Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အဲဒီလို နှစ်ခုခွဲခြင်းက ဥပမာ - အခွန်နဲ့ ပတ်သက်ပြီး နိုင်ငံသားကို လျှော့ပေးမှာလား။ နိုင်ငံခြားသားဆီက ပိုကောက်မှာလား ဆိုတာမျိုးတွေကြောင့် ခွဲခြားထားတာမျိုးတွေပါ။ တကယ်တမ်းကျတော့ နိုင်ငံသားမို့လို့ ပိုပေးစရာ မလိုသလို နိုင်ငံခြားသား မို့လို့လည်း ပိုယူစရာ မလိုပါဘူး။ တကယ်တမ်းမှာ မျှမျှတတပဲ ဖြစ်သင့်ပါတယ်။ အဲဒီလို မမျှတဘူးဆိုရင် level playing field ကို မရတော့ဘူး။ ဒါကြောင့် ၀င်လာတဲ့ ကုမ္ပဏီတွေကလည်း အမြီးရ အမြီးစား၊ ခေါင်းရ ခေါင်းစားထဲ ၀င်လာတော့မယ်။ ဆိုလိုတာက international standard ကို မလိုက်နာရင် international ကုမ္ပဏီတွေ မ၀င်လာတော့ဘူး။ ခဏ အကျိုးအမြတ် ရှာပြီးတော့ ပြန်ထွက်သွားတဲ့ ကုမ္ပဏီမျိုးတွေပဲ ၀င်လာမယ်။ ဒီလို မဖြစ်အောင်လို့ ဥပဒေနှစ်ခုလုံးကို အညီအမျှ ဖြစ်သင့်တယ်လို့ ဆွေးနွေးလာကြပါတယ်”

၂၀၁၃ ဇူလိုင်လ ၃၀ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ရင်းနှီးမြှုပ်နှံသူများအားလုံး အခွင့်အရေး တန်းတူပေးနိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအား ပေါင်းစပ်ရန် ဆွေးနွေးနေ” သတင်းမှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“အကျဉ်းထောင်အသီးသီးမှာ အကြောင်းအမျိုးမျိုးကြောင့် တည်ဆဲဥပဒေအရ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ မည်သည့် အကျဉ်းသားများမဆို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) နဲ့ အကျုံးဝင်ပါတယ်။ မည်သည့် အကျဉ်းသားများမှာ အကျုံးမ၀င်ကြောင်းနဲ့ ပြစ်ဒဏ်အမျိုးအစား ခွဲခြားသတ်မှတ် ပြဋ္ဌာန်းထားခြင်း မရှိပါဘူး။ တည်ဆဲဥပဒေကို ဖောက်ဖျက်ကျုးလွန်သူ များအား တရားဥပဒေနဲ့အညီ ပြစ်ဒဏ်ချမှတ် ခဲ့ပေမယ့် လည်း ထိုက်သင့်တဲ့ ပြစ်ဒဏ်များကို ကျခံပြီးဖြစ်လို့ မိမိအကျိုး၊ ဒေသအကျိုးနဲ့ နိုင်ငံအကျိုးအတွက် အများပြည်သူနဲ့ အတူ တစ်ဖက်တစ်လမ်းက တာဝန်ထမ်းဆောင် သွားနိုင်စေရန် ရည်ရွယ်ပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) မှာ ပြဋ္ဌာန်းထားပြီ ဖြစ်ပါတယ်”

၂၀၁၃ ဇူလိုင်လ ၃၀ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းတွင် ပြစ်မှုအမျိုးအစား ခွဲခြားသတ်မှတ်ပေးခြင်း မရှိဘဲ နိုင်ငံရေးလက်နက်တစ်ခု အနေဖြင့် အသုံးချရန် အစီအစဉ်မရှိကြောင်း ပြည်ထဲရေး ဒုတိယ၀န်ကြီးပြောကြား” သတင်းမှ ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ထားဝယ်စီမံကိန်းရဲ့ ပထမအဆင့် ဧက ၂၅၀၀၀ ပေါ်မှာ အသေးစိတ် အလတ်စား လုပ်ငန်းတွေအတွက်ကိုပဲ ထည့်သွင်းသွားမယ်။ ဒီလုပ်ငန်းတွေနဲ့အတူ ရေနက်ဆိပ်ကမ်း နှစ်ခုနဲ့ သဘာဝဓာတ်ငွေ့အရည်ကို အသုံးပြုပြီး လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၃၆ သန်းထုတ်လုပ်နိုင်တဲ့ စက်ရုံ၊ တစ်နေ့ ရေ ကုဗမီတာ ၄၀၀၀၀ကို ပြန်သန့်စင်တဲ့ စက်ရုံကိုပါ တစ်ပါတည်း အကောင်အထည်ဖော်သွားမယ်”

၂၀၁၃ ဇူလိုင်လ ၃၀ ရက်နေ့ထုတ် Yangon Times နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ထားဝယ်စီမံကိန်း၏ ပထမအဆင့် ငါးနှစ်စီမံကိန်းတွင် အသေးစား အလတ်စားလုပ်ငန်းများကို ဦးစားပေးမည်”  သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လက်ရှိတော့ ဖျာပုံနားမှာရှိတဲ့ ကုန်းတွင်းပိုင်း အင်တာနက် ဆက်ကြောင်း ကေဘယ်လ်ကြိုးတွေကို ပြန်လည် ပြင်ဆင် ချိတ်ဆက်နေတယ်။ အဲဒီဆက်ကြောင်း ပြင်ဆင်ချိတ်ဆက်ပြီးရင်တော့ အင်တာနက်မြန်နှုန်းကို စောင့်ကြည့်မယ်။ စောင့်ကြည့်လို့ အင်တာနက်မြန်နှုန်း ပြန်ကောင်းလာမယ်ဆိုရင် ရေအောက် ကေဘယ်လ် ဆက်ကြောင်းတွေဘက်မှာ ဘာပြဿနာမှ မရှိနိုင်တော့ဘူး”

၂၀၁၃ ဇူလိုင်လ ၃၀ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ကုန်းတွင်းအင်တာနက် ဆက်ကြောင်း ပြင်ဆင်ပြီးပါက အမြန်နှုန်းစောင့်ကြည့်မည် ၊ ပြန်လည်ကောင်းမွန်လျှင် ရေအောက်ဆက်ကြောင်း ပြုပြင်ရန်မလို” သတင်းမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၊ ပြင်ပ ဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အပြစ်ရှိရင် ဘယ်တော့မှ အပြောင်းအရွှေ့ မလုပ်ရဘူး။ တစ်ကမ္ဘာလုံးကို အုပ်စိုးခဲ့တဲ့ နေမ၀င် နိုင်ငံကြီး ဗြိတိသျှ။ ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံပေါင်းများစွာကို သွားပြီး စီမံခန့်ခွဲအောင်မြင်ခဲ့တယ်။ သူတို့က ဆောင်ပုဒ် တစ်ခုရှိတယ်။ လူတစ်ယောက် အပြစ်ရှိရင် ဘယ်တော့မှ အပြောင်းအရွှေ့မလုပ်ဘူး။ အရေးယူ အပြစ်ပေးရမယ်။ ဖယ်မပစ်ရဘူး။ ထုတ်မပစ်ရဘူး။ အရေးယူတယ်ဆိုတာ စနစ်တကျ အရေးယူရမယ်။ အပ်နဲ့ ထွင်းရမှာကို အပ်နဲ့ထွင်းရမယ်။ အပ်နဲ့ ထွင်းရမှာကို ပုဆိန်နဲ့ မထွင်းရဘူး။ သူရဲ့ အပြစ်က တစ်ဆယ်သား ရှိတာကို တစ်ပိဿာ အပြစ်ပေးလို့မရဘူး။ အပြစ်ရှိရင် နှုတ်နဲ့ သတိပေးရမယ်။ နှုတ်နဲ့ မရရင် စာနဲ့ သတိပေး။ စာနဲ့ သတိပေးလို့ မရဘူးဆိုရင် သူ့ကို အရေးယူရမယ်။ အဲဒီလို လုပ်တဲ့အခါမှာ သူက သူ့ရာထူးနဲ့ လွှမ်းမိုးရင်၊ ရာထူးကို အသုံးချရင် သူ့ကို ရာထူးက ခေတ္တရပ်ဆိုင်းထားရမယ်။ စစ်ဆေးတဲ့အခါမှာ ရာထူးတိုးမြှင့်ဖို့ ရပ်ဆိုင်းရမယ်။ ရာထူး တစ်ဆင့် လျှော့ချရမယ်။ နှစ်တိုး လျှော့ရမယ်။ ဒါမှ မဟုတ်ရင် ပင်စင်ပေး။ အလုပ်က ထုတ်ရမယ်။ ဒါမှမဟုတ်ရင် ရာသက်ပန် အလုပ်က ထုတ်ရမယ်။ အဲဒီ အဆင့်တွေ ကျော်ပြီး တစ်ခါတည်း မရွှေ့သင့်ဘူး။ နိုင်ငံရေးခေါင်းဆောင်တွေ ကျတော့ သူ့အပြစ်က ဘယ်လောက်ရှိလဲ။ တာဝန်လျှော့ချလိုက်ရင် သူသိရင် ခံစားရမယ်။ သူပြင်လာမှာပေါ့။ အဲဒီလို နည်းလမ်းမျိုးစုံနဲ့ ဖြေရှင်းရမယ်။ သူ နဂိုရှိတဲ့ ဌာနလည်း အကျိုးမရှိဘူး။ အပြောင်းခံရတဲ့ ဌာနလည်း အကျိုးမရှိဘူး။ သူက ဒီမှာ တော်တော်လေးသိနေပြီ။ အဆင်လေး ပြေခါစမှာ ၀ုန်းဆို လွှဲပြောင်းလိုက်တော့ ဘာမှမသိတော့ဘူး။ အဲတော့ အလုပ်က အသားကိုမသေဘူး။ ထင်ထင်ရှားရှား ပြောရရင် Political Post တိုင်းပြည်ခေါင်းဆောင်တွေဟာ လူထုက ဟာခနဲ၊ ဟင်ခနဲ ဖြစ်ရအောင် အမှားအယွင်းတွေ ရှိရင် အဲဒီကိစ္စက ဒီလိုဖြစ်နေပြီဆိုရင် မီဒီယာတွေကလည်း ဖော်ထုတ်၊ သူကိုယ်တိုင်ကလည်း သူ့ဟာသူ ရှက်ပြီး ကြေညာပြီးထွက်၊ ကိုယ်က ထွက်ခိုင်းလို့ထွက်တာ မဖြစ်ရဘူး။ ဥပမာ - မြစ်ဆုံစီမံကိန်း တစ်နိုင်ငံလုံးက ကန့်ကွက်တယ်။ အဲဒီ ၀န်ကြီးထွက် ရှက်လို့ ထွက်ရမယ်။ ဘယ်သူကမှ အတင်းအကျပ် ထွက်ခိုင်းစရာမလိုဘူး။”

၂၀၁၃ ဇူလိုင်လ ၃၀ ရက်နေ့ထုတ် Yangon Times နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “စီးပွားရေးပညာရှင် ဦးလှမောင်နှင့် အင်တာဗျူး” မှ စီးပွားရေးပညာရှင် ဦးလှမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment