Transparency Myanmar

transparency.myanmar@gmail.com

International Media
Document

Snapshot of the item below:
International Media

ဘာသာပြန်သတင်းများ (၁)

(AP သတင်းဌာနမှ 25 August 2013 ရက်စွဲပါ Hundreds of Muslims in western Myanmar relocated ကိုဘာသာပြန်ဆိုသည်)

(Imphal Free Press မှ 22 Aug 2013 ရက်စွဲပါ “Myanmar army starts work on temporary base camp at disputed area”သတင်းကိုဘာသာပြန်ဆိုသည်)

(25 August 2013 ၇က်စွဲပါ Aljazeera မှ Twelve arrested after fresh unrest in Myanmar ကို ဘာသာပြန်ဆိုသည်)


ရခိုင်ပြည်နယ်မှ မွတ်စလင်ရာပေါင်းများစွာကို ပြောင်းရွှေ့နေရာချ

(AP သတင်းဌာနမှ 25 August 2013 ရက်စွဲပါ Hundreds of Muslims in western Myanmar relocated ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင်း ယမန်နှစ်က ဗုဒ္ဓဘာသာဝင်လူအုပ်ကြီး၏ သောင်းကျန်း ဖျက်ဆီးမှုကြောင့် အိုးအိမ်များပျက်စီးခဲ့ရကာ အောက်ကျနောက်ကျအနေအထားဖြင့် နေထိုင်ခဲ့ရသော မွတ်စလင်ရာပေါင်း များစွာကို ပြည်တွင်း၌ ပြောင်းရွှေ့နေထိုင်ရသူများအတွက် ထားရှိသော ဒုက္ခသည်စခန်းသို့ ရွှေ့ပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း အစိုးရအရာရှိများကပြောကြားသည်။

အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က စစ်တွေမြို့ရှိ အောင်မင်္ဂလာရပ်ကွက်မှ ယင်းမွတ်စလင်များကို ရွှေ့ပြောင်းနေရာချထားပေးမှုမှာ ၎င်းတို့ဆန္ဒအလျောက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ သို့သော် လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးအဆိုအရ မွတ်စလင်မိသားစုဝင်များသည် ထိုသို့ရွှေ့ပြောင်းခြင်းကြောင့် ကောင်းမွန်မှု မရှိသည့်အနေအထားမှ အဆိုးဆုံးအခြေအနေသို့ရောက်ရှိသွားမည်ကို စိုးရိမ်ပူပန်လျက်ရှိသည်။

လူဦးရေ သန်း ၆၀ ရှိပြီး  အများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့် မြန်မာနိုင်ငံတွင် စစ်တပ်ထံမှ အရပ်သား အစိုးရက အာဏာလွှဲပြောင်းရယူပြီးနောက် ဘာသာရေးအဓိကရုဏ်းများနှင့် မတည်မငြိမ်မှုများဖြစ်ပွားခဲ့သည်။

အဆိုပါမတည်မငြိမ်မှုများအားလုံးမှာ ရခိုင်ပြည်နယ်မှစတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါပြည်နယ်မှ ဗုဒ္ဓဘာသာဝင်များက ရိုဟင်ဂျာမွတ်စလင်များသည် မြန်မာပြည်တွင်းသို့ တရားမဝင် ဝင်ရောက်လာသူများဖြစ်ကာ ၎င်းတို့၏ မြေယာများကို သိမ်းပိုက်ရယူလျက်ရှိသည်ဟု စွပ်စွဲပြောဆိုကြသည်။

၂၀၁၂ ခုနှစ် ဆူပူအကြမ်းဖက်မှုများဖြစ်ပွားပြီးချိန်ကတည်းက စစ်တွေရှိ အောင်မင်္ဂလာမွတ်စလင်စခန်းတွင် လူပေါင်း ၅၇၀၀ ကျော်ခန့်နေထိုင်ခဲ့ကြသည်။ အဆိုပါစခန်း အဝင်အထွက်ဟူသမျှကို ရဲတပ်ဖွဲ့ဝင်များက စောင့်ကြပ်လျက်ရှိသည်။

ဦးဝင်းမြိုင်၏ အဆိုအရ ယင်းအောင်မင်္ဂလာစခန်းမှ လူပေါင်း ၅၇၇ ဦးကို စစ်တွေအပြင်ဘက်ရှိ စခန်းများသို့ရွှေ့ ပြောင်းနေရာချထားပေးလိုက်ပြီဖြစ်ပြီး ဒုက္ခသည်စခန်းသစ်များကိုလည်း ၎င်းတို့အတွက် တည်ဆောက်ထားပြီး ဖြစ်သည်ဟုသိရသည်။

အိုးအိမ်ပျက်စီးမှုမရှိခဲ့သူများမှာမူ အောင်မင်္ဂလာတွင် ဆက်လက်ကျန်ရှိနေဦးမည်ဖြစ်သည်ဟု ၎င်းကပြောကြားသည်။

“ဒီကိစ္စဟာ ဆန္ဒအလျောက်ပြောင်းရွှေ့နေရာချထားခြင်းပဲဖြစ်ပါတယ်။ ရွှေ့ပြောင်းမှုမပြုလုပ်မီသူတို့နဲ့ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်” ဟု ၎င်းကပြောဆိုသည်။

အောင်မင်္ဂလာမှ မွတ်စလင်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ရွှေဇံအောင်ဆိုသူက ဆွေးနွေးညှိနှိုင်းမှုများကို သဘောတူညီကြောင်း ပြောကြားသည်။

အောင်မင်္ဂလာတွင်နေထိုင်သူ မွတ်စလင် ၅၇၀၀ ကျော်ရှိခဲ့သည့်အနက် ၁၁၄၄ ဦးမှာ ယမန်နှစ်ကဖြစ်ပွားသည့် ဆူပူအကြမ်းဖက်မှုတွင် နေအိမ်များပျက်ဆီးဆုံးရှုံးခဲ့ရသည်ဟု ၎င်းကဆိုသည်။

သို့သော် ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ အောင်ဝင်းက မွတ်စလင်များသည် ထိုသို့ ရွှေ့ပြောင်း နေထိုင်ပါက လူသားချင်းစာနာထောက်ထားသော အကူအညီအထောက်အပံ့များနှင့် စားနပ်ရိက္ခများ ရရှိရန်ခက်ခဲမည်ကို စိုးရိမ်လျက်ရှိသည်ဟု ဆိုသည်။


နယ်စပ်အငြင်းပွားနေသောနေရာတွင် မြန်မာစစ်တပ်မှ ယာယီစခန်းလာဆောက်

(Imphal Free Press မှ 22 Aug 2013 ရက်စွဲပါ “Myanmar army starts work on temporary base camp at disputed area”သတင်းကိုဘာသာပြန်ဆိုသည်)

မဏိပူရပြည်နယ်တွင် နှစ်နိုင်ငံနယ်စပ် သံဆူးကြိုးကာရံမှုကြောင့် ပိုင်နက်ဆုံးရှုံးရခြင်းနှင့်ပတ်သက်ပြီး ပွက်လောရိုက်နေသည့်ကြားမှပင် မိုရေးမြို့နယ် ပာိုလန်ပိုင်ကျေးရွာအနီး အငြင်းပွားနယ်မြေပေါ်တွင် မြန်မာစစ်တပ်က ယာယီတပ်စခန်း တစ်ခု စတင်တည်ဆောက်နေပါသည်။

မိုရေးမြို့တောင်ဖက်မှ ပာိုလန်ပိုင်ကျေးရွာသည် နယ်ခြားမှတ်တိုင် အမှတ် ၇၆ အနီးတွင်တည်ရှိပြီး မိုရေးရဲစခန်းမှ ၃ ကီလိုမီတာမျှသာ ကွာဝေးသည်။

၎င်းနယ်မြေသည် နှစ်နိုင်ငံအကြား နယ်နိမိတ်မျဉ်းတွင် နယ်ခြားမှတ်တိုင် အမှတ် ၇၆ ကို အမှတ် ၂၃ ဖြင့် အစားထိုးမှုကြောင့် အငြင်းပွားနေသောနေရာဖြစ်သည်။

မြန်မာစစ်တပ်၏လုပ်ရပ်ကို ပာိုလန်ပိုင်ရွာသူကြီးက သတင်းပို့အကြောင်းကြားပြီးနောက်တွင် မိုရေးမြို့မှ အရာရှိများက အဆိုပါနေရာသို့ သွားရောက်စစ်ဆေးခဲ့ကြသည်။

ထိုသို့ သွားရောက်စစ်ဆေးရာတွင် အဆိုပါနေရာ၌ သစ်ပင်မြောက်များစွာကို မြန်မာစစ်တပ်က ခုတ်လှဲထား သည်ကို စစ်ဆေး တွေ့ရှိရသည်။

အဆိုပါနေရာသို့ ရောက်ရှိလာသော သက်ဆိုင်ရာ မြန်မာတပ်ရင်းမှူးအား မိုရေး ADC ရောဘတ်ဆင်းက “လက်ရှိ အငြင်းပွားနေသော နယ်ခြားမှတ်တိုင် အမှတ် ၇၆ ကိစ္စနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား သဘောတူညီမှု မရခင်အချိန်အထိ ယာယီစခန်းတည်ဆောက်မှုကို ဆက်လက်မပြုလုပ်ရန်”တောင်းဆိုခဲ့သည်။

ထို့ပြင်ယခုနေရာသည် နယ်ခြားမှတ်တိုင် အမှတ် ၇၆ နှင့် ၁၀ မီတာမျှသာ ကွာဝေးသောကြောင့် အမှတ် ၉ ရိုင်ဖယ်တပ်ရင်းမှူးနှင့် ဆွေးနွေးရန်လိုကြောင်း၊ မိမိတို့ဖက်မှလည်း နယ်ခြားမှတ်တိုင် အမှတ် ၇၈ တွင် နယ်စပ်စစ်ဆေးရေးဂိတ် တည်ဆောက်မှုကို မြန်မာအစိုးရ၏တောင်းဆိုမှုအား အလေးထားသည့်အနေဖြင့် ရပ်နားပေး ထားကြောင်း၊ ရောဘတ်ဆင်းက မြန်မာတပ်ရင်းမှူးကို အသိပေးပြောကြားခဲ့သည်။

မြန်မာဖက်မှ အမှတ် ၈၇ ခြေလျင်တပ်ရင်းမှူးကလည်း အထက်အရာရှိများ၏ ညွှန်ကြားချက်ကြောင့် ယာယီစခန်းဆောက်လုပ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း အထက်အမိန့်မရပဲ လုပ်ငန်းရပ်ဆိုင်းရန် မဖြစ်နိုင်ကြောင်း ဤနေရာသည် မြန်မာပိုင်နက်ထဲတွင် ပါဝင်ကြောင်း ပြန်လည်ပြောကြားသည်။

မြန်မာတပ်ရင်းမှူးက “ဤကိစ္စကို အထက်သို့တင်ပြမည်ဖြစ်ကြောင်း သစ်ပင်များမခုတ်မှီ ရက် ၃၀ ကြိုတင်၍ အမှတ် ၉ အာသံတပ်ရင်းမှူးထံ အကြောင်းကြားထားခဲ့ပြီးဖြစ်ကြောင်း”ဆက်လက်ပြောကြားခဲ့သည်ပာု သိရှိရသည်။


 

မြန်မာနိုင်ငံတွင် နောက်ဆုံးဖြစ်ပွားသော မငြိမ်သက်မှုအတွက် လူဆယ့်နှစ်ဦးကို ဖမ်းဆီး

(25 August 2013 ၇က်စွဲပါ Aljazeera မှ Twelve arrested after fresh unrest in Myanmar ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမြောက်ပိုင်း စစ်ကိုင်းတိုင်းတွင် ထပ်မံဖြစ်ပွားသော ဘာသာရေးအကြောင်းပြုသော အကြမ်းဖက်မှုတွင် နေအိမ် ဒါဇင်နှင့် ချီ၍ မီးရှို့ဖျက်ဆီးခံရပြီး အနည်းဆုံးလူ(၁၂)ဦးကို ဖမ်းဆီးထိန်းသိမ်းထားပါသည်။

ပြန်ကြားရေးဝန်ကြီးဌာနက ပြောကြားရာတွင် အဆိုပါ ဘာသာရေးအရ မငြိမ်သက်မှုသည် ကန့်ဘလူ၏  ဗဟိုကျသော ရွာ၌ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးအား မူဆလင်အမျိုးသားတစ်ဦးမှ အဓမ္မပြုကျင့်ရန် ကြိုးစားရာမှ စနေနေ့ညတွင် ဖြစ်ပွားခဲ့ပါသည်။

ကြေညာချက်အရ ထိုလူကို ထိန်းသိမ်းထားပြီးနောက် ဗုဒ္ဓဘာသာဘုန်းကြီးများအပါအဝင် ရွာသား(၃၀၀)ခန့် သည် ရဲစခန်းအား ထိုလူကို ထုတ်ပေးရန် တောင်းဆိုခဲ့ကြပါသည်။

ရဲစခန်းက ငြင်းဆိုသောအခါ လူအုပ်ကြီးသည် မူဆလင်အဆောက်အဦများကို ဖျက်ဆီးခြင်း၊ ရဲစခန်းအား ခဲများဖြင့် ပစ်ပေါက်ခြင်းနှင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ကြပါသည်။

ထိုညတွင် တုတ်များဓားများကိုင်ဆောင်ထားကြသော ဗုဒ္ဓဘာသာဝင်(၁၀၀၀)ခန့်သည် မူဆလင်ရွာသားများကို  တိုက်ခိုက်ပြီး ဆိုင်ခန်းနှင့် နေအိမ်အလုံး(၄၀) ကျော်ကို ဖျက်ဆီးခဲ့ကြသည်ဟု မျက်မြင်သက်သေများက ပြောပါသည်။

တနင်္ဂနွေနေ့တွင် အခြေအနေများ ငြိမ်သက်သွားခဲ့ပါသည်။ အချို့မူဆလင်များသည် အနီးအနားရှိရွာများ၊ မူဆလင်ကျောင်းတွင်လည်းကောင်း ထွက်ပြေးခိုလှုံကြရသည်ဟု မျက်မြင်သက်သေများက ပြောကြပါသည်။

မူဆလင်မျက်မြင်သက်သေတစ်ဦးက ပြောကြားရာတွင် ပြဿနာမှာ မူဆလင်လူရွယ်တစ်ဦးနှင့် ဗုဒ္ဓဘာသာ အမျိုးသမီး တစ်ဦးတို့အကြား အငြင်းပွားရာမှ စတင်ဖြစ်ကြောင်း၊ အဓမ္မပြုကျင့်ခြင်းဆိုသည်ကိုမူ မဟုတ်ကြောင်း ငြင်းဆိုခဲ့ ပါသည်။

မြန်မာနိုင်ငံတွင်  ၂၀၁၁ ခုနှစ် အရပ်သားအစိုးရတက်လာကတည်းက ဘာသာရေးအရ အကြမ်းဖက်မှုများကို  ကြိုးစား ဖြေရှင်းနေခဲ့ရပါသည်။

မငြိမ်သက်မှုများမှာ ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး၊ ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာများက ရိုဟင်ဂျာ မူဆလင်များသည်  တရားမဝင် ဝင်ရောက်လာသူများအဖြစ် စွပ်စွဲခဲ့ကြပါသည်။

ပြီးခဲ့သည့်အပတ်က လူ့အခွင့်အရေး စောင့်ကြည့်သူများက ပြောကြားရာတွင်  မြန်မာနိုင်ငံမှ အာဏာပိုင်များ သည် မူဆလင်ဆန့်ကျင်ရေး hate speech များ၊ ရန်ပွဲများတွင် အရေးယူမှုမရှိသော ဓလေ့များကို အမြစ်မှစ၍ မကိုင်တွယ်နိုင်ပါက လူသားချင်းစာနာမှု မရှိသော သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်နိုင်မည့် ရာဇဝတ်မှု အလားအလာများရှိသော ပဋိပက္ခများမှာ အန္တရာယ်ကြီးသော အဆင့်သို့ ရောက်နေပြီဟု ပြောခဲ့ပါသည်။

လူ့အခွင့်အရေးအုပ်စုများက အာဏာပိုင်များသည် မငြိမ်သက်မှုများကို မကိုင်တွယ်နိုင်ခြင်း(သို့မဟုတ်) ထိန်းသိမ်းရန် ဆန္ဒမရှိခြင်းတို့ကြောင့်  ၂၅၀ ခန့်သေဆုံးပြီး ၁၄၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ရသည်ဟု စွပ်စွဲကြပါသည်။ ပဋိပက္ခ ဒဏ်ခံရသူအများစုမှာ တိုင်းပြည်လူဦးရေ၏ ၄% ခန့်သာရှိသော မူဆလင်များဖြစ်ပါသည်။ ထိုသို့စွပ်စွဲမှုများကို မြန်မာနိုင်ငံက ပယ်ချခဲ့ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment