Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


အသင်းဖွဲ့စည်းခွင့် ဥပဒေကြမ်းပြင်ဆင်ရန် အထက်မြန်မာနိုင်ငံလူမှုရေးအသင်းများအလုပ်အမှုဆောင်ဖွဲ့

မြန်မာနိုင်ငံအခြေစိုက် ဖွဲ့စည်းမည့် လူမှုကူညီမှုအသင်းများပေါ်တွင် ချုပ်ကိုင်မှုများရှိနေသည်ဟုဆိုသော မြန်မာနိုင်ငံအသင်းအဖွဲ့များဆိုင်ရာဥပဒေကြမ်းအား ပြင်ဆင်ဖြည့်စွက်ရန်လိုအပ်ချက်များကို အမြန်ဆုံးတင်သွင်းနိုင်ရန် အတွက် အထက်မြန်မာနိုင်ငံမှ လူမှုကူညီရေးအသင်းအဖွဲ့များက အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အဆိုပါအလုပ် အမှုဆောင် ဖွဲ့စည်းမည့်သူများထံမှ သိရသည်။

ထိုသို့ အသင်းအဖွဲ့ဆိုင်ရာဥပဒေကြမ်းကို ပြန်လည် ရေးဆွဲနိုင်ရေးကိုလွှတ်တော်ကိုယ်စားလှယ်များမှ တဆင့် တင်သွင်းနိုင်ရန်အတွက် ထိုသို့ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းရခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ အလုပ်အမှုဆောင် အဖွဲ့တွင် လူမှုဖွဲ့ဖြိုးရေးလုပ်ငန်းများနားလည်သူ၊ ဥပဒေကြမ်းသဘောပေါက်သူများနှင့် ဥပဒေကြမ်းအား ဆွေးနွေးနိုင်သူ ပညာရှင်များဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သြဂုတ်လ ၁၅ ရက်နေ့၌ နေပြည်တော်ရှိသင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့သည့် အသင်းအဖွဲ့ဥပဒေကြမ်းဆိုင်ရာဆွေးနွေးပွဲမှ အတည်ပြုဆုံးဖြတ်ခဲ့သည်။

“အများအကျိုးအတွက် လူမှုကူညီရေးလုပ်တာကိုထောင်ဒဏ် သို့မဟုတ် ငွေဒဏ်ပါချမှတ်နိုင်တယ်ဆိုတာ လုံးဝအဖြစ်သင့်ပါဘူး။ ဒါ့ကြောင့်ဒီအလုပ်အမှုဆောင် ကော်မတီကိုဖွဲ့စည်းရတာပါ”ဟုအဆိုပါ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ မန္တလေးဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှ ဒေါက်တာဇော်လွင်က ပြောကြားခဲ့သည်။

အဆိုပါ လူမှုအသင်းအဖွဲ့များဖွဲ့စည်းခြင်းကိစ္စရပ်များနှင့် ပတ်သက်၍ အခက်အခဲများရှိပါကဝန်ကြီးဌာနသုံးခုသို့ ဆက်သွယ်နိုင်ပြီးဝန်ကြီးများကိုယ်တိုင်ဖြေရှင်းပေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးဦးစိုးသိန်းက သြဂုတ်လ ၂၅ ရက်နေ့ ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် မြန်မာနိုင်ငံကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် Local NGOs များ၊ စီးပွားရေးပညာရှင်များနှင့် Civil Society များနှင့် တွေ့ဆုံဆွေးနွေးရာ၌ ပြောကြားခဲ့သည်။

“အခုအစည်းအဝေးခေါ်တာကပဲ NGO တွေ INGO တွေရဲ့အားကိုလိုချင်လွန်းလို့ခေါ်တာ။ ခင်ဗျားတို့အားနဲ့ Move လုပ်ရမယ်ဆိုတာ ကျွန်တော်တို့ ကောင်ကောင်းနားလည်တယ်။ ကျွန်တော်တို့ အားနဲ့ Move လုပ်လို့မရဘူး။ တက်ရောက်လာကြတဲ့ လူမှုအဖွဲ့အစည်းတွေ အားမငယ်ကြပါနဲ့။ အားငယ်သွားရင် တိုင်းပြည်တိုးတက်ဖို့ အတွက် အားလျှော့သွားမယ်။ အခက်အခဲတွေကတွေ့ရဦးမယ်ဆိုတာ ကျွန်တော်တို့ မျှော်လင့်ရတယ်။ ဒီအခက်အခဲတွေကို ဝိုင်းပြီးတော့ ဖြေရှင်းပေးမယ်လို့ တင်ပြလိုပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းမှ ပြောသည်။

အသင်းအဖွဲ့များနှင့် ပတ်သက်၍ ဥပဒေအသစ်တစ်ခုလွှတ်တော်တွင် ဆွေးနွေးနေရာယင်းဥပဒေပါ အချက်အလက်တစ်ချို့နှင့် ဆက်လျဉ်း၍ လူမှုအဖွဲ့အစည်းများကကန့်ကွက်မှုများရှိနေခဲ့ပြီးသက်ဆိုင်ရာအဖွဲ့အစည်းများက ထိုဥပဒေကြမ်းအတည်ပြုလျှင် ဆီလျှော်သော ပြဋ္ဌာန်းချက်များပါဝင်စေရန်အတွက် ဆွေးနွေးတိုင်ပင်လျက် ရှိသည်။

YC


၂၀၁၅ မတိုင်မီ အစိုးရမှ ကျေးလက်နေ မြေယာမဲ့များအား မြေယာပိုင်ဆိုင်ခွင့်ရရှိရေး  ဆောင်ရွက်မည်

သြဂုတ် ၂၅ ရက်တွင် ပြုလုပ်သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုဝန်ကြီး အချို့နှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ မြန်မာ့ငြိမ်းချမ်းရေးစင်တာ၌ တွေ့ဆုံရာတွင် မြေယာပိုင်ဆိုင်မှုမရှိသည့် ကျေးလက်နေ ပြည်သူများအား  ၂၀၁၅ မတိုင်မီ မြေယာပိုင်ဆိုင်နိုင်ခွင့်ရရှိစေရန် လုပ်ဆောင်ပေးမည် ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။

အိမ်ထောင်စုအားလုံး  မြေယာပိုင်ဆိုင်နိုင်ရေးအတွက် ကနဦးမြေယာပိုင်ဆိုင်မှု စာရင်းကို ကောက်ယူပြီး အောက်တိုဘာလအတွင်း အပြီးသတ်ကောက်ယူနိုင်ရန် ခန့်မှန်းထားကြောင်း  ၊ လူတစ်ဦးချင်းကိုမူ  မြေယာပိုင်ဆိုင်အောင် ဆောင်ရွက်မပေးနိုင်သော်လည်း မြေယာမဲ့ အိမ်ထောင်စု Landless Household  အားလုံး၂၀၁၅ ၌ မြေယာပိုင်ဆိုင်နိုင် စေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အစိုးရမှ မြေယာမဲ့များကို  မြေယာပိုင်ဆိုင်ရန် လုပ်ဆောင်ပေးမည်ဆိုသော်လည်း မြို့နယ်အချို့ရှိ ကျူးကျော် ရပ်ကွက်များကို အဓမ္မဖျက်ခိုင်းခြင်းနှင့်တပ်သိမ်းမြေများကို ပြန်လည်ပေးအပ်ခြင်းများ မရှိသေးကြောင်း လယ်မြေပြဿနာ ဖြေရှင်းပေးနေသည့် အဖွဲ့အစည်းမှ  ပြောသည်။

သြဂုတ် ၂၃ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အရှုပ်အရှင်းမရှိသော လယ်ယာမြေများကို အောက်တိုဘာလတွင်  လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း၊ လယ်မြေ အရှုပ်အရှင်းရှိသော လယ်ယာပိုင်ဆိုင်သူများကိုလည်း လုပ်ဆောင်ပေးရန် စီစဉ်ထားကြောင်း၊ အရှုပ်အရှင်းမရှိသော မြေပိုင်ရှင်များကို ကန့်ကွက်သူမရှိလျှင် လုပ်ပိုင်ခွင့်လက်မှတ်များကို ထုတ်ပေးမည် ဖြစ်ကြောင်း၊ လုပ်ပိုင်ခွင့် လက်မှတ်ရရှိသူများသည် သားသမီးများကို လက်ဆင့်ကမ်းပေးနိုင်ပြီး  ငှားနိုင်၊ပေါင်နိုင်သည်ဟု  ပြောကြားခဲ့သည်။

“ပြည်ထဲရေးဝန်ကြီးနဲ့ ဆက်စပ်တဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက ဆက်စပ်ထားတဲ့ ပြဿနာရှိတယ်။ နောက်တစ်ခုက မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနက ဆက်စပ်ထားတဲ့ မြေယာပြဿနာရှိတယ်။ နောက်တစ်ခုက တပ်မတော်က နိုင်ငံတော်အလို့ငှာ သိမ်းဆည်းထားတဲ့ ပြဿနာရှိတယ်။ အဲဒီကနေပြီးတော့ ကျွန်တော်တို့ကလည်း စိစစ်နေတယ်။ စိစစ်ပေးမယ်။ မလိုအပ်တော့ဘူး။ စိစစ်စရာ မလိုတော့ဘူးဆိုရင် မြန်မြန်ပေးသွားမယ်။ ပေးတဲ့ဟာကလည်း ရော့ဆိုပြီးတော့ ပြန်ပေးလို့မရဘူး။ ပေးပြီးရင်လည်း ဘယ်သူပိုင်တယ်ဆိုတာ လိုက်ရှာရဦးမယ်။ ဒီအလုပ်တွေကို အစိုးရကနေပြီးတော့ အလေးထားပြီးတော့ လုပ်နေတယ်။ဟိုဘက်ကလည်း အမှန်တကယ် ပိုင်ဆိုင်တာတွေကို ပြောဖို့၊အမှန်တကယ် ပိုင်ဆိုင်တယ်ဆိုရင် ပြောပါ။ ညှိနှိုင်းဖြေရှင်းပေးမယ်” ဟု ပြောကြားသည်။

လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားသည့် ကိစ္စများမှာ လွန်ခဲ့သောနှစ်အနည်းငယ်မှ စ၍ ဖြစ်ပွားခဲ့ပြီး အဆင့်ဆင့်ဖြေရှင်းရမည်ဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့်  သစ်တောများအတွင်း ကျူးကျော်နေထိုင်သူများကို စစ်ဆေးပြီးနောက် ကျေးရွာပေါင်း ၁၃၀၀ ကျော်ကို နေထိုင်ခွင့်ပေးထားသည်ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

 YC


ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအား ပြည်သူဗဟိုပြုစနစ်သို့ ပြောင်းလဲကျင့်သုံးဆောင်ရွက်မည်

ကျေးလက်နေပြည်သူများ၏ ဘဝမြင့်မားစေရေးနှင့် ၂၀၁၅ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုနှုန်းအား ထက်ဝက်လျော့ချနိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးအား ပြည်သူဗဟိုပြု ချဉ်းကပ်မှုစနစ်ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မွေးမြုရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က  သြဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာငြိမ်းချမ်းရေး စင်တာ၌ ဒုတိယအကြိမ်မြောက် ပြုလုပ်သည့် ပြည်တွင်း ပြည်ပမှ လူမှုအဖွဲ့အစည်းများနှင့် အလှူရှင်နိုင်ငံများ၊ ပညာရှင်များနှင့် ပြည်ထောင်စုဝန်ကြီးများတွေ့ဆုံပွဲ၌  ပြောကြားခဲ့သည်။

မြန်မာငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်သောဆွေးနွေးပွဲသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာဘီဂျေနမ်ဘီးယားက တက်ရောက်ဆွေးနွေး ခဲ့ရာ ယင်းကဲ့သို့ ပြည်တွင်းပြည်ပအင်န်ဂျီအိုများနှင့် တွေ့ဆုံဆွေးနွေးအကြုံချက်များသည် သက်ရောက်မှုရှိပြီး ကုလသမဂ္ဂ ဘက်မှ အသိအမှတ်ပြုပါကြောင်း  ပြောဆိုခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသော USAID  အဖွဲ့များ၏ အစားအစာလုံခြုံရေးအဖွဲ့မှ Mr.Christ ကလည်း အဖွဲ့အစည်းတစ်ခုတည်း ဆောင်ရွက်ခြင်းထက် ယခုလိုပူးပေါင်းဆောင်ရွက်ခြင်းအပေါ်ကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

ဒုတိယအကြိမ်မြောက် ပြုလုပ်သော ဆွေးနွေးပွဲ၌ ကျေးလက်ဖွံဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိရေးနှင့် အကျိုးရလဒ်ကောင်းများအား ပြည်သူများ ရရှိခံစားနိုင်ရေးအတွက် ဝန်ကြီးများ အနေဖြင့် မဟာဗျူဟာများ ရေးဆွဲနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်နေပြီး ကျေးလက်ဒေသ ဖံွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာစီမံကိန်းများ ရေးဆွဲနိုင်ရန် အလှူရှင်နိုင်ငံများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ NGO/ INGO များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများက ပူးပေါင်းလက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျပ်သန်းပေါင်း ၇၅ ဘီလီယံကျော်သုံးစွဲသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဒုတိယအကြိမ်မြောက်ပြုလုပ်သော ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်သော ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးဝင်းထွန်းတို့ တက်ရောက်လာပြီး ပြည်တွင်း၊ နိုင်ငံတကာအိုင်အင်န်ဂျီအို ၃၀ ကျော်တက်ရောက်လာခဲ့ကြောင်း သိရသည်။

YC


 

အဆမတန်မြင့်မားနေသော မြေဈေးများကို အစိုးရမှ အခွန်စနစ်ဖြင့် ချုပ်ကိုင်ရန် စီစဉ်နေ

အိမ်ခြံမြေဈေးနှုန်းများ ရန်ကုန်တိုင်းဒေသကြီးအတွင်း အဆမတန် မြင့်မားလာမှုနှင့် ပတ်သက်ပြီး မြေဈေးများကို အခွန်ဖြင့်သာ ချုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း သြဂုတ်လ ၂၃ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသွားခဲ့သည်ဟု သိရှိရသည်။

“သူရဦးသောင်းလွင် ဦးဆောင်တဲ့ အခွန်အဖွဲ့ ဖွဲ့ထားပြီးတော့ လုပ်တဲ့အခါမှာ အခွန်တွေ အများကြီး တိုးလာ ပါတယ်။ ဒီမြေတွေကို ဟိုလူ့ကို ရောင်းတယ်။ ဒီလူ့ကို ရောင်းတယ်ဆိုတာတွေကို Monitor လုပ်ပြီး ကောက်မယ်။ မြေယာထိန်းချုပ်မှုကို Tax က သာလျှင် သူ့ကို ထိန်းချုပ်နိုင်မယ်လို့ အရင်တုန်းကလည်း ပြောခဲ့ပါတယ်။ Tax ကသာလျှင် ထိန်းနိုင်မယ်။ ကျွန်တော် သွားထိန်းလို့ မရဘူး” ဟု ဦးစိုးသိန်းက ပြောသည်။

 “မြန်မာနိုင်ငံမှ မြေဈေးတွေ ကြီးနေတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အတွက် အခက်အခဲ ဖြစ်နေပါတယ်။ မြေဈေးတွေ ကြီးနေတာကို အခွန်နည်းလမ်းများနဲ့ ထိန်းသိမ်းပြီး လုပ်ဆောင်ဖို့အတွက် ရှိပါတယ်။ တစ်ပေ ပတ်လည် ဈေးနှုန်းတွေကိုလည်း ပုံသေ သတ်မှတ်ပေးဖို့ ရှိပါတယ်” ဟု မြေယာထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဆက်လက်ပြောကြားသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက “မြေဈေး တွေ ကြီးနေတာကို ထိန်းချုပ်ဖို့၊ ဒီလိုပဲ ထိန်းချုပ်တဲ့နေရာမှာ တံဆိပ်ခေါင်းခွန်တွေကို ကြပ်မတ်စွာ ဆောင်ရွက်ရမယ်။ အဲဒီအတွက်ကြောင့် မို့လည်း မြေပိုင်ရှင်တွေက တံဆိပ်ခေါင်းတွေကို မှန်မှန်ကန်ကန်ကပ်ဖို့ လိုအပ်ပါ တယ်”ဟု ပြောသည်။

ယခုလက်ရှိတွင် မြေယာထိန်းချုပ်မှု ကိစ္စများနှင့် ပတ်သက်၍ အခွန်ပိုင်းကိစ္စများတွင်ရော၊ ဥပဒေ ရေးရာ ကိစ္စရပ်များတွင်ပါ ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိပြီး ၊ အဆိုပါ ဥပဒေများကို ကျင့်သုံး၍ မြေယာများကို ထိန်းချုပ်မည် ဆိုပါက ဈေးများ ကျဆင်းမည်ဖြစ်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရှိရသည်။

မြန်မာနိုင်ငံတွင် ဝင်ငွေရလမ်း ဖော်ပြနိုင်သော ငွေဖြူ နှင့် ဝင်ငွေရလမ်း မဖော်ပြနိုင်သော ငွေမည်းများသည် ၁၅ ရာခိုင်နှုန်းနှင့် ၂၅ ရာခိုင်နှုန်းအထိ အခွန်ဆောင်နေသူများ အတွက် တရားမျှတမှုမရှိဘဲ အိမ်ခြံမြေတွင် အခွန် ရှောင်ထားသော ငွေများ (ငွေမည်း) ဖြင့် ရောင်းဝယ်နေကြကြောင်း၊ တရားဝင် ဖော်ပြခြင်း မရှိသည့်အတွက် နိုင်ငံတော်အတွက် နစ်နာပြီး အိမ်ခြံမြေဈေးများ မတရားသဖြင့် တက်နေခြင်း ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ အကောင်အထည်ဖော် လုပ်ဆောင်ပါက ဈေးပြန်ကျမည် ဖြစ်ကြောင်း သြဂုတ်လ ၁၉ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တနင်္သာရီ တိုင်းဒေသကြီး၊ ရေဖြူမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက တင်ပြ ဆွေးနွေးခဲ့ဖူးသည်။

ယခုကဲ့သို့ မြေယာဈေးများ အဆမတန် မြင့်တက်နေမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် အရှေ့ဒဂုံစက်မှုဇုန်ရှိ ဧကကွက် ၂၈ ကွက် အား လေလံပစ်သွားမည် ဖြစ်ပြီး လေလံအောင်သူများသည် အမှန်တကယ် လုပ်ငန်းမလုပ်ကိုင်ပါက ၎င်းတို့ကို အရေးယူဆောင်ရွက်သွားမည် ဖြစ်ပြီး ငါးနှစ်အတွင်း အမည် ပြောင်းခြင်းနှင့် တခြားလူ အမည်များနှင့် အလုပ်လုပ်ကိုင်ခြင်းများအား ခွင့်ပြုမည် မဟုတ်ကြောင်းလည်း သိရှိ ရသည်။

 YC


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment