Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာကြီး သုံးရပ်ရှိတယ်။ ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ ဒီ အာဏာ သုံးရပ်ကို တက်နိုင်သမျှ ပိုင်းခြားပြီး၊ ခွဲခြားပြီးတော့ အုပ်ချုပ်ရမယ်။ တာဝန်ယူရမယ်။ ကျင့်သုံးရာမှာလဲ အချင်းချင်း အပြန်အလှန်လေးစားရမယ်။ ဥပဒေပြုအဖွဲ့သည် ဥပဒေပြု လုပ်ငန်းစဉ်ကို လုပ်ကြတယ်။ အုပ်ချုပ်ရေးအဖွဲ့သည် အုပ်ချုပ်ရေး လုပ်ငန်းစဉ်ကို လုပ်ကြတယ်။ ဒါပေမဲ့လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဥပဒေပြုရေးအဖွဲ့က တစ်ထပ်တည်းရှိရင် ဒီအာဏာသုံးရပ် ဝေဖန်ပိုင်းခြားလို့ မဖြစ်နိုင်တော့ဘူး။ ဒီအတွက် ဒီနေ့လုပ်နေတာက အစိုးရနဲ့လွှတ်တော် ပဋိပက္ခအသွင်ဆောင်နေတာ မဟုတ်ဘူး။ သဘောထားချင်းတော့ တူချင်မှတူမယ်။ ဒါသဘာဝပဲ။ လူနှစ်ယောက်ရှိရင် တစ်ယောက်ရဲ့ သဘောထားနဲ့ တစ်ယောက်သဘောထား မတူနိုင်ဘူး။ ဒါ့ကြောင့် အစိုးရနဲ့လွှတ်တော်ရဲ့ သဘောထား တစ်ထပ်တည်းမဖြစ်နိုင်ဘူး။ မဖြစ်နိုင် တဲ့အခါမှာ ညှိရတဲ့ အခါရှိတယ်။ ညှိရတဲ့အခါ လွှတ်တော်ကတော့ ဘာကို အဓိကထားလဲဆိုတော့ Eregrss Center ၊ Eregrss သဘောထားကိုပဲ ကြည့်တယ်။ အဲဒီအတွက်ပဲ လုပ်ဆောင်တယ်။ ဒီလို လုပ်ဆောင်တဲ့အခါမှာ အစိုးရ ကလဲ ပြည်သူ ရဲ့သဘောထား၊ ပြည်သူရဲ့ဆန္ဒကို လေးစားတယ်။ ဒီကြားထဲမှာ သဘောထားမတူတာ၊ တစ်ထပ်တည်းမကျတာရှိနိုင်ပါတယ်။ ဒါဟာ သဘာဝပါ။”

ဇူလိုင်လ ၃ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “နိုင်ငံတော်သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌတို့ ပဋိပက္ခအသွင်ဆောင်နေခြင်းမဟုတ်ဟု သူရဦးရွှေမန်းပြော” သတင်းမှ သူရဦးရွှေမန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“စစ်သားဆိုတော့ တိုက်မယ်၊ခိုက်မယ်၊ သွားမယ်၊ လာမယ်ပေါ့။ အဲဒါကို ဒီမှာလာထိုင်ခိုင်းထားပြီးတော့ ပျင်းရိငြီးငွေ့လာ တယ် ထင်ပါတယ်။ မေးတဲ့အခါမှာ မြုံစိစိလုပ်ပြီး၊ ဟိုဖတ် ဒီဖတ်၊ ဟိုရေး ဒီရေး လုပ်မှာပေါ့။ သူတို့ သဘောက ထောက်ခံတာ လည်းမဟုတ်၊ မထောက်ခံတာလည်းမဟုတ်၊ အဲဒါကိုစိတ်မရှည်ဘဲ လွှတ်တော်ဥက္ကဋ္ဌကနေ ထောက်ခံရင်လည်း ထောက်ခံ၊ မထောက်ခံရင်လည်း ပြော ဆိုတဲ့သဘောပါ။”

ဇူလိုင်လ ၄ ရက်နေ့ထုတ် Popular News Journal အတွဲ (၅) အမှတ် (၂၆) တွင်ပါရှိသော “တပ်မတော်သား ကိုယ်စားလှယ်များ တုံ့ပြန်ဖြေကြားခြင်းမရှိ၍ လွှတ်တော်ပြင်ပသို့ ထွက်ခိုင်းသည်အထိ အမိန့်ချနိုင်ကြောင်း ဥက္ကဋ္ဌသတိပေး” သတင်းမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပြည်တွင်းနိုင်ငံရေးအခြေအနေတွေအပေါ် ထပ်မံဖြည့်စွက်ပြောချင်တာများရှိရင် ပြောပါဦး။

လူမျိုးရေး၊ဘာသာရေး ကွဲပြားခြားနားမှုကို အခြေခံတဲ့ လှုပ်ရှားမှုတွေ၊ အကြမ်းဖက်မှုတွေဟာ ကျွန်တော်တို့ တည်ဆောက် ချင်တဲ့ ဒီမိုကရေစီနိုင်ငံရေးစနစ်အတွက် အလွန်ကြီးမားတဲ့ အန္တရာယ်ပါပဲ၊ အစွန်းရောက်တဲ့ အမျိုးသားရေးပြောဆို လှုပ်ရှားမှု တွေကို ကာကွယ်ဖို့၊ တားဆီးဖို့၊ ထိန်းသိမ်းဖို့ကိစ္စတွေဟာ  အစိုးရမှာ တာဝန်ရှိပါတယ်။ နိုင်ငံရေးအင်အားစုတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ တာဝန်သိ တိုင်းသူပြည်သားတွေမှာလည်း တာဝန်ရှိပါတယ်။ အားလုံးပူးပေါင်းဆောင်ရွက်ပြီး ထိန်းသိမ်း ကြစေချင်ပါတယ်။ ဒီလို လှုပ်ရှားမှုတွေကို ကာကွယ်တားဆီးဖို့ အစိုးရမှာ တာဝန်အရှိဆုံးလို့ ထပ်ဆင့်ပြီး ကျွန်တော့်သဘော ထားကို ပြောချင်ပါတယ်။”

ဇူလိုင်လ ၃ ရက်နေ့ထုတ် 7 Day News Journal အတွဲ (၁၂) အမှတ် (၁၇) တွင်ပါရှိသော “အစွန်းရောက်တဲ့ အမျိုးသားရေးပြောဆိုလှုပ်ရှားမှုတွေကို ကာကွယ်တားဆီးဖို့၊ထိန်းသိမ်းဖို့ အစိုးရမှာ တာဝန်အရှိဆုံးပါပဲ” အင်တာဗျူးမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၏ဖြေကြားချက်အားကောက်နှုတ်ချက်။


“ကျွန်တော်တို့နိုင်ငံမှာ စိန်ခေါ်မှုတွေအများကြီးရှိတယ်။ အသစ်ပေါ်ပေါက်လာတဲ့ လွတ်လပ်မှုတွေကို အသုံးပြုတဲ့အခါမှာ လူတွေဟာ အတိုင်းအဆမရှိတာတွေ ရှိတယ်။ ဒါတွေအားလုံးက ကျွန်တော်တို့ အစိုးရတစ်ခုထဲမှာသာ တာဝန်ရှိတာ မဟုတ်ဘူး။ လူ့အဖွဲ့အစည်းအားလုံး မီဒီယာ အပါအဝင်ဝိုင်းထိန်းဖို့ လိုပါတယ်။”

 ဇူလိုင်လ ၄ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၃) အမှတ် (၁၅၂) တွင်ပါရှိသော “ပဋိပက္ခများ နောက်ကွယ်တွင် အစိုးရနှင့် တပ်မတော် ပါဝင်မှုမရှိ” သတင်းမှ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လူတွေစိတ်ဝင်စားနေတဲ့ သဝဏ်လွှာပေးလိုက်တဲ့ကိစ္စ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး လုပ်ဖို့၊ ဘာ့ကြောင့်များ ဒီလိုသဝဏ်လွှာပို့လိုက်သလဲဆိုတာ စိတ်ဝင်စားကြလိမ့်မယ်။ ဒါ့ကြောင့် ဒီအကြောင်းကို ဒီနေ့လွှတ်တော်မှာ ရှင်းပြလိုက်တယ်။ လွှတ်တော်မှာ ရှင်းပြလိုက်တယ်ဆိုရင် အားလုံးသိမယ်ဆိုပြီး လွှတ်တော်မှာ ရှင်းပြလိုက်ပါတယ်။ တကယ်လို့ လွှတ်တော်မှာ ရှင်းပြခွင့်မကြုံကြိုက်ဘူးဆိုရင် သတင်းမီဒီယာတွေနဲ့ သက်သက်တွေ့ပြီး ပြောမယ်လို့ စိတ်ကူးရှိ ခဲ့တယ်။ လွှတ်တော်မှာ ပြောပြီးဖြစ်တဲ့အတွက် သီးခြားပြောစရာ မလိုတော့ဘူးလို့ ထင်တယ်။”

ဇူလိုင်လ ၃ ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “ယနေ့ကာလသည် လက်နက်ကိုင်၍ အုပ်ချုပ်သော ခေတ်မဟုတ်၊ လက်နက်ကိုင်အဖွဲ့အစည်းများသည် ယနေ့ဒီမိုကရေစီ စနစ်နဲ့ အညီ ဖြစ်စေလို” သတင်းမှ သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

အလုပ်သမားရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အလုပ်သမားစင်တာတစ်ခု ဖွင့်လှစ်မည်

မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းအလုပ်သမားများ အသိဉာဏ်ဖွံ့ဖြိုးရေးနှင့် အလုပ်သမားအခွင့်အရေးတို့ကို အကာအကွယ် ပေးနိုင်ရန် အလုပ်သမား စင်တာတစ်ခုကို ဇူလိုင်လအတွင်း လှိုင်သာယာမြို့နယ် ထီးလှိုင်ရှင်အိမ်ရာတွင် ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူ ဦးဌေးထံမှ သိရသည်။ အဆိုပါစင်တာကို အလုပ်သမားအရေး ဆောင်ရွက်သူများက ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး အဆိုပါ အလုပ်သမားစင်တာ ဖွင့်လှစ်ပြီးစီးပါက အလုပ်သမားများ၏အကျိုးစီးပွားနှင့် အလုပ်သမားဥပဒေဆိုင်ရာ ဟောပြော ဆွေးနွေးပွဲများပြုလုပ်ကျင်းပ နိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အလုပ်သမားများ၏ အသိပညာရေချိန်မြင့်တက် လာနိုင်စေရန် အဆိုပါစင်တာတွင် စာကြည့်တိုက်များလည်း ထားရှိပေးသွား မည် ဖြစ်ကြောင်း သိရသည်။


တပ်မတော်အဆင့်မြင့် အရာရှိအချို့အား ရာထူးပြောင်းရွှေ့ခန့်အပ်

တပ်မတော်မှ အဆင့်မြင့် အရာရှိများ ဖြစ်သည့် ဗိုလ်ချုပ်လှမြင့်ရွှေ (ကြည်း ၁၆၅၇၁) နှင့် ဗိုလ်မှူးချုပ် မင်းသိန်းဇံ (ကြည်း ၁၆၇၃၆) တို့အား နိုင်ငံခြားရေးဝန်ကြီးဌာန အမိန့်အမှတ် ၂၃၈၊၂၃၉၊ ၂၄၀၊ ၂၄၁/ ၂၀၁၃ အရ သံအမတ်ကြီးရာထူးဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း သိရသည်။ ယင်းအမိန့် ကြော်ငြာစာတွင် အဆိုပါ ပုဂ္ဂိုလ်များအား ပြောင်းရွှေ့ခန့်အပ်ကြောင်းသာ ဖော်ပြပါရှိပြီး မည်သည့်နိုင်ငံများအတွက် သံအမတ်တာဝန် ထမ်းဆောင်ရမည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။


ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၀)ကို ပယ်ဖျက်

နိုင်ငံရေးပါတီများအနေဖြင့် ပါတီဝင်အင်အားစုဆောင်းခြင်းနှင့် စုဝေးဟောပြောစည်းရုံးနိုင်ရန်အတွက် ထုတ်ပြန်ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၀) ကို ပယ်ဖျက်လိုက်ကြောင်း ဇူလိုင်လ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ ကို အသိပေးစာ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ပြည်ထောင်စုလွှတ်တော်မှ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေများအား အတည်ပြုပြီးဖြစ်သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဆိုပါ အမိန့်စာကို ပယ်ဖျက်လိုက်သည့်အတွက် နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ဟောပြောခွင့်များကို ယင်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။


ဇွန် ၂ ရက်နေ့ အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ဆက်သွယ်ရေးဥပဒေကြမ်းတင်သွင်းမည်

ဆက်သွယ်ရေး ဥပဒေကြမ်းကို ဇူလိုင်လ ၂ ရက်နေ့က ပြုလုပ်ကျင်းပသော အမျိုးသားလွှတ်တော် ပုံမှန် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သိရသည်။ အဆိုပါ ဆက်သွယ်ရေးဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်များနှင့် အတူတစ်ပိုဒ်ချင်းစီအလိုက်  လွှတ်တော်ကိုယ်စား လှယ်များ၏ သဘောတူညီချက်များခံယူကာ အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ပြည်သူ့ဘဏ္ဍာငွေဖြင့်သာ ငြိမ်းချမ်းရေးဆောင်ရွက်ရန် ကာ/လုံ စည်းဝေးဆုံးဖြတ်ချက်ချ

ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် ပြည်ပမှ ထောက်ပံ့မှုများရရှိရန် ရည်ရွယ်ချက်မထားဘဲ နိုင်ငံတော်နှင့် ပြည်သူ့ဘဏ္ဍာ ငွေကြေးများကိုသာ သုံးစွဲ၍ ဆောင်ရွက်သွားရန် အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြောင်း အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ဥက္က၏ သူရဦးရွှေမန်းက ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အစည်းအဝေးများကို အနည်းအဆုံး တစ်ပတ်လျှင် တစ်ကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


လေယာဉ်ဆီတင်သွင်းဖြန့်ဖြူးရောင်းချခွင့်အား ပုဂ္ဂလိက ကုမ္ပဏီများအား လုပ်ခွင့်ပြုတော့မည်

ကာလရှည်ကြာ အစိုးရဌာနက စီမံအုပ်ချုပ်သော လေယာဉ်ဆီ တင်သွင်းခြင်းနှင့် ဖြန့်ဖြူးရောင်းချခွင့်ကို ပုဂ္ဂလိက ကုမ္ပဏီများသို့ တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးစနစ်ဖြင့် လုပ်ပိုင်ခွင့်ပေးမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြောရေး ဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူး ရောင်းချခွင့်ပြုရန်အတွက် ကုမ္ပဏီ အရေအတွက်နှင့် အဆိုပြုလွှာ၏ နောက်ဆုံးပိတ်ရက်ကိုလည်း ကန့်သတ်ထားခြင်း မရှိကြောင်းနှင့် ခွင့်ပြုချက်အရ လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးခွင့် ရရှိသူသည် မိမိဖြန့်ဖြူး ရောင်းချနိုင်သည့် ဈေးကွက် လိုအပ်ချက် ပမာဏအတိုင်း တင်သွင်းဖြန့်ဖြူး ရောင်းချနိုင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။


ရန်ကုန်မြို့တော် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လိုက်နာရန် အလုပ်ချိန်သတ်မှတ်

ခေတ်မီ မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးရေးအတွက် တိုက်တာ၊ နေအိမ်၊ ခုံးကျော်၊ မြစ်ကူးတံတားများ နေ့ရောညပါ အရှိန် အဟုန်ဖြင့် တည်ဆောက်လျက်ရှိသော ရန်ကုန်မြို့တော်၏ ဆောက်လုပ်ရေးလုပ်ငန်းများတွင် လိုက်နာရန် အလုပ်ချိန်များ သတ်မှတ်လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ ဆောက်လုပ်ရေး လုပ်ငန်းများ၏ အလုပ်ချိန်ကို ဇွန်လ နောက်ဆုံးပတ်မှစ၍ နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ သတ်မှတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှသိရသည်။ ထုတ်ပြန်ထားသော စည်းကမ်းများကို ဖောက်ဖျက်၍ ညပိုင်းအချိန်များတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိပါက ပထမအကြိမ် ခေါ်ယူသတိပေးခြင်း၊ ဒုတိယအကြိမ် ဒဏ်ရိုက်ခြင်းနှင့် တတိယ အကြိမ်တွင် ဆောက်လုပ်ရေးလိုင်စင် ပိတ်သိမ်းသည်အထိ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ ဌာန လက်ထောက်ဌာနမှူးက ပြောကြားသည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment