Transparency Myanmar

transparency.myanmar@gmail.com

International Media
Document

Snapshot of the item below:
International Media

ဘာသာပြန်သတင်းများ (၁)

(Shanghai Daily မှ 27 Aug 2013 ရက်စွဲပါ “Myanmar’s Parliament approves telecommunications bill” သတင်းကို ဘာသာပြန်ဆိုသည်)

( 27 Aug 2013 ရက်စွဲပါ Asian Tribune မှ  Situation of inter-communal violence in Myanmar is perilous warn ASEAN legislators ကို ဘာသာပြန်ဆိုသည်)

(AFP မှ 26 Aug 2013 ရက်စွဲပါ “Suu Kyi, Dalai Lama to attend Czech Rights Forum” သတင်းကို ဘာသာပြန်ဆိုသည်)


 ဆက်သွယ်ရေးဥပဒေကို မြန်မာလွှတ်တော်အတည်ပြု

(Shanghai Daily မှ 27 Aug 2013 ရက်စွဲပါ “Myanmar’s Parliament approves telecommunications bill” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကဏ္ဍကို အားပေးမြှင်တင်နိုင်မည့်ဥပဒေကို အင်္ဂါနေ့တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ကြောင်း လွှတ်တော်သတင်းရပ်ကွက်က ဆိုပါသည်။

၎င်းဆက်သွယ်ရေးဥပဒေသည် ဆက်သွယ်ရေးနည်းပညာဖြင့် နိုင်ငံဖွံ့ဖြိုးရေး၊ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးမှုတွင် ပုဂ္ဂလိကကဏ္ဍမှ ပိုမိုပါဝင်လာရေးတို့ကို တိုက်တွန်းအားပေးသွားမည်ပာုဆိုသည်။

အတည်ပြုလိုက်သော ဆက်သွယ်ရေးဥပဒေအရ နိုင်ငံခြားတယ်လီကွမ်း ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် အနည်းဆုံး ၅ နှစ်မှ အများဆုံး နှစ် ၂၀ အထိလုပ်ကိုင်ရန် ခွင့်ပြုချက်ရရှိနိုင်ကြမည်ဖြစ်သည်။

၎င်းဆက်သွယ်ရေးဥပဒေမူကြမ်းကို ပြီးခဲ့သော နိုဝင်ဘာလကတည်းက လွှတ်တော်သို့အတည်ပြုရန် တင်ပြထားခြင်း ဖြစ်သည်။

ယခုနှစ် ဇွန်လ ၂၇ ရက်နေ့က နော်ဝေး Telenor ကုမ္ပဏီနှင့် ကာတာ ooredoo ကုမ္ပဏီတို့သည် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအော်ပရေတာလိုင်စင်ရရှိသည့် ပထမဆုံးနိုင်ငံခြား ကုမ္ပဏီများဖြစ်လာခဲ့သည်။

ယင်းကဲ့သို့ တယ်လီဖုန်းအော်ပရေတာ လိုင်စင်နှစ်ခုခွင့်ပြုချထားပေးရန်အတွက် ယခုနှစ် ဇန်နဝါရီလတွင် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို မြန်မာအစိုးရက တင်ဒါဖိတ်ခေါ်ခဲ့သည်။

စိတ်ဝင်စားကြောင်းအဆိုပြုလွှာတင်သွင်းသော ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၉၁ ခုအနက်မှ ဆန်ကာတင် ကုမ္ပဏီ ၁၁ ခုကို ရွေးချယ်ခဲ့ပြီးနောက် နောက်ဆုံးတင်ဒါအောင်သော ကုမ္ပဏီနှစ်ခုကို ထုတ်ပြန်ကြေညာပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ မကြေညာမှီတစ်ရက်အလိုတွင် ပြည်သူ့လွှတ်တော်၌ လူထုဆန္ဒကို မျက်ကွယ်ပြုကာ၊ ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်မှုကို ဆိုင်းငံ့ထားရန်တောင်းဆိုသော ဖြစ်ရပ် အံ့အားသင့်ဖွယ် ထွက်ပေါ်လာခဲ့သည်။

လက်ရှိမြန်မာနိုင်ငံတွင် အစိုးရပိုင် MPT နှင့် ရတနာပုံတယ်လီပို့စ် ကုမ္ပဏီတို့က ဆက်သွယ်ရေးဈေးကွက်ကို ချုပ်ကိုင်ထားသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် တယ်လီဖုန်းလိုင်း ၁၀ သန်းအထိတိုးချဲ့ရန် ဆက်သွယ်ရေးဝန်ကြီးဌာနက စီစဉ် နေသည်ပာုလည်း ကြားသိရသည်။ မြန်မာအစိုးရကလည်း ၂၀၁၅ တွင် မိုဘိုင်းဖုန်းသုံးစွဲသူ ရာခိုင်နှုန်း ၈၀ အထိ ရှိလာစေရန် ရည်မှန်းထားသည်။ လူဦးရေ သန်း ၆၀ ရှိသော မြန်မာနိုင်ငံ၏ လက်ရှိမိုဘိုင်းဖုန်းသုံးစွဲမှုမှာ ၇ ရာခိုင်နှုန်းမျှသာ ရှိပါသည်။


မြန်မာနိုင်ငံတွင် ပြည်တွင်းလူမျိုးရေး အကြမ်းဖက်မှုအခြေအနေမှာ အန္တရာယ်ကြီးဟု ASEAN အမတ်များသတိပေး

( 27 Aug 2013 ရက်စွဲပါ Asian Tribune မှ  Situation of inter-communal violence in Myanmar is perilous warn ASEAN legislators ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ပြည်တွင်းလူမျိုးရေးပဋိပက္ခ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားရန် ချောက်ကမ်းပါးစွန်းသို့ ရောက်နေ သကဲ့သို့ သီသီလေးသာလိုတော့သည်ဖြစ်ရာ အာဏာပိုင်များအနေဖြင့် သားကောင်များကို အကာအကွယ်ပေးရေး၊ အကြမ်းဖက်မှု ကျူးလွန်သူများကို ဖမ်းဆီး၍ ၄င်းတို့၏ လုပ်ဆောင်မှုအတွက် အရေးယူခြင်း၊ ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် အသိုင်းဝိုင်းများကြား ပဋိပက္ခကို မီးမွှေးပေးမည့် လောင်စာဖြစ်စေသည့် နောက်ခံအကြောင်းများကို ကိုင်တွယ်ဖြေရှင်းခြင်း စသည်ဖြင့် ထောင့်စုံပါဝင်သော မဟာဗျူဟာကို ချက်ချင်းအကောင်ထည်ဖော်ရမည်ဖြစ်သည်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များ (APHR) က ယနေ့ပြောကြားလိုက်ပါသည်။

မြန်မာအာဏာပိုင်များအနေဖြင့် ယခုအပတ်အကုန်က စစ်ကိုင်းတိုင်း ကန့်ဘလူတွင် နေအိမ်နှင့် စီးပွားရေး လုပ်ငန်း (၆၀)ခန့် မီးရှို့ဖျက်ဆီးခံရခြင်းအတွက် ဘက်လိုက်ခြင်းမရှိသော စုံစမ်းစစ်ဆေးမှုများ ချက်ချင်းလုပ်ဆောင်ရန် သေချာစေရမည်ဖြစ်ပြီး တာဝန်ရှိသူများကလည်း ဥပဒေအတိုင်းဖြစ်စေရေး သေချာစေရမည်ဟု APHR က ပြောပါသည်။

“အစိုးရ၊ အထူးသဖြင့်နယ်မြေလုံခြုံရေးတပ်ဖွဲ့တွေဟာ ပြည်တွင်းလူမျိုးရေးတင်းမာမှုကို လျှော့ချဖို့ လုံလောက်အောင် မလုပ်ဆောင်နိုင်ရုံမျှမက လူအုပ်ကြီးနှင့်အကြမ်းဖက်မှုများကို ကာကွယ်မှုမပြုနိုင်ပါဘူး။ တကယ်လို့ မွတ်ဆလင် ဆန့်ကျင်ရေးလှုံ့ဆော်မှုနှင့် အကြမ်းဖက်ဖို့အားပေးမှုတွေကို အင်အားနဲ့မထိန်းချုပ်နိုင်ဘူးဆိုရင် ပြင်းထန်တဲ့ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ဖို့ အလားအလာကို ရင်ဆိုင်နေရပါပြီ။ ကျူးလွန်သူတွေနှင့် သူတို့ရဲ့ လုပ်ဆောင်တာတွေကလည်း သူတို့ကို အရေးယူမှာမဟုတ်ဘူးလို့ ခံစားလာရပြီး ဆက်လက်ကျူးလွန်ကြပါလိမ့်မယ်”ဟု APHR ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှားလွှတ်တော်အမတ် Eva Kusuma Suandari က သတိပေးခဲ့ပါသည်။

“တင်းမာမှုဖြစ်ရတဲ့ နောက်ကွယ်က အကြောင်းတွေကို ထင်ထင်ရှားရှားတွေ့နေရသော်လည်း မြန်မာနိုင်ငံမှာ ချောက်ကမ်းပါးစွန်းကို ရောက်နေတဲ့အခြေအနေ တိုးတက်ဖြစ်ပေါ်နေခြင်းအတွက် မြန်မာအာဏာပိုင်တွေဟာ လုံလောက်တဲ့ တုံ့ပြန်မှုတွေမလုပ်နိုင်ဘူးလို့ ကျွန်တော်တို့ခံစားနေရပါတယ်”ဟု ၄င်းက ပြောပါသည်။

“တကယ်လို့အစိုးရက ဒီကိစ္စကိုမဖြေရှင်းနိုင်ရင် လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ရပ်ရွာအခြေပြုအဖွဲ့အစည်း တွေကို တင်းမာမှုလျှော့ချဖို့နဲ့ ကြိုးပြတ်သွားတဲ့ ဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့ ကွက်လပ်တစ်ခု ဖန်တီးပေးပါတယ်။ ဒီပြတ်သွားတဲ့ဆက်ဆံရေးကို ပြန်ကောင်းစေမည့်အဖြေက ဒီအသိုင်းဝိုင်းအတွင်းမှာပဲ နည်းလမ်းတွေရှာရမှာဖြစ်ပြီး၊ ပြင်ပကထွက်ပေါ်လာမည့် နည်းလမ်းတွေမရှိနိုင်ဘူးလို့ထင်ပါတယ်။”ဟု Ms. Sudari က ပြောပါသည်။

APHR အနေဖြင့် လူအုပ်ကြီး၏ အကြမ်းဖက်မှုကို ကိုင်တွယ်ရန် ကြိုးစားရာတွင် လုံခြုံရေးတပ်ဖွဲ့များ ကြုံတွေ့ရမည့် အခက်အခဲများကို နားလည်သဘောပေါက်ပါသည်။ သို့သော်လည်း ပြီးခဲ့သည့်နှစ်က မွတ်ဆလင် အသိုင်းအဝိုင်းများအပေါ် တိုက်ခိုက်မှုများတွင် ရဲဘော်တပ်ဖွဲ့၏ မည့်သို့မျှလုပ်ဆောင်မပေးသည့် အဖြစ်အပျက်များရှိကြောင်း စွပ်စွဲချက်များအပေါ်တွင်လည်း စိုးရိမ်မှုများရှိနေဆဲ ဖြစ်ပါသည်။ တချိန်က ငြိမ်းချမ်းစွာရှိခဲ့ သော အသိုင်းအဝိုင်းများအတွင်း  မွတ်ဆလင်ဆန့်ကျင်ရေးသဘောတရားများ ကြီးထွားလာခြင်းကို အစိုးရအနေဖြင့် ထိန်းချုပ်ရန်ချက်ချင်း တိကျသည့် အဆင့်များဖြင့် ကိုင်တွယ်ရန် လိုအပ်နေသည်ဟု APHR ကပြောပါသည်။

APHR သည် ၉၆၉လှုပ်ရှားမှုများ၏ လုပ်ဆောင်မှုများအပေါ် စိုးရိမ်မှုရှိနေဆဲဖြစ်ပါသည်။

၉၆၉လှုပ်ရှားမှုများသည် hate speech များကို လွတ်လပ်စွာဟောပြောခြင်း၊ မွတ်ဆလင်ဆန့်ကျင်ရေး တရားဟောခြင်းနှင့် မူဆလင်အသိုင်းအဝိုင်းများအပေါ် စဉ်းစားဆင်ခြင်မဲ့စွာ အကြမ်းဖက်ရန် သွေးထိုးလှုံ့ဆော်ခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။ အဆိုပါအန္တရယ်ကြီးသည့် မွတ်ဆလင်ဆန့်ကျင်ရေးဝါဒဖြန့်မှုများကို  မီဒီယာအမျိုးမျိုးက ပြန်လည်ဖြန့်ဝေနေခြင်းသည်လည်း ဒုက္ခဖြစ်စေကြောင်း APHR ကပြောပါသည်။

“မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ မေးစရာမေးခွန်းတွေ အများကြီးရှိနေပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ခြင်း နယ်ပယ်မှာတင်မကဘဲ ကိစ္စရပ်အတော်များများမှာ ဖြေရှင်းစရာတွေရှိနေပါသေးတယ်။ သတ္တုတွင်း လုပ်ငန်းကြီးတွေ၊ စီးပွားရေးစီမံကိန်းကြီးတွေ၊ မြေယာသိမ်းဆည်းမှုတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေမှာ ဖမ်းဆီးထောင်ချမှု တွေရှိနေပေမယ့် hate speech တွေနဲ့ အကြမ်းဖက်ဖို့လှုံ့ဆော်ဝါဒဖြန့်နေတာတွေကိုတော့  အာဏာပိုင်တွေက မထိရဲတာ ဟာ ကြီးမားတဲ့ ပြဿနာပါဘဲ “ ဟု APHR ဒုဥက္ကဌ Kraisak Choonhavan က ပြောပါသည်။ လက်ရှိလွှတ်တော်တွင် အဖွဲ့အစည်းများ ဖွဲ့စည်းမှုနှင့်ပတ်သက်၍ ဥပဒေကြမ်းပြုရာတွင် စကားအချေအတင်ဖြစ်လျက်ရှိပါသည်ဟု ၄င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

ပြည်တွင်းမှ လွှတ်တော်ကိုယ်စားလှယ်များသည် အသိုင်းအဝိုင်းများကြားပျက်ယွင်းသွားသော ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးကို အထောက်အကူဖြစ်စေရန် လွှတ်တော်တွင် ဆွေးနွေးရန် တင်သွင်းခြင်းနှင့် အစိုးရတာဝန်ရှိသူများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့်အတူ လုပ်ကိုင်ရမည်ဖြစ်သည်ဟု APHR က ပြောပါသည်။

“အရေးအကြီးဆုံးအချက်တစ်ခုမှာ နေအိမ်ဆုံးရှုံးသွားသူများ အကာအကွယ်ရရှိရေး၊ သက်ဆိုင်ရာ အာဏာပိုင်များက ကျောထောက်နောက်ခံပြု၍ နေအိမ်များ၊ ၄င်းတို့၏ ဘဝများပြန်လည်တည်ဆောက်ရေးတွင် ကူညီမှသာ ၄င်းတို့မူလနေရာသို့ အမြန်ပြန်သွားနိုင်မှာဖြစ်ပါတယ်“ ဟု Ms. Sudari ကပြောပါသည်။

“အစိုးရအနေဖြင့် အသိုင်းအဝိုင်းတွေခွဲခြားထားရေး မူဝါဒဟာ အကြမ်းဖက်မှုတွေပိုဖြစ်မလာအောင် တားဆီးဖို့သာ ဖြစ်သင့်ပြီး အသိုင်းအဝိုင်းအိမ်နီးချင်းတွေနဲ့ မပေါင်းစပ်နိုင်အောင် ခွဲခြားထားခြင်းမျိုးကို ဦးမတည်စေလိုပါဘူး“ ဟု သူကပြောပါသည်။


ချက် လူ့အခွင့်ကော်မရှင်သို့  ဒေါ်အောင်ဆန်းစုကြည်နှင့် ဒလိုင်းလားမားတို့ နှစ်ဦးစလုံး တက်ရောက်ကြမည်

(AFP မှ 26 Aug 2013 ရက်စွဲပါ “Suu Kyi, Dalai Lama to attend Czech Rights Forum” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားတို့ နှစ်ဦးစလုံး နောက်လတွင် ပရာဂ်၌ကျင်းပမည့် လူ့အခွင့်ရေးဖိုရမ်သို့ တက်ရောက်ကြလိမ့်မည်ဟု ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့တွင်ပြောကြားသည်။

ခေါင်းဆောင်နှစ်ဦးစလုံး ဖိုရမ်တွင် မိန့်ခွန်းပြောကြားမည်ဟု ပြောရေးဆိုခွင့်ရှိသူ ဖီလစ်ဆီဘက် က AFP သတင်းဌာနသို့ပြောကြားသည်။

အာဏာရှင်စနစ်လက်အောက်မှ လွတ်မြောက်ရန်ကြိုးပမ်းမှုကြောင့် ကမ္ဘာကျော်သူခေါင်းဆောင်နှစ်ဦးကြား တရားဝင်ဆွေးနွေးပွဲများ စီစဉ်ထားခြင်းမရှိသော်လည်း အလွတ်သဘောတွေဆုံမည့်အလားအလာရှိပြီး ထိုတွေ့ဆုံမှုသည် တရုတ်နိုင်ငံကို ဒေါသထွက်စေနိုင်ကြောင်း ၄င်းက ဆက်ပြောခဲု့သည်။

သယံဇာတကြွယ်ဝသော မြန်မာနိုင်ငံတွင် အဓိကရင်းနှီးမြှပ်နှံထားသူ အင်အားကြီးအိမ်နီးချင်း ဘီဂျင်းက ဒလိုင်းလားမားကို တရုတ်ဆန့်ကျင်ရေးနှင့် ခွဲထွက်ရေးလှုပ်ရှားသူဟု တံဆိပ်ကပ်ထားပါသည်။

မြန်မာနိုင်ငံ၏ အငြင်းပွားဖွယ်ရွေးကောက်ပွဲ ပြီးစီးရန်အထိ ၁၅နှစ်ခန့် အကျယ်ချုပ်ထိန်းသိမ်းခံထားရသူ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၁ ခုနှစ် အာဏာရလာသော သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြုပြင်ပြောင်းလဲမှု များကြောင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ခွင့် ရရှိကာ ယခုအခါ လွှတ်တော်အမတ်အဖြစ် တရားဝင် နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မနှစ်က အထင်ကရ ဥရောပခရီးစဉ်နောက်ပိုင်းတွင် ချက်နိုင်ငံသို့ ယခုပထမဆုံး လာရောက် လည်ပတ်ခြင်းဖြစ်သည်။

အထက်ပါ လူ့အခွင့်အရေး ဖိုရမ်ကို ချက်သမ္မတဟောင်း ဗဲကလက်ဟာဝယ်နှင့် အမေရိကန်လူမျိုး အယ်ဝီဆယ်တို့က ၁၉၉၇ တွင် ကမကထပြု စတင်ကျင်းပခဲ့သည်။

“အသွင်ပြောင်း လူ့အဖွဲ့အစည်းများ” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးကြမည့် ယခုနှစ် ဖိုရမ်သို့ အမေရိကန်အဆိုတော် လူ့အခွင့်ရေးလှုပ်ရှားသူ ဂျုံးဘေ့စ် နှင့် တောင်အာဖရိက၏ နောက်ဆုံးလူဖြူသမ္မတဟောင်း အက်ဖ် ဒဗလျူ ဒီကလပ်တို့လည်း တက်ရောက်မည်ဟုသိရသည်။

“ဖိုရမ်အကြောင်းအရာရဲ့ ရည်ရွယ်ချက်ကတော့ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကူးပြောင်းရာမှာ ဘာတွေ လိုအပ်သလဲဆိုတာကို ကောင်းကောင်း နားလည်နိုင်စေဖို့နဲ့ ဒီဖြစ်စဉ် (အသွင်ကူးပြောင်းမှု)ကို ဖန်တီးလိုက်တဲ့ အရာတွေကြောင့်ဘဲ လမ်းပျောက်ပြီးရပ်တန့်သွားနိုင်တာကိုလည်း နားလည် သဘောပေါက် စေချင်လို့ပဲဖြစ်ပါတယ်။”ဟု အမှုဆောင်ဒါရိုက်တာ ဂျက်ကပ်ကလက်ပယ်က ကြေညာချက်ထုတ်ပြန်ပြောကြားသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment