Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS(1)
Document

Snapshot of the item below:
CURRENT NEWS(1)

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရသို့ လုပ်ပိုင်ခွင့်များ ပိုပေးထားရန် သမ္မတဆုံးဖြတ်
  2. ကရင်လူမျိုးဒုက္ခသည်များအတွက် အိုးအိမ်နေရာများ ပြန်လည်ထူထောင်နိုင်ရန် KNU ကြိုးပမ်း
  3. မြန်မာနိုင်ငံရှိ ကျေးလက်နေတိုင်းရင်းသား ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေး ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်

တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရသို့ လုပ်ပိုင်ခွင့်များ ပိုပေးထားရန် သမ္မတဆုံးဖြတ်

မြန်မာနိုင်ငံအတွင်း ပဋိပက္ခများဖြေရှင်းရေး အပါအဝင် အချက်ငါးချက်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရသို့ လုပ်ပိုင်ခွင့် ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတက သြဂုတ်လ ၉ ရက်နေ့တွင် နေပြည်တော်၊ နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ခန်းမဆောင်၌် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများနှင့် ဒုဝန်ကြီးချုပ်များအား တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ပြည်တွင်း ပဋိပက္ခဖြစ်စဉ်များအတွင်း အသေးအဖွဲ ခိုက်ရန်ဖြစ်ပွားမှုနှင့် လူအုပ်စုဖွဲ့၍ ရမ်းကားမှုများတွင် လက်ဦးမှု ရယူနိုင်ခဲ့ခြင်းမရှိသောကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း အဆိုပါ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်လုံခြုံရေးအင်အားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရမှ တိုက်ရိုက် စီမံခန့်ခွဲရန် ခွင့်ပြုပေးလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆက်လက်ပြောကြားသည်။

 “အရင်တုန်းက ပဋိပက္ခတွေ ဖြေရှင်းတဲ့အခါမှာ အချိန်ပိုယူရတာပေါ့။ ကျွန်တော်တို့က အထက်ကို အမိန့်တောင်းခံပြီး ဟိုက အခြေအနေရ ပြန်ချပေးတယ်။ အခုကဝန်ကြီးချုပ်ကပဲ ကွပ်ကဲလို့ရပြီဆိုတော့ ပိုပြီးအဆင်ပြေသွားတာပေါ့။ ပဋိပက္ခတွေဖြေရှင်းတဲ့ အခါမှာ ပိုပြီးတော့ ထိရောက်မှုရှိတာပေါ့”ဟု ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေး တာဝန်ခံ ဦးဝင်မြိုင်က ပြောသည်။

နိုင်ငံတော်သမ္မတက ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရသို့ ပဋိပက္ခစီမံခန့်ခွဲမှုများ အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး အတွင်းရှိ ဌာနဆိုင်ရာ များအား စီမံခန့်ခွဲ၊ လမ်းညွှန်၊ ကြီးကြပ်စစ်ဆေးနိုင်ရန် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်ချက် အစီရင်ခံစာကိုလည်း ပြည်ထောင်စုဝန်ကြီး ဌာနသို့ပေးပို့ရန် ပြောကြားခဲ့သည်။ ထို့ပြင် မူလတန်းအဆင့် ဆရာ ဆရာမများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် ခန့်ထားရန်၊ သူနာပြုသားဖွားဆရာများကို တိုက်ရိုက်ကြေညာ ခေါ်ယူခန့်ထားရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနများမှ တိုက်ရိုက်ခွင့်ပြုရသည့် လုပ်ငန်းများအနက် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် လုပ်ကိုင်ခွင့်ပေးနိုင်သည်များကို ခွဲဝေလုပ်ကိုင်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

YC


 ကရင်လူမျိုးဒုက္ခသည်များအတွက် အိုးအိမ်နေရာများ ပြန်လည်ထူထောင်နိုင်ရန် KNU ကြိုးပမ်း

ပြည်တွင်းစစ်ကြောင့် နေရပ်မှစွန့်ခွာထွက်ပြေးခဲ့ရသော ပြည်တွင်းပြည်ပရှိ ကရင်ဒုက္ခသည်များအား ပြန်လည်နေရာ ချထားပေးနိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း KIO မှသတင်းရရှိသည်။ ထိုသို့နေရာပြန်လည်ချထားပေးရေး အတွက် ရွေးချယ်ထားသည့် မြို့နယ်ခွဲကိုးခုအနက် ရှမ်းရွာသစ်၊ ဝေါ်လေနှင့် စုကလိ စသောမြို့နယ်ခွဲ ၃ ခုတွင် အိမ်ထောင်စု ၂၀၀ ကျော် နေထိုင်နိုင်သော အိမ်ရာများ တည်ဆောက်ပြီးစီးသွားပြီးဖြစ်ကြောင်း KNU မှသိရသည်။

“အခုအချိန်ထိတော့ တည်ဆောက်ပြီးစီး သွားပေမယ့် လာနေတဲ့သူတွေ မရှိသေးပါဘူး။ ပြန်လာဖို့ နယ်စပ်မှာ ရှိတဲ့သူတွေ အာမခံချက်မရှိတော့ မယုံကြည်ကြသေးဘူး။ ကချင်လို၊ ရှမ်းမှာလို ထပ်ဖြစ်မှာ စိုးရိမ်နေကြတယ်။ KNU နဲ့ ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး လုပ်ပြီးမှပဲ လာကြမယ်ထင်တယ်”ဟု KNU တပ်မဟာ ၇ အထူးတပ်ရင်း ၁၀၁ မှ ဗိုလ်မှူးကြီး စောမိုးဇက်က ပြောသည်။

ထို့ပြင် လူနေအိမ်များ တည်ဆောက်ပြီးစီးခဲ့သော အဆိုပါမြို့နယ်ခွဲ ၃ ခုတွင် လူဝင်မှုကြီးကြပ်ရေးများ၊ ရဲစခန်းများနှင့် ဆေးပေးခန်းများ စသည့်အစိုးရရုံးများလည်း ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။

KNU အနေဖြင့် စစ်ဘေးကြောင့် နေရပ်မှ စွန့်ခွာခဲ့ရသော ကရင်လူမျိုးဒုက္ခသည်များအတွက် ၎င်းတို့၏နေရပ်သို့ အန္တရာယ်ကင်းကင်းဖြင့် ပြန်လာနိုင်ရေးအတွက်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် ကြိုးပမ်းလျက်ရှိပြီး အဆိုပါ ဒုက္ခသည်များအတွက် မြို့သစ်တည်ဆောက်ရန် ကရင်ပြည်နယ် မြဝတီမြို့နှင့် ကွင်းကလေးကျေးရွာ၊ ဖလူးကြီး ကျေးရွာတို့တွင် မြို့သစ်တည်ထောင်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ထံသို့ ခွင့်ပြုချက် တောင်းခံထားကြောင်း ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း၏ ပြောကြားချက်မှ သိရသည်။ ထိုမြို့သစ် စီမံကိန်းကို လာမည့်ပွင့်လင်းရာသီတွင် စတင် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရထံမှ သိရသည်။

လက်ရှိအချိန်တွင် ကရင်ဒုက္ခသည်များမှာ လူဦးရေထောင်ပေါင်းများစွာ ပြန့်ကျဲလျက်ရှိပြီး အဆိုပါဒုက္ခသည်များ နေရပ်ပြန် နိုင်ရေးနှင့် ပြန်လည်နေရာချထားရေးမှာ လွယ်ကူသည့် ကိစ္စမဟုတ်ပေ။ ထို့ကြောင့် KNU အနေဖြင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအတွင်း ဒုက္ခသည်မည်မျှရှိသည် ကိုသိရှိနိုင်ရန် စာရင်းကောက်ခံလျက် ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် မြန်မာအစိုးရနှင့် ၂၀၁၂ ဇန်နဝါရီလတွင် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားပြီး ခိုင်မာသော အပစ်အခတ်ရပ်စဲရေး အတွက်မူ ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

YC


 

မြန်မာနိုင်ငံရှိ ကျေးလက်နေတိုင်းရင်းသား ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေး ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်

မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူတို့၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစဉ်များ အတွက် ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် ပိုမိုကောင်းမွန်စေရေးအတွက် ယခင်နယ်စပ်ရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအား မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန အောက်သို့ ပြောင်းရွေ့ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။

“ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် အခြားနိုင်ငံမှာ အဓိကဆောင်ရွက်တဲ့ ဝန်ကြီးဌာနရှိတယ်။ မြန်မာနိုင်ငံမှာက မရှိသေးဘူး။ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနမှာရှိတဲ့ ဝန်ထမ်းတွေ၊ နည်းပညာတွေနဲ့ အတွေ့အကြုံ တွေကို ပုဂ္ဂလိကနဲ့ ပူးပေါင်းပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ဆောင်ရွက်ပေးသွားမယ်။ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ကျေးလက်ပြည်သူတွေ ပါဝင်လာအောင် နည်းပညာ အရင်းအနှီးတွေပေးပြီး ရရှိလာတဲ့ ထုတ်ကုန်တွေကို ဈေးကွက်ဖန်တီးပေးမယ်။ တစ်ဦးချင်း၊ တစ်ရွာချင်းကနေ ထုတ်ကုန်တွေ ပိုမိုတိုးတက်ထုတ်လုပ် လာနိုင်အောင် ဆောင်ရွက် ပေးမယ်”ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်မှ သြဂုတ်လ ၁၀ ရက်နေ့တွင် ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများနေထိုင်လျက်ရှိကြသော ပြည်နယ်အသီးသီးတွင်လည်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဂျပန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ အဆိုပါ ကိစ္စရပ်များကို ဆောင်ရွက်ရန် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) သည် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သြဂုတ်လ ၈ ရက်နေ့တွင် JICA ဥက္ကဋ္ဌ အစ္စတာအကီဟီတိုတာနာကာနှင့် တိုင်းရင်းသားလွှတ်တော် အမတ်များ တွေ့ဆုံဆွေးနွေးပွဲမှ သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် JICA အနေဖြင့် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အမေရိကန် ဒေါ်လာသန်း ၉၀၀ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင် ပြည်နယ်နှင့် ကရင်ပြည်နယ်များမှ ကိုယ်စားပြုလွှတ်တော်အမတ်များ တက်ရောက် ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံတွင်းရှိ မြို့နှင့် အလှမ်းကွာဝေးသော ဒေသများသို့ အကူအညီပေးလိုသည့် ပြည်ပအဖွဲ့အစည်းများ ရှိနေ သော်လည်း ထိုအဖွဲ့အစည်းများနှင့် ဆက်သွယ်တာဝန်ခံပေးမည့် ဝန်ကြီးဌာန (သို့) အဖွဲ့အစည်း မရှိသေး ပေ။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment