Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. သတ္ထုတူးဖော်ရေး လုပ်ကိုင်ခွင့်အတွက် ရုရှားနှင့် အနောက်နိုင်ငံများအား အဓိက ဦးစားပေးမည်
  2.  ဝန်ကြီးဌာနများ၏ အသုံးစရိတ်မကုန်လျှင် ပြန်လာပေးအပ်ရန် တိုက်တွန်းချက် ထုတ်ပြန်
  3. အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တွင်းတွင် တပ်မတော်သား ကိုယ်စားလှယ်များလည်း ထောက်ခံဟုဆို


သတ္ထုတူးဖော်ရေး လုပ်ကိုင်ခွင့်အတွက် ရုရှားနှင့် အနောက်နိုင်ငံများအား အဓိက ဦးစားပေးမည်

မြန်မာနိုင်ငံ၏ သတ္ထုတူးဖော်ရေးလုပ်ငန်းများ နေရာအများစုအတွက် ပြည်ပကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပြုရာတွင် ရုရှား နိုင်ငံနှင့် အနောက်နိုင်ငံများရှိ ကုမ္ပဏီကြီးများကိုသာ အဓိကဦးစားပေး၍ လုပ်ကိုင်ခွင့်ပြု ပေးသွားတော့မည်ဖြစ်ကြောင်း သတ္ထုတွင်း ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းရှိ သတ္ထုလုပ်ကွက်အများစုရှိရာ ဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်များမှ ထွက်ရှိနေသော သတ္ထုများ၏ ပမာဏနှုန်းထား၊ လုပ်ကိုင်နေသော ကုမ္ပဏီများ၏ လုပ်ကိုင်ခွင့် သက်တမ်းကာလကို တိုးမြှင့် ခြင်းနှင့် ထပ်မံခွင့်ပြုမည့် ကုမ္ပဏီအရေအတွက်ကို မကြာမီကာလအတွင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ အရာရှိက ဆက်လက် ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ သတ္ထုတူးဖော်ရေးလုပ်ငန်း အများစုကို လုပ်ကိုင်နေသည့် တရုတ်နှင့် ထိုင်းကုမ္ပဏီ အများစု မှ ထွက်ရှိသည့် သတ္ထုနှုန်းထားထက် ထိမ်ချန်၍ ထုတ်လုပ်လုပ်ကိုင်နေမှုများ ရှိခြင်းကြောင့် ယခု ထပ်မံ ခွင့်ပြုတော့မည့် ကုမ္ပဏီများကို ခွင့်ပြုမပေးမှီ သေချာစွစိစစ်ပြီးမှသာ လုပ်ကိုင်ခွင့်ပြုပေးသင့်ကြောင်း အမျိုးသားလွှတ်တော် သတ္ထုနှင့်သယံဇာတ ကော်မတီအဖွဲ့ဝင် ဦးလှဆွေက ထောက်ပြပြောဆို ဆွေးနွေးခဲ့သည်။

သတ္ထုတူးဖော်ရေးလုပ်ငန်းများကို ပြည်တွင်းပြည်ပ ကုမ္ပဏီများအနေဖြင့် လုပ်ကိုင်ဆောင်ရွက်ရာတွင် သတ္ထုတိုင်းတာ ရှာဖွေစမ်းသပ်မှုများကိုသာ လုပ်ကိုင်ခွင့်ပြုပေးထားပြီး သတ္ထုထွက်ရှိသည့် နေရာများတွင် လုပ်ကိုင်လိုပါက အကျိုးတူ ပူးပေါင်း လုပ်ကိုင်မှုဖြင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့်သာ လုပ်ကိုင်ခွင့် ပြုထားခြင်းဖြစ်ကြောင်း ကယားပြည်နယ် သတ္ထုတူးဖော် ရေးလုပ်ငန်းရှင် ဦးစိုင်းလုံးနိုင်က ပြောကြားသည်။

ယခုအခါ ကယားပြည်နယ်ရှိ မြန်မာနိုင်ငံ၏ အဓိက သတ္ထုတွင်းတစ်ခုဖြစ်သော မော်ချီးသတ္ထုတွင်းတွင်လည်း သတ္ထုတူး ဖော်နေသည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေသည့် ဒေသခံများအကြား အဆိုပါ သတ္ထုတူးဖော်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ အငြင်းပွားမှုများဖြစ်ပွားလျက်ရှိပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ညှိနှိုင်းရန် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) က စီစဉ်လျှက်ရှိကြောင်း သိရှိရသည်။

အစိုးရနှင့် KNPP တို့သည် ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ အချက်ရှစ်ချက်ကို သဘောတူညီလက်မှတ် ရေးထိုးနိုင်ခဲ့သော်လည်း မြန်မာနိုင်ငံအတွင်း သယံဇာတရင်းမြစ် ခွဲဝေအသုံးပြုရေးအတွက်ကိုမူ သဘောတူညီမှု ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၁၇၆ တွင် သတ္ထုကြောနှင့် သတ္ထုသိုက်များတည်ရှိနေပြီး အဆိုပါ သတ္ထုသိုက်များမှ သတ္ထု အမျိုးပေါင်း ၄၀ ကျော်ထွက်ရှိလျှက်ရှိပြီး ယင်းတို့ထဲမှ ၂၀ ကျော်မှာ ကမ္ဘာ့ဈေးကွက်ဝင် တန်ဖိုးရှိသည့် သတ္ထုများ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလက နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် သတ္ထုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် ထုတ်ပြန်ကြေညာ ခဲ့သည်။


 

 ဝန်ကြီးဌာနများ၏ အသုံးစရိတ်မကုန်လျှင် ပြန်လာပေးအပ်ရန် တိုက်တွန်းချက် ထုတ်ပြန်

အစိုးရဝန်ကြီး ဌာနများက  စီမံကိန်းများအတွက် အသုံးပြုရန် ဘတ်ဂျက်ငွေကို ပြည်ထောင်စုလွတ်တော်သို့တင်ပြီး တောင်းခံ သောအခါ ယင်းဘတ်ဂျက်နှစ်အတွင်း အသုံးစရိတ် မကုန်ပါက ပြန်လည်ပေးအပ်ပြီး နောက်ဆုံးတွင် အသစ်ပြန်လည် လျှောက်ထားရန် စာရင်းစစ်ချုပ်ရုံးမှ ထုတ်ပြန်ကြေငြာ၍ တိုက်တွန်းထားကြောင်း   ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းမှ ဇူလိုင်လ ၁၄ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

“ကျွန်တော် အဲဒီဟာကို ဖတ်ကြည့်ရတာတော့ ငွေကို ဘတ်ဂျတ်တင်ပြီး တောင်းလိုက်တဲ့ဟာက မကုန်ဘူးဆိုရင် ပြန်အပ်ဖို့ အဓိကရည်ညွန်းတာလို့ထင်တယ်။ ဒီဘတ်ဂျတ်နှစ်အတွင်းမှာ မကုန်ဘူးဆိုရင်တချို့က ပြန်မအပ်ပဲနဲ့လက်ထဲကိုင်ထားတယ်။ သုံးတယ် ပေါ့ဗျာ။  အဲဒါမျိုး မလုပ်ပဲနဲ့ မကုန်ရင် အပ်လိုက်၊ အပ်လိုက်ပြီးတော့မှာ အသစ်ပြန်လျှောက်ပေါ့။ ဒီလို့ လုပ်ဖို့အတွက် စာရင်းစစ်ချုပ်က တိုက်တွန်းထားတယ်။ ဥပဒေကြမ်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီကလည်း ဒါကို ထောက်ခံတာပေါ့ ” ဟု ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက်  အစိုးရဝန်ကြီးဌာန ၁၁ ခု အောက်အတွင်းရှိ  နိုင်ငံတော်၏ စီးပွားရေး ရငွေ၊ သုံးငွေ စာရင်းဇယားများအား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးရာတွင် တွေ့ရှိရသည့် စာရင်းများနှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ပေါင်းချုပ်ထားသော စာရင်းများတို့ တိုတ်ဆိုင်စစ်ဆေးရာတွင် စာရင်းကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့်  ယင်းစာရင်းကွဲလွဲမှုများနှင့် ပတ်သက်၍လည်း အဖွဲ့အစည်းများ ၂၀ ခု ကို  ဖွဲ့စည်းဆောင်ရွက်ပေးသွားရန် တိုက်တွန်းထားပြီး လုပ်ထုံးလုပ်နည်းအတိုင်း ဆောင် ရွက် အကောင်အထည်ဖော် သွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာငွေများ သုံးစွဲခြင်းနှင့်  ပတ်သက်၍  ပြည်သူများ ထင်သာမြင်သာသိရှိပြီး  စာရင်းထားသို စစ်ဆေးမှု စနစ်များကို နိုင်ငံတကာစံညွန်းများနှင့် အညီ ဖြစ်စေရေးအတွက် ပြုပြင်ပြောင်းလဲရေးနှင့် ပြုပြင်ပြောင်းလဲထားသည့် အတိုင်း ကြပ်မတ်ကွပ်ကြဲပီး စီမံခန့်ခွဲရေး နည်းလမ်းများနှင့်အညီ အရေးယူရန် လိုအပ်သည့်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ဆောင်ရွက်သွား ရန် လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ စီစစ်တင်ပြချက် အစီရင်ခံစာအရ  သိရသည်။

ထို့ပြင် ၂၀၁၂ခုနှစ်အတွင်းတွင် စက်မှု ဝန်ကြီးဌာနနှင့် သတ္ထုတွင်းဝန်ကြီးဌာနတို့၏ ဘဏ္ဍာရေး ငွေ ကျပ်သန်းပေါင်းများစွာ  အလွဲသုံးစားမှုကို  စာရင်းစစ်ချုပ်ရုံးမှ  ယင်းတွေ့ရှိချက်များကို ဇူလိုင်လ ၁၁ ရက်နေ့၌် ပြည်သူ့ငွေစာရင်းကော်မတီမှတဆင့်   ပြည် ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါဝန်ကြီးဌာနနှစ်ခုတို့သည် ၂၀၀၇ ခုနှစ်မှစ၍ နိုင်ငံတော်သို့ ဘတ်ဂျက်ငွေကြေး သန်းပေါင်းများစွာကို ပေးအပ်ရန် ကျန်ရှိနေခြင်းကြောင့် စာရင်းစစ်ချုပ်ရုံးမှ နိုင်ငံတော်သမ္မတနှင့် လွှတ်တော်နှစ်ရပ် သို့ အသိပေးအကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာနသည် နိုင်ငံတော်သို့ ငွေကျပ် ၄၂ သန်းပေးရန်ကျန်ရှိနေပြီး သတ္ထုတွင်းဝန်ကြီးဌာနက ငွေကျပ် ၄၁၀၂၁ ဒသမ ၄၆ သန်း ပေးသွင်းရန် ကျန်ရှိကြောင်း  စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။

 


အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တွင်းတွင် တပ်မတော်သား ကိုယ်စားလှယ်များလည်း ထောက်ခံဟုဆို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များက စတင်၍ အဆိုတင်သွင်းခြင်းဖြစ်ပြီး တပ်မတော်သားကိုယ်စားလှယ်များကလည်း ထောက်ခံကြကြောင်း ဇူလိုင်လ ၁၄ ရက်နေ့တွင် ကျင်းပသော ဖက်ဒရယ်မူနှင့် တိုင်းရင်း သားတို့အမြင် ဆွေးနွေးပွဲ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အခြေခံဥပဒေပြင်ဆင်ရန်မှာ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း၏ ထောက်ခံမှုလိုအပ်သည်ဖြစ် သောကြောင့် တပ်မ တော်သားကိုယ်စားလှယ်များ ရှိနေသည့်အတွက် မဖြစ်နိုင်လျှင် လွှတ်တော်ပြင်ပ၌ ညီလာခံပြုလုပ်ရန် တိုင်းရင်းသားပါတီများက ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ကယန်းပြည်သစ်ပါတီမှ ပြောကြားခဲ့သည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိရမည်ဖြစ်ပြီး ၎င်းနှင့် အညီ ပြည်နယ်၊ တိုင်းဒေသကြီးတို့သည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုသည့် အာဏာသုံးရပ်လုံး ကျင့်သုံးခွင့် ရှိရမည် ဖြစ်ပြီး ပြည်နယ်အကြီးအကဲများကိုလည်း ဒေသခံများက လျှို့ဝှက်မဲဖြင့် တိုက်ရိုက်ရွေးချယ်ခွင့်ရရန်လိုအပ်ကာ ရွေးချယ်ခံရသော ဒေသအာဏာပိုင်များတွင်လည်း ဒေသဆိုင်ရာအုပ်ချုပ်ရေးများ စီမံဆောင်ရွက်ရာတွင် လုံလောက်သော အာဏာရှိရမည်ဖြစ်ကြောင်း၊ ထိုအချက်များအတွက် ၂၀၀၈ အခြေခံဥပဒေကို အားလုံးနီးပါး ပြင်ဆင်ရမည်ဖြစ်ကြောင်း ကယန်းပြည်သစ်ပါတီမှ တာဝန်ရှိသူ တစ်ဦးက ယင်းဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးသွားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင်ပင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ညီလာခံကျင်းပနိုင်ရေး အစိုးရသို့ ညှိနှိုင်းမည့်အစား တိုင်းရင်းသားခေါင်းဆောင်များ ညှိနှိုင်း၍ ကျင်းပသွားရန် အစီအစဉ်ကို ဆွေးနွေးခဲ့ရာ ကယန်းပါတီမှ ယခုလက်ရှိတွင် တိုင်းရင်းသား အဖွဲ့များနှင့် သဘောတူညီမှု ရရှိထားပြီး ဆက်လက်၍လည်း ကျန်တိုင်းရင်းသားအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးသွားခဲ့သည်ဟု သိရသည်။

ယင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း လွှတ်တော်တွင်းတွင်သာ အခြေခံ ဥပဒေပြင်ဆင်ရေးကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဖက်ဒရယ်မူကို အခြေခံဥပဒေတွင် ထည့်သွင်း ရေးဆွဲရာ၌ သက်ဆိုင်ရာ ပြည်နယ်ဒေသမှ တိုင်းရင်းသားကိုယ်စားလှယ်များအား အကြီးအကဲနေရာ၌ ပါဝင်နိုင်ရေးကိုလည်း လွှတ် တော်မှ ထောက်ခံသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။


 

 

        

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment