Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. မြန်မာတို့အတွက် သတင်းကောင်းသည် ဟိုတယ်ရုံးခန်းများ ဖယ်ပေးလိုက်ရသော ကုလဝန်ထမ်းများအတွက် သတင်းဆိုး

(The Independent မှ 2 July 2013 ရက်စွဲပါ “Good news for Burma is bad for UN staff Losing luxury offices to returning tourists” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. မြောက်ကိုရီးယားနှင့် ဆက်ဆံမှုကြောင့် မြန်မာတာဝန်ရှိ ဗိုလ်ချုပ်ကြီးတစ်ဦးကို အမေရိကန်နာမည်ပျက် စာရင်းသွင်း

( The Korea Herald မှ 3 July 2013 ရက်စွဲပါ  “ Us Blacklists Myanmar miltary general  for ties with N. Korea” သတင်းကို ဘာသာပြန်ဆိုသည်)


မြန်မာတို့အတွက် သတင်းကောင်းသည် ဟိုတယ်ရုံးခန်းများ ဖယ်ပေးလိုက်ရသော ကုလဝန်ထမ်းများအတွက် သတင်းဆိုး

(The Independent မှ 2 July 2013 ရက်စွဲပါ “Good news for Burma is bad for UN staff Losing luxury offices to returning tourists” သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာနိုင်ငံ၏ ပြောင်းလဲမှု နောက်ဆုံးလက္ခဏာတစ်ခုမှာ ဇိမ်ခံဟိုတယ်ကြီးနှစ်ခုမှ ကုလသမဂ္ဂရုံးခန်းများ ထွက်ပေး လိုက်ရခြင်းဖြစ်ပြီး အကြောင်းရင်းမှာ ထိုအခန်းများကို ခရီးသွားဧည့်သည်များထံ ငှားရမ်းလျှင် ဟိုတယ်ပိုင်ရှင်များ ပိုက်ဆံပိုရ သောကြောင့်ပင် ဖြစ်ပါသည်။

ကုလသမဂ္ဂအေဂျင်စီ ၁၀ ခုခန့်သည် ၎င်းတို့ ၆ နှစ်ခန့် အခြေစိုက်ခဲ့ကြသော ရန်ကုန်မြို့ရှိ ထရိတ်ဒါးနှင့် အင်းယားလိတ်ဟိုတယ်များမှ နေရာဖယ်ပေးလိုက်ရပြီ ဖြစ်သည်။ ဟိုတယ်ပိုင်ရှင်များသည် ဒလဟောဝင် လာတော့မည် တိုးရစ်များထံမှ ငှားရမ်းခကို တွက်ချက်မျှော်လင့်နေကြပြီ ဖြစ်သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက “ဒါကို ကျွန်တော်တို့ ကြိုသိထားပါတယ်။ ၂၀၁၂ သြဂုတ်လ အငှားစာချုပ်ချုပ်တဲ့ အချိန်မှာ ၂၀၁၃ နောက်ပိုင်းမရတော့ဘူးဆိုတဲ့ အချက်ကို အခြေခံပြီး လက်မှတ်ထိုး ခဲ့ရတာပါ။ ဒါဟာ မြေဈေးနှုန်းတွေ၊ ငှားရမ်းခတွေခုန်တက်မှုနဲ့ ပတ်သက်တဲ့ တကယ့်ဖြစ်ရပ်ပါ” ဟု ပြောကြားသည်။ ကုလမဂ္ဂ သည် ရန်ကုန်မြို့လယ်ဟိုတယ်ကြီးသို့ ၂၀၀၇ ခုနှစ်က ရွေ့လာခဲ့ခြင်းဖြစ်သည်။ ၂၀၀၇ စက်တင်ဘာလတွင် ရန်ကုန်မြို့တော် လမ်းများပေါ်၌ ရွှေဝါရောင်တော်လှန်ရေး အကြမ်းဖက်နှိမ်နှင်းခံရမှုကြောင့် မြန်မာနိုင်ငံသို့ တိုးရစ်ဝင်ရောက် မှုလွန်စွာ နည်းပါးသွားခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

သို့သော် ၂၀၁၀ နှစ်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် အနောက်အုပ်စု Sanctions များလည်း ဖြေလျှော့ပေးလာသောကြောင့် တိုးရစ်ဝင်ရောက်မှု ထိုးတက်လာခဲ့သည်။ ၂၀၁၂ တွင် တိုးရစ် အရေအတွက် တစ်သန်းကျော်သွားခဲ့ပြီး ထိုနှစ်တွင် တိုးရစ်ဇင်လုပ်ငန်းမှ ဝင်ငွေဒေါ်လာ ၅၃၄ သန်း ရရှိခဲ့သည်။

ဒလဟောဝင်လာသော တိုးရစ်များကို လက်ခံနိုင်မည့် ဟိုတယ်အရေအတွက် နည်းပါးမှုကြောင့် အခန်းခများလည်း ခုန်တက်သွားသည်။ ၂၀၀၇ ခုနှစ်က ဒေါ်လာ ၃၀ သာ ယူခဲ့သော ဟိုတယ်ခန်းကို ဒေါ်လာ ၁၀၀ ခန့် တောင်းနိုင်လာပြီး၊ ဧည့်သည်ပြည့်မှုနှုန်းမှာလည်း ရာနှုန်းပြည့်နီးပါး ဖြစ်လာသည်။ ဟိုတယ်များ တိုးချဲ့တည်ဆောက်တော့မည့် အစီအစဉ်များကို ကြေညာသော အနောက်အုပ်စု ဟိုတယ်လုပ်ငန်းကြီးများ လည်း ပို၍ ပို၍ များလာသည်။

WHO, Unicef, UN Aids, IOM, UN, Inter-Agency Project on Human Trafficking, ILO ရုံးခန်းများသည် Traders ဟိုတယ်တွင် ဖွင့်လှစ်ထားကြပြီး WFP, UN office for Coordination of Humanitarian affairs, UN office for Project Services ရုံးခန်းများမှာမူ အင်းယားလိတ် ဟိုတယ်တွင် ဖွင့်လှစ်ထားကြသည်။

ရှန်ဂရီလာ အုပ်စုပိုင် ရန်ကုန် ထရိတ်ဒါးဟိုတယ်က သတ်မှတ်သော တစ်ညတည်းခိုခ ၂၃၅ ဒေါ်လာသည် ဟောင်ကောင် ထရိတ်ဒါးဟိုတယ်ထက် နှစ်ဆခန့်များနေသည်။ အင်းယားလိတ်ဟိုတယ်၏ တစ်ညတာ တည်းခိုခမှာလည်း ဒေါ်လာ ၁၈၀ မှ စသည်။

မြန်မာနိုင်ငံမှ ILO ဆက်ဆံရေးအရာရှိ စတိဗ်မာရှယ် က “ထရိတ်ဒါးနှင့် အင်းယားလိတ်ဟိုတယ်တို့သည် ကုလသမဂ္ဂအေဂျင်စီများအား ၂၀၁၃ နောက်ပိုင်း ငှားရမ်းမှုသက်တမ်းတိုးမပေးတော့” ဟု မနှစ်က သြဂုတ်လတွင် အသိပေး ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။ “ဒါဟာ ဖယ်ထုတ်ခံရတဲ့ကိစ္စ မဟုတ်ပါဘူး။ ကွဲပြားခြားနားတဲ့ စီးပွားရေးပတ်ဝန်းကျင် တစ်ခု ဖြစ်သွားတဲ့ကိစ္စပါ။” ဟု ၎င်းကဆိုပါသည်။


မြောက်ကိုရီးယားနှင့် ဆက်ဆံမှုကြောင့် မြန်မာတာဝန်ရှိ ဗိုလ်ချုပ်ကြီးတစ်ဦးကို အမေရိကန်နာမည်ပျက် စာရင်းသွင်း

( The Korea Herald မှ 3 July 2013 ရက်စွဲပါ  “ Us Blacklists Myanmar miltary general  for ties with N. Korea” သတင်းကို ဘာသာပြန်ဆိုသည်)

မြောက်ကိုရီးယားအပေါ် ဝက်အူတင်းလျှက်ရှိသော ဘာရက်အိုဘားမားအစိုးရက မြန်မာ့တပ်မတော်မှ ဗိုလ်ချုပ်ကြီး တစ်ဦးသည် ကုလသမဂလုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ကာ ပြုံးယမ်းမှ လက်နက်များ ဝယ်ယူခဲ့ခြင်းကြောင့် ၄င်းအား အရေးယူ ပိတ်ပင်သည့် Sanctoin ချမှတ်ကြောင်း အင်္ဂါနေ့က ပြောကြားလိုက်ပါသည်။

မြန်မာစစ်တပ်၏ ကာကွယ်ရေးနှင့် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးဌာန အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးသည် မြောက်ကိုရီးယားမှ မြန်မာသို့ တရားမဝင် လက်နက်ရောင်းဝယ်ခြင်းကို အားပေးပံ့ပိုးမှုဖြင့် စွဲချက်တင်ခံရခြင်း ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနက ပြောကြားသည်။

“ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက မြောက်ကိုရီးယား လက်နက်ဝယ်ယူမှု ရပ်ဆိုင်းဖို့ သတ်မှတ်ထားတဲ နိုင်ငံတကာ စည်းကမ်းတွေကို မလိုက်နာခဲ့ပါဘူး။ မြောက်ကိုရီးယားဟာ ဒီဝင်ငွေနဲ့ တရားမဝင် စီမံကိန်းတွေကို တိုက်ရိုက်ထောက်ပံ့ နေတာပါ။ ဒါကြောင့် မြောက်ကိုရီးယားရဲ့ အန္တရာယ်များတဲ့ တည်ငြိမ်မှုပျက်စေတဲ့ လက်နက်ဖြန့်ဖြူးမှုကို ရပ်ဆိုင်းသွားအောင် နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါသည်။” ဟု အမေရိကန် ပြည်ထောင်စု အကြမ်းဖက်ဝါဒနှင့်ဘဏ္ဍာရေးဆိုင်ရာ ထောက်လှမ်းရေးဌာန အတွင်းဝန် ဒေးဗစ်အက်စ်ကိုဟင်က ပြောကြားပါသည်။

“ထိုကဲ့သို့ တစ်ဦးချင်း သတ်မှတ်ပိတ်ပင်ခံရသူများနှင့်   ဆက်ဆံရေးရောင်းဝယ်ခြင်း မပြုရန် အမေရိကန် နိုင်ငံသား များကို ယေဘုယျအားဖြင့် တားမြစ်ထားပြီး၊ အမေရိကန်ပြည်ထောင်စု၏ လုပ်ပိုင်ခွင့် အာဏာစက်အောက်တွင် ရှိသော ထိုပုဂ္ဂိုလ်ပိုင် ပစ္စည်းဥစ္စာများသည်လည်း ထိန်းချုပ်ခံရမည် ” ဟု ဘဏ္ဍာရေးဌာနက ဆိုပါသည်။

မြောက်ကိုရီးယား၏ တရားမဝင် လက်နက်ရောင်းဝယ်မှုလုပ်ငန်းသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေသော အငြင်းပွားဖွယ် နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများ တိုးချဲ့ရန် အားပေးနေသည့် အရေးကြီးဝင်ငွေ ရင်းမြစ်တစ်ခုဖြစ်သည် ဟု အမေရိကန် ဘဏ္ဍာရေးဌာနက ထောက်ပြပြောဆိုသည်။

ယခုနောက်ဆုံး အရေးယူဆောင်ရွက်မှုသည် မြောက်ကိုရီးယားနှင့်  စစ်ဖက်ဆက်ဆံရေး ဖြတ်တောက်ရန် အပြု သဘော ဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်နေသော မြန်မာပြုပြင်ပြောင်းလဲရေး အစိုးရကို ပစ်မှတ်ထားခြင်းမဟုတ်ပါ ဟု ဘဏ္ဍာရေးဌာနက ဆက်လက်ရှင်းလင်းပြောကြားသည်။

အမေရိကန်ဘဏ္ဍာရေးဌာနသည် မြောက်ကိုရီးယား၏ အစုအပြုံလိုက် ဖျက်ဆီးနိုင်သော လက်နက်လုပ်ငန်းတွင် အဓိကကဏ္ဍမှ ပါဝင်နေသည့် မြောက်ကိုရီးယား ကုမ္ပဏီနှစ်ခုနှင့် လူပုဂ္ဂိုလ်နှစ်ဦးကို ပြီးခဲ့သောအပတ်က နာမည်ပျက် စာရင်းသွင်းခဲ့ပြီးဖြစ်သည်။

လတ်တလောတွင် ပြုံးယမ်းက ငြိမ်းချမ်းရေးကို လိုလားသယောင် ထုတ်ဖော်ပြသနေသော်လည်း ဝါရှင်တန်က ဖိအားဆက်ပေးသွားရန် ဆုံးဖြတ်ထားခြင်းကို ယခုဆောင်ရွက်ချက်များက ထင်ဟပ်လျက်ရှိသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment