Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံမှာ အကြမ်းဖက်ဖြစ်ရပ်များတွင် နိုင်ငံတော်၏ပါဝင် ပတ်သက်မှု

(1 July 2013 ရက်စွဲပါ Asia Times Online မှ Tom Fawthrop ရေးသားသော “State Complicity in Myanmar Pogroms” ကို ဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံမှာ အကြမ်းဖက်ဖြစ်ရပ်များတွင် နိုင်ငံတော်၏ပါဝင် ပတ်သက်မှု

(1 July 2013 ရက်စွဲပါ Asia Times Online မှ Tom Fawthrop ရေးသားသော “State Complicity in Myanmar Pogroms” ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ သမ္မတဦးသိန်းစိန်သည် အနောက်နိုင်ငံအစိုးရများနှင့် ရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံသစ် အနေ ဖြင့် စစ်အစိုးရအုပ်ချုပ်ခဲ့သော  အမှောင်နေ့ရက်များသို့ ပြန်မလှည့်တော့ကြောင်း သေချာကြောင်း ပြသရန် တက်ကြွစွာ ကြိုးပမ်းနေပါသည်။ သို့သော် သူသည် ယနေ့ထိ သံသယဖြစ်ဖွယ် ဗုဒ္ဓဘာသာဂိုဏ်းများက စနစ်တကျ မွတ်ဆလင် အသိုင်းအဝိုင်းများ အပေါ် တစ်မြို့ပြီးတစ်မြို့ သွေးထွက်သံယို တိုက်ခိုက်နေမှုများကို အကာအကွယ် မပေးနိုင်ခဲ့သေးပေ။

ဦးသိန်းစိန်သည် မကြာခဏ လူမျိုးရေးအရ အကြမ်းဖက်မှုများ ရပ်ဆိုင်းရန် ပြောကြားခဲ့သော်လည်း ထင်သလောက် အရာမထင်ခဲ့ပေ။ အစိုးရက အရေးယူဆောင်ရွက်မှုမရှိခြင်း၊ မွတ်ဆလင်ဆန့်ကျင်ရေး စိတ်ဓါတ် ဒီရေအလား တိုးတက်လာ နေမှုကို တားဆီးမည့် အစီအစဉ်မရှိခြင်းနှင့် နောက်ထပ် အကြမ်းဖက်ဖြစ်စဉ်တစ်ခု မဖြစ်ရန် အကာကွယ်နိုင်ခြင်းတို့ကြောင့် အများ၏ ယုံကြည်မှုကို ရရှိအောင် မလုပ်ဆောင်နိုင်ခဲ့ပေ။ မွတ်ဆလင်များအပေါ် မတရားဝေဖန်ထားသော စာရွက်များ၊ မဂ္ဂဇင်းများမှာ တိုင်းပြည်တစ်လွှားနေ့စဉ် ပလူပျံနေပါသည်။

တစ်ချိန်တည်းမှာပင် အစွန်းရောက်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကလည်း မွတ်ဆလင်များကို တိုက်ရိုက် တိုက်ခိုက်သော အန္တရာယ်ကြီးသည့် တရားများ ဟောကြားကြပါသည်။ လူဦးရေ သန်း ၆၀ ရှိသော မြန်မာနိုင်ငံတွင် မွတ်ဆလင်ဦးရေ မှာ ၅% သာရှိပါသည်။

ပြီးခဲ့သည့် ဇွန်လက ရှမ်းပြည်နယ်လားရှိုးမြို့တွင် ဗုဒ္ဓဘာသာမော်တော်ဆိုင်ကယ်ဂိုဏ်းသည် မွတ်ဆလင်ဆိုင်များ နှင့် နေအိမ်များကို ဖျက်ဆီးခဲ့ရာ နောက်ဆုံးအဖြစ်အပျက် ဖြစ်ပါသည်။ ရှမ်းလူမျိုးသုတေသနပြုသူ စိုင်းလတ်က Asia Time Online သို့ပြောကြားရာတွင် မွတ်ဆလင်တွေအပေါ် အစွန်းရောက်အမုန်းတရားဝါဒ ဖြန့်ချီရေးကို နှိမ်နင်းရန် အစိုးရနှင့် ရဲတပ်ဖွဲ့က မည်သို့မျှ လုပ်ဆောင်ခြင်းမရှိဟု ဆိုပါသည်။

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က စတင်ဖြစ်ပွားသော ရိုဟင်ဂျာများအပေါ် သတ်ဖြတ် ခြင်းများသည် ယခုနှစ်တွင် မွတ်ဆလင်လူဦးရေအပေါ် ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့ခဲ့ပြီး အကြမ်းဖက်မှုကို ခံရပါသည်။ ပြီးခဲ့ သည့် မတ်လက မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာတွင် မွတ်ဆလင်ဆိုင်များနှင့် အိမ်များ (၁၃၀၀) ခန့် မီးရှို့ခံခဲ့ရပါသည်။ အရေးယူခံရခြင်း မရှိသောကြောင့် အဆိုပါကျူးလွန်မှုများသည် တောင်ပိုင်း ပဲခူးတိုင်းသို့ ပြန့်နှံ့သွားခဲ့ပြီး၊ ဥက္ကံမြို့နယ်တွင်ပါ လှိုင်းလုံးရိုက်ခတ်မှု ရှိခဲ့ပါသည်။

သို့ဆိုလျှင် မြန်မာနိုင်ငံတွင်  ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ပြီး ပိုမိုလွတ်လပ်ခွင့်ပေးလာခြင်း၏ မလွဲ မရှောင်သာရလာသော ရလဒ်သည် အကြမ်းဖက်မှုလေလား။

သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် ပြောကြားခဲ့မှုက ကျွန်ုပ်တို့ကို  ထိုသို့ ယုံကြည်မှုမျိုးကို ဖြစ်စေပါသည်။ “ကျွန်တော်တို့ ဒီလိုပရမ်းပတာ အခြေအနေမျိုးကို မရှောင်နိုင်ပါဘူး” ဟု ဦးရဲထွဋ်က AFP သတင်းဌာန သို့ပြောပါသည်။ ၎င်းက Hate Speech များနှင့် မွတ်ဆလင်များအပေါ် ပစ်မှတ်ထားသော အကြမ်းဖက်မှုများသည် ပြုပြင်ပြောင်းလဲရေးအစိုးရ ခွင့်ပြုသော လွတ်လပ်ခြင်းအသစ်များ၏ ဘေးထွက်ဆိုးကျိုးများဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

ပြန်ကြားရေးဒုဝန်ကြီးလည်းဖြစ်သော ဦးရဲထွဋ်က အစိုးရသည် အဆိုပါ ပရမ်းပတာဖြစ်မှုများကို မထိန်းနိုင်ကြောင်း ပြောခဲ့သော်လည်း ကနေဒါရှိ Simon Fraser တက္ကသိုလ်မှ PhD ကျောင်းသားစိုင်းလတ် ကမူ မွတ်ဆလင်များအပေါ် တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် ကြိုးကိုင်မှုရှိသော ပုံစံကို ရှင်းရှင်းလင်းလင်း တွေ့ရသည်ဟု ဆိုပါသည်။

“အဓိကရုဏ်းမဖြစ်မီ မြို့ထဲကို မွတ်ဆလင်ဆန့်ကျင်ရေးစာရွက်တွေ အရင်ရောက်လာတယ်။ နောက် ဘုန်းကြီး တွေက အနီးတဝိုက်မှာ ၉၆၉ တရားတွေဟောကြတယ်။ အကြမ်းဖက်မယ့်နေ့မှာ ဘုန်းကြီးတွေအပါအဝင် ကားနဲ့အပြည့် မျက်နှာစိမ်းတွေ ရောက်လာတာပါပဲ။ ဖြစ်တဲ့အဖြစ်အပျက်တိုင်းမှာ ဗုဒ္ဓဘာသာတွေရဲ့ ဒေါသကိုဆွတဲ့ ကိစ္စမျိုးချည်း ဖြစ်တာ ပဲ။” ဟု ၎င်းက ပြောပါသည်။

အဓိကရုဏ်းဖြစ်ပွားရာတွင် ဒေါသဖြစ်နေသော လူအုပ်ကြီးသည် “မွတ်ဆလင်တွေကို သတ်ကြ” ဟု အော်ဟစ် လျက် ဗလီများ၊ မွတ်ဆလင်များ၏ နေအိမ်များကို မီးရှို့ကြပြီး၊ ဗုဒ္ဓဘာသာများပိုင်ဆိုင်သော နေအိမ်များကို ဂရုပြု၍ မထိခိုက် အောင် ရှောင်ကြသည်ကို တွေ့ရပါသည်။

စိုင်းလတ်၏ အဆိုအရ ကြိုတင်ကာကွယ်သည့် လုပ်ရပ်များမရှိကြောင်း သိရပါသည်။ မည်သို့ပင် ဖြစ်ပျက်ခဲ့သည် ဖြစ်သော်လည်း ဦးရဲထွဋ်၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် မွတ်ဆလင်များကိုသာ အပြစ်တင်ပြီး၊ အဖြစ်မှန်ကို ဖုံးကွယ်ရန် ကြိုးစားသည်ကို တွေ့ရပါသည်။

မြန်မာပြည်အလယ်ပိုင်းမှ မိတ္ထီလာသည် မကြာမီက မွတ်ဆလင်ဆန့်ကျင်ရေး၏ အမွေဆိုးကို ကောင်းစွာခံစားလိုက် ရသော မြို့ဖြစ်ပါသည်။ မြို့၏ ကြီးမားသော အစိတ်အပိုင်းသည် မြို့ပျက်ကြီးတစ်ခုပမာ ဖြစ်ခဲ့ပြီး မွတ်ဆလင်နေအိမ်များ၊ ဆိုင်များ၊ ဗလီများ စုစုပေါင်း (၁၃၀၀) ခန့် ပျက်စီးသွားခဲ့ရပါသည်။ စာရေးသူ သတင်းထောက်သည် မွတ်ဆလင်အသိုင်း အဝိုင်းအပေါ် လေးရက်တာလူအုပ်ကြီးဖြင့် တိုက်ခိုက်သည့်ဖြစ်စဉ်တွင် မျက်မြင်သက်သေများနှင့် အထောက် အထားများအရ အစိုးရမှ ပါဝင်ပတ်သက်ကြောင်း ယုံကြည်ဖွယ် တွေ့ရပါသည်။

Physicians for Human Rights မှ မြန်မာပြည်ပရော့ဂျက် ဒါရိုက်တာဟောင်း Bill Davis နှင့် ထိုအဖွဲ့မှ အကြီးတန်းဥပဒေအကြံပေး Andrea Giltleman တို့၏ အစီရင်ခံစာတွင် မိတ္ထီလာတွင် စုံစမ်းစစ်ဆေးသူများ တွေ့ရှိသည့်အချက်မှာ မွတ်ဆလင်များကို အကြမ်းဖက်သော ဖြစ်စဉ်တွင် ရဲများပါဝင်ပတ်သက်ကြောင်း ၎င်းတို့သည် မွတ်ဆလင်များကို လက်နက်ကိုင်ထားသော အရပ်သားလူအုပ်ထဲသို့ မောင်းသွင်းပြီး၊ နှိပ်စက်၊ သတ်ဖြတ် သည်ကို မတားဆီး ခဲ့ကြောင်း ကျူးလွန်သူများကိုလည်း ဖမ်းဆီးခြင်းမရှိကြောင်းဆိုပါသည်။

မိတ္ထီလာတွင် ရဲတပ်ဖွဲ့၏ လုပ်ရပ်သည် ဥပဒေထိန်းသိန်းရေး တာဝန်ရှိပုဂ္ဂိုလ်များ လိုက်နာရမည့် ကုလသမဂ္ဂ ကျင့်ထုံးများကို ချိုးဖောက်ကြောင်း တွေ့ရှိရပြီး၊ ဗဟိုအစိုးရကလည်း စနစ်တကျပစ်မှတ်ထား၍ တိုက်ခိုက်ခံရ သောနိုင်ငံသား များကို အကာအကွယ်ပေးရန် ထိရောက်သော တုန့်ပြန်မှုများမပြုနိုင်ခဲ့ကြောင်း ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ကုလသမဂ္ဂသည် အဆိုပါ မှတ်ချက်မျိုးနှင့်ဆင်တူသော အချက်များကို လက်ခံရရှိခဲ့ပါသည်။ မတ်လ (၂၆) ရက်နေ့က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Vijay Nambiar ကပြောကြားရာတွင် အကြမ်းဖက်မှုဖြစ်စဉ်တွင် မွတ်ဆလင်များမှာ ပစ်မှတ်ထားခံရပြီး၊ တိုက်ခိုက်မှုများကို သွေးထွက်သံယို ကိစ္စများတွင် လက်စ လက်န ရှိသူများကို အသုံးပြုခဲ့သည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tomar Ojea Quintana က ပြောကြားရာတွင် ၎င်းအနေဖြင့် အချို့အကြမ်းဖက်မှုများတွင် အစိုးရပါဝင်ပတ်သက်မှုရှိကြောင်း သတင်းပို့မှုများ လက်ခံရရှိ ကြောင်း၊ စစ်တပ်၊ ရဲနှင့် အခြား လုံခြုံရေးထိန်းသိမ်းသည့် အရပ်သားများသည် အကြမ်းဖက်မှု ကျူးလွန်နေမှုများကို ၎င်းတို့၏ မျက်စိရှေ့တွင် ဖြစ်ပျက်နေမှုများကို ထိုင်ကြည့်နေကြကြောင်း၊ ကျူးလွန်သူများတွင် စနစ်တကျဖွဲ့စည်းထားသော အစွန်း ရောက် အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာလူအုပ်ကြီး ပါဝင်ကြောင်း ဆိုပါသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် စစ်အစိုးရအား ဆန့်ကျင်ရာ၌ ဦးဆောင်ပါဝင်ခဲ့သူ အရှင်အစ္စရိယ က မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်များမှာ ဆယ်စုနှစ်များစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြသည်ကို သိရှိကြောင်း၊ မိတ္ထီလာရှိ မွတ်ဆလင်သားကောင်များနှင့်  ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကြားနှင့် အမုန်းမီးလျှံများ ဝိုင်းနေပြီး မွတ်ဆလင် ပိုင်ပစ္စည်းများ အဖျက်ဆီးခံရသော အခြားနေရာများတွင်လည်း အဆိုပါအချက်ကိုပင် ထပ်တလဲလဲ ကျေညာချက်ထုတ် သည်ကို တွေ့ရကြောင်း ဆိုပါသည်။

ဒေသခံများထံမှ မကြာခဏ ပြောကြားမှုများမှာ မမြင်ဘူးသော သူစိမ်းများသည် တုတ်များ၊ ဓါးများ၊ ဓါးရှည်များ ကိုင်ထားပြီး ထရပ်ကားများဖြင့် ရောက်လာကြသည်ဟု ဆိုပါသည်။ မီးပွားဖြစ်လာမည့် မွတ်ဆလင်တစ်ဦးနှင့် ဗုဒ္ဓဘာသာဝင် တစ်ဦးတို့၏ ပြဿနာရှာအပြီးတွင် အဆိုပါ လူအုပ်ကြီးသည် အကြမ်းဖက်မှုများကို စတင်လုပ်ဆောင်ပြီး မွတ်ဆလင်များ၏ နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများကို ဖျက်ဆီးကြပါသည်။

ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီး အရှင်အစ္စရိယက Asia Time Online သို့ပြောကြားရာတွင် “ဤ အကြမ်းဖက်မှုများ ဟာ သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်အတွက် ဘာသာရေးကို ခုတုံးလုပ်လိုတဲ့ အုပ်စုတစ်ခုရဲ့ အသေအချာ စီစဉ်ထားတဲ့ ကင်ပိန်းတစ်ခု ဖြစ်ပါတယ်။ အဲဒီ အုပ်စုတွေဟာ စစ်အစိုးရပြန်လာဖို့ တမ်းတကြတဲ့လူတွေပါ။ ဦးသန်းရွှေ က ဦးသိန်းစိန် ထက်ပိုပြီး ပါဝါကြီးတယ်။” ဟု ဆိုပါသည်။

Open သတင်းဂျာနယ်အယ်ဒီတာချုပ်နှင့် မြန်မာနိုင်ငံသတင်းစာဆရာများအသင်း ဥက္ကဋ္ဌ ဦးသီဟစော ကမကြာမီက ပြောကြားရာတွင် “ခြုံပြီး ပြောရမယ်ဆိုရင် မြန်မာနိုင်ငံဟာ ဘာသာရေးအရ ဟန်ချက်ညီတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ မွတ်ဆလင်ဆန့်ကျင်ရေး ဝှက်ဖဲက စစ်တပ်က အရေးကြီးတဲ့အချိန်မှာ သုံးလေ့ရှိတဲ့ကိစ္စပါ။ နည်းလမ်းဟောင်းကြီး ဖြစ်ပါတယ်။ ဗလီတွေကို ဖျက်တဲ့ လူအုပ်ကြီးတွေဟာ အပြင်လူတွေဖြစ်ပါတယ်။ အလုပ်လက်မဲ့တွေကို ငှားရမ်းထားတာဖြစ်ပြီး စစ်သားတွေရဲ့ လေ့ကျင့်ပေးမှုတွေရှိခဲ့တယ်လို့ စွပ်စွဲမှုတွေ ရှိပါတယ်” ဟု ပြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များမှာ မွတ်ဆလင် ဆန့်ကျင်ရေးလှုပ်ရှားမှုများဖြင့် ခွဲခြား၊ တိုက်ခိုက်မှုကိုခံရပါ သည်။ ဦးဝီရသူ ခေါင်းဆောင်သော အစွန်းရောက်ဘုန်းကြီးများနှင့် ၉၆၉ လှုပ်ရှားမှုများသည် မွတ်ဆလင်များကို ပစ်မှတ်ထားကာ၊ ၎င်းတို့၏ လူမျိုးရေးခွဲခြားသော အမြင်များကြောင့် တစ်ကမ္ဘာလုံးက အာရုံစိုက်မှုကို ရရှိခဲ့ပါသည်။ သို့သော် ဗုဒ္ဓ၏ အဆုံးအမတရားများနှင့် ငြိမ်းချမ်းရေးလမ်းကြောင်း၊ ဘာသာရေးအရ သည်းခံမှု၊ လူမှုရေးအရ တရားမျှတမှုများ ကိုင်စွဲ ထားသော ဗုဒ္ဓဘာသာကွန်ရက်များကိုမူ နိုင်ငံတကာရော၊ ပြည်တွင်း မီဒီယာများက လစ်လျူရှုထားကြပါသည်။

မိတ္ထီလာတွင် ဘုန်းကြီးကျောင်းတစ်ကျောင်းမှ ဆရာတော်ဦးဓမ္မိသာရ ကပြောကြားရာတွင် “မွတ်ဆလင် တစ်ထောင် လောက် တိုက်ခိုက်ခံရလို့ ထွက်ပြေးလာတာကို သိလို့ ဘုန်းကြီးတို့ကျောင်းထဲမှာ လုံခြုံအောင် ဖွက်ပေးထားရတယ်။ တခြား ဘုန်းကြီးကျောင်းတွေကလည်း သူတို့အသက်တွေကို ကယ်ခဲ့တယ်ဆိုတာ သေချာပါတယ်” ဟု ဆိုပါသည်။

အရှင်အစ္စရိယတွင် သံဃာ (၈၀၀) ခန့် ကွန်ရက်ရှိရာ မိတ္ထီလာမှအကြမ်းဖက်ခံရသူများကို လူသားချင်းစာနာသော အကူအညီများပေးပြီး၊ မွတ်ဆလင်များကို ထိန်းသိမ်းထားသော စခန်းများတွင် စားနပ်ရိက္ခာများ၊ အဝတ်အထည်များနှင့် အခြားပစ္စည်းများကို ထရပ်ကားများဖြင့် ပို့ဆောင်ပေးပါသည်။

ဥက္ကံတွင် အခြေစိုက်သော ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးရွှေည က သံဃာများစုဝေးမှုတွင် ပြောကြားရာတွင် “ဘုန်းကြီးတို့စုပေါင်းပြီး ဒီအကြမ်းဖက်မှုတွေရပ်သွားအောင် လုပ်ရပါလိမ့်မယ်။ ဒါမှသာ ဥက္ကံအတွက်သာမက မြန်မာနိုင်ငံ အတွက်ပါ ကောင်းမှာပါ။ တကယ်လို့ ပဋိပက္ခဟာ ဘာသာရေးကို အခြေခံပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံး ပြန့်နှံ့သွားမယ်ဆိုရင် အာဏာသိမ်းမှုဖြစ်လာပြီး၊ အမှောင်လမ်းကြောင်းကိုပဲ ဦးတည်သွားပါလိမ့်မယ်။” ဟု မိန့်ကြားခဲ့သည်ဟု ဧရာဝတီက သတင်းဖော်ပြခဲ့ပါသည်။

အကယ်၍ အစိုးရအဖွဲ့အတွင်းမှ စစ်တပ်အုပ်စု သို့မဟုတ် သဘောထားတင်းမာသူများက ဤမွတ်ဆလင် ဆန့်ကျင် ရေးဖဲချပ်ကို အသုံးပြုနေသည်ဆိုပါက ၎င်းတို့၏ အမှန်တစ်ကယ် ရည်မှန်းချက်မှာ နောက်ထပ် အာဏာသိမ်းမှုတစ်ခုအတွက် မဟုတ်တန်ရာပေ။ အထက်ပါ အကြမ်းဖက်လုပ်ရပ်များမှတဆင့် အမည်ခံအရပ်သား အစိုးရ၏ အခင်းအကျင်းတွင် စစ်တပ်၏ အခန်းကဏ္ဍ ကြီးမားမှုခိုင်မြဲရန်၊ အောက်ခြေလူတန်းစားများ၏ အမြင်တွင် နောက်ထပ်ပရမ်းပတာဖြစ်ရပ်များ မကြုံစေရန် အားကောင်းသော စစ်တပ်လိုအပ်နေသေးသည်ဟုဆိုသည့် ခံယူချက်ရှိလာစေရန် ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ယခု အကြမ်းဖက်ဖြစ်ရပ်များကြောင့် ပြည်တွင်း တိုင်းရင်းသားများကြား လိုက်လျောညီထွေရှိမှုတွင် ပြင်မရနိုင်သော ထိခိုက်ပျက်စီး မှုများဖြစ်ရပြီး၊ နိုင်ငံတကာတွင်လည်း တိုင်းပြည်ပုံရိပ် ထိခိုက်ပျက်စီးခဲ့ရပါပြီ။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment