့သူတွေ၊ ပြည်သူတို့ကို ချပြရမယ်။ ပြည်သူက လက်ခံရင် ရမယ်။ အဲ့ဒီ ကောင်စီမှာ စီမံခန့်ခွဲတဲ့အဖွဲ့ ကို ထပ်ဖွဲ့မယ်။ နောက်တစ်ခုက အများပြည်သူ ဝန်ဆောင်မှုမီဒီယာမှာ ကြော်ငြာနဲ့ အယ်ဒီတာဌာနကို ခွဲထား တယ်။ အစိုးရနဲ့ မူဝါဒရေးရာ တိုက်ရိုက်မပတ်သက်ဘူး။ လွတ်လပ်မှုရှိပါတယ်။”

ဇွန်လ ၁၃ ရက်နေ့ထုတ် Envoy Journal အတွဲ (၄) အမှတ် (၂) တွင်ပါရှိသော “အများပြည်သူဝန်ဆောင်မှု မီဒီယာ ဥပဒေ ကြမ်းနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲ ကျင်းပ” သတင်းမှ ဒုတိယဝန်ကြီး ဦးရဲထွဋ်၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


“စွမ်းအင်ကဏ္ဍအမြန်ဖွံ့ဖြိုးဖို့ဆိုရင် မဟာဓါတ်အားလိုင်းတွေကို ဖော်ဆောင်ဖို့လိုတယ်။ အစိုးရက လုပ်စရာ မလိုဘူး။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို အကောင်အထည်ဖော်ခိုင်းသင့်တယ်။ နိုင်ငံတော်အနေနဲ့က ဒါတွေကို လုပ်ဆောင်နိုင်ဖို့ ပေါ်လစီတွေ၊ ဥပဒေတွေကို အမြန်ဆုံးအကောင်အထည် ဖော်ဆောင်သင့်တယ်။”

ဇွန်လ ၁၀ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “လျှပ်စစ်စွမ်းအင်ပေါ်လစီ အမြန် ဆုံး အကောင်အထည်ဖော်ပြဋ္ဌာန်းရန် လိုအပ်ဟု စွမ်းအင်ပညာရှင်အချို့ဆို” သတင်းမှ မြန်မာ့ပြန်ပြည့်မြဲ စွမ်းအင်အသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“ကချင်စစ်ပွဲတွေ ဖြစ်ပွားနေတဲ့အပေါ် အစိုးရကို ဘယ်လိုအကြံပြုချက် ပေးလိုပါသလဲ။ မြန်မာပြည်ရဲ့မြေပုံကို ကြည့်ပါ။ ကချင်ပြည်နယ်က ဟိုးထိပ်ဆုံးပေါ်မှာ ရှိနေတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံ မှာလည်း ကချင်ပြည်သူတစ်ရပ်လုံးက လိုလား နေတဲ့ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အခန်း ကဏ္ဍတစ်ခု အနေနဲ့ရှိနေတယ်။ ကချင်ပြည်နယ်မှာ ဖြစ်ပျက်တဲ့ ပဋိပက္ခ၊ ကေအိုင်အို၊ ကေအိုင်အေနဲ့ ငြိမ်းချမ်း ရေးရသွားပြီဆိုတာနဲ့ ကျန်တဲ့တိုင်းရင်းသားအားလုံးနဲ့ ငြိမ်းချမ်း ရေး ယူပြီးသားဖြစ်သွားပြီ ဖြစ်တဲ့အတွက် နိုင်ငံရေးအရ ဆွေးနွေးဖို့အတွက် ခြေလှမ်းကို နောက်တစ်ဆင့် တည်ဆောက် သွားနိုင်မှာ ဖြစ်တယ်။ မြန်မာနိုင်ငံ သမိုင်းမှာ တိုင်းရင်းသားပေါင်းစုံ အကုန်လုံးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ ခြေလှမ်းကိုလှမ်း နိုင်ဖို့က ကချင်ပြည် နယ် ပဋိပက္ခက အရေးကြီးဆုံးဖြစ်နေတယ်။”

ဇွန်လ ၁၀ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “စစ်ဒဏ်ကို ကချင်ပြည်သူလူထုက ဆက်ပြီး မခံစားနိုင်တော့ဘူး” အင်တာဗျူးမှ ကချင်တိုင်းရင်းသား အထက်လွှတ်တော်အမတ် ဦးခက်ထိန်နန် ၏ပြောကြားချက် အားကောက်နှုတ်ချက်။


“တို့တစ်တွေဟာ နိုင်ငံနှင့် လူမျိုးအတွက် အလုပ်လုပ်ကြရလိမ့်မယ်။ အဲဒီလိုလုပ်တဲ့အခါ ကိုယ်နဲ့ရည်ရွယ်ချက် တူပြီးတော့ လုပ်ဆောင်ချက်တူရင် ပိုကောင်းတာပေါ့။ ဒါ့ကြောင့်နိုင်ငံအတွက်၊ အများအတွက်၊ လုပ်တဲ့ ကိစ္စ အတွက် တို့အနေနဲ့ အတူ လက်တွဲလုပ်ချင်တယ်။ အဲ့ဒီလိုလုပ်တာဟာ ကောင်းတဲ့ကိစ္စဖြစ်တယ်။”

ဇွန်လ ၁၀ ရက်နေ့ထုတ် 7 days နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဒေါ်အောင်ဆန်းစုကြည်နှင့် ရည်ရွယ် ချက်ခြင်းတူ၍ လက်တွဲဆောင်ရွက်နေခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းပြောကြား” သတင်းမှ သူရဦးရွှေမန်း ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဘဏ်အပ်ငွေအတိုးနှုန်းက ၈ ကျပ်ကနေ ၄ ကျပ်အထိ ချလိမ့်မယ်။ စီးပွားရေးသမားတွေ အနေနဲ့ အတိုးနှုန်း သက်သာမှ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်စွမ်းကရှိလာမှာ။ ရေရှည်အားဖြင့် သွားမယ်ဆိုရင်၊ နိုင်ငံတကာနဲ့ အညီက သွားရမှာပဲ တံခါးဖွင့်တာနဲ့ အမျှ ရေကမြင့်ရာကနေ နိမ့်ရာကို စီးဆင်းသွားသလို ကိုယ်မလုပ်လဲဘဲ သူ့ဟာသူ အတိုးနှုန်း ကျသွားလိမ့်မယ်။ ဘဏ်တိုးနှုန်း က ကမ္ဘာမှာ ၂.၅% အများဆုံး၃ လောက်ပဲ အတိုးနှုန်းက ရှိတာပါ။ ဘဏ်တိုးနှုန်း လျော့ကျ သွားဖို့ကို စီးပွားရေးနဲ့ပတ်သက် တဲ့ လွှတ်တော်ကော်မတီတွေလောက်ပဲ ဒါကို စိတ်ဝင် စားမှုရှိတယ်။ အဲဒီ ကော်မတီတွေ အထဲမှာမှ အများစုကအထူးသဖြင့် စီးပွားရေးနဲ့ကုန်သွယ်ရေး ဖွံ့ဖြိုးတိုး တက်မှု ကော်မတီမှာကတော့ လိုလားမှုရှိကြတယ်။ ဘဏ်တိုးနှုန်းနည်းသွားပေမယ့် တစ်ဖက်က ကုန်ဈေးနှုန်း ကျအောင်ချပေးရလိမ့်မယ်။ အဲဒီ့ ဆက်သွယ်မှုကိုလည်း ကော်မတီက စဉ်းစားနေတယ်။”

ဇွန်လ ၁၀ ရက်နေ့ထုတ် Weekly ElevenJournal အတွဲ (၈) အမှတ် (၃၆) တွင်ပါရှိသော “ဗဟိုဘဏ်အတိုး နှုန်းအား လက်ရှိအစိုးရလက်ထက်တွင် တတိယအကြိမ်မြောက်လျော့ချရန် ဆွေးနွေး” သတင်းမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့် (လသာ) ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


သတင်းတိုများ

နိုင်ငံရေး

မြန်မာနိုင်ငံ၏ ၂၀၀၈ အခြေခံဥပဒေကို ပြည်ထောင်စုကြံခိုင်ရေးအစိုးရအနေဖြင့် ပြည်တွင်းပြည်ပ၏ တောင်းဆိုမှုအရ ကွက်၍ပြင်ဆင်ခြင်း၊ လိုသလိုပြင်ဆင်ခြင်းကို လက်မခံနိုင်ကြောင်း ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု များကဇွန်လ ၆ ရက်နေ့ တွင်ကျင်းပသော ၃၉ နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားတွင် ထုတ်ပြန်ခဲ့သော သဘောထား ထုတ်ပြန်ချက်မှ သိရသည်။ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ အနေဖြင့် စစ်မှန်သော ဒီမိုကရေစီ ပေါ်ပေါက်ရေး၊ တိုင်းပြည်ငြိမ်းချမ်းရေး အတွက် လွှတ်တော်အတွင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေးအင်အားစုများဖြင့် လက်တွဲကြိုးပမ်းရန်နှင့် ဆွေးနွေးရန် ဆန္ဒရှိ ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်နိုင်ရန်အတွက် ရွေးကောက်ပွဲစနစ်အား အမြန်ဆုံးထုတ်ပေးလို ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်မှ ပြောကြားခဲ့သည်။အဆိုပါ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးမှု စနစ်အားပြင်ဆင်လိုကြောင်း၊ တစ်ဦးတည်းအနိုင်ရမှုစနစ်နှင့် အချိုးကျစနစ်ကျင့်သုံးစေလိုကြောင်း ဦးသိန်းညွန့်မှ သုံးသပ် ပြောကြားခဲ့သည်။လက်ရှိအချိန်တွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ကျင့်သုံးမည့်စနစ်ကို လွှတ်တော်တွင် ဆုံးဖြတ်ခြင်းမရှိ သေးကြောင်း သိရသည်။

လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) တို့တွေ့ဆုံဆွေးနွေးသွားရန် ရှိကြောင်း သိရသည်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်တွင်းစစ်

ရပ်ရပ်စဲရေး၊ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို ဆွေးနွေးသွားဖွယ်ရှိကြောင်း ဦးအေးသာအောင်၏ ပြောကြားချက်မှ သတင်းရရှိသည်။

အစိုးရနှင့် ပထမအကြိမ်အဖြစ် ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးထားသည့် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့သည် ဇွန်လ ၂၀ ရက်နေ့တွင် ပြည်ထောင် စု အဆင့် ဆွေးနွေးသွားရန်ရှိကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေ၏ ပြောကြားချက်မှ သတင်းရရှိသည်။အဆိုပါဆွေးနွေးပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့တွင်ကျင်းပသွားမည်ဖြစ်ပြီး အစိုးရနှင့် ပထမအကြိမ် လက်မှတ်ရေးထိုးစဉ် သဘောတူထားသည့် အချက်များ ပြီးစီးမှုရှိ မရှိကို ဆက်လက်ဆွေးနွေး သွားရန် ရှိကြောင်း သိရသည်။


အုပ်ချုပ်ရေး

မြန်မာနိုင်ငံ၏ လူမှုဖူလုံရေးဥပဒေသစ်တွင် အာမခံစနစ် ငါးမျိုးပါဝင်သော်လည်း လက်ရှိမြန်မာနိုင်ငံ အခြေခံ အလုပ်သမား များ၏ အခြေခံလုပ်ခ လစာမှာ နည်းပါးလျက်ရှိသဖြင့် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်နှင့် အလုပ်တွင်ထိခိုက်မှု အာမခံစနစ် နှစ်မျိုးကိုသာ အကောင်အထည်ဖော် ကျင့်သုံးမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီးအရာရှိ ဦးအေးသိန်း၏ ပြောကြားချက်မှ သိရသည်။ အာမခံစနစ်မှာ တစ်မျိုးလုပ်လျှင် ထည့်ဝင်ကြေး တစ်မျိုးဖြစ်ပြီး အာမခံသုံးမျိုးဆိုပါက ထည့်ဝင်ကြေးပါ သုံးမျိုးပေးဆောင် ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း ၈ ဆခန့်ုမြင့်မားလာသည့် အတွက် ဌာနဆိုင်ရာများ တွင် ဝန်ထမ်းအင်အား တိုးမြှင့်ရန်ရှိသော်လည်း ဘတ်ဂျတ်လုံလောက်မှု မရှိသဖြင့် မတိုးချဲ့နိုင်သေးကြောင်း သိရသည်။ လက်ရှိအချိန်တွင် ပြည်ထဲရေး၊ ကျန်းမားရေးနှင့် ပညာရေးဝန်ကြီးဌာနများကိုသာ ဝန်ထမ်းသစ်များ တိုးချဲ့လျက် ရှိပြီးကျန်ဝန်ကြီးဌာနများကိုမှု ဝန်ထမ်းထပ်မတိုးရန် မေတ္တာရပ်ခံထားကြောင်း အကောက်ခွန်ဦးစီးဌာနမှ သတင်းရရှိသည်။


စီးပွားရေး

မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်သို့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ကုမ္ပဏီများလာရောက် အဆိုပြုတင်သွင်းရာတွင် စီးပွား ရေးဆိုင်ရာ အခြေခံကျင့်ဝတ်များ လိုက်နာဆောင်ရွက်မည့် အခြေအနေနှင့် ပက်သတ်ပြီး သေချာစီစစ်ရွေးချယ် သွားမည် ဖြစ်ကြောင်း စီးပွားရေး အကြံပေး ဒေါက်တာအောင်ထွန်းသက်၏ ပြောကြားချက်မှ သိရသည်။နိုင်ငံခြားမှ လာရောက်သော စီးပွားရေး ရင်းနှီးမြှပ်နှံမှုများကို လူမှုအကျိုးစီးပွား၊ သဘာဝပတ်ဝန်းကျင် အကျိုးစီးပွားနှင့် ဒေသတွင်း လူမျိုးစုများအတွက် ရေရှည်စီမံကိန်းများနှင့်ကိုက်ညီစေရန် မြန်မာနိုင်ငံအပေါ်မူတည်၍ ရေးဆွဲထားသော CSR ၏ အစီရင်ခံစာတွင် ဖော်ပြထား ကြောင်း သိရသည်။ CSR ဆိုသည်မှာ ရင်းနှီးမြှပ်နှံသော ဒေသတွင်းရှိလူနှင့် သဘာဝပတ်ဝန်း ကျင်မထိခိုက်စေရန်ဖြစ်ပြီး ယင်းတို့ကို ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။


ပဋိပက္ခစီမံခန့်ခွဲမှု

မလေးရှားနိုင်ငံ ဆာလာယန်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ခံ မြန်မာအလုပ်သမားအရေးကို မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက လာမည့် ရက်သတ္တပတ်အတွင်း သွားရောက်ဖြေရှင်းသွားမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူ ဝန်ထမ်းတစ်ဦး၏ ပြောကြားချက်မှ သတင်းရရှိသည်။မေလ ၃၀၊၃၁ နှင့် ဇွန်လ ၁ ရက် နေ့တို့၌ လူစုလိုက် ဝင်ရောက်အကြမ်းဖက်မှုများကြောင့် မြန်မာအလုပ်သမား ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား ၃ သိန်းကျော်ရှိပြီး တရားမဝင်နေထိုင်သူ ၄ သောင်းကျော်ရှိကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အဆိုအရ သိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment