Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


သတင်းမီဒီယာဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်ငါးဦး ဆွေးနွေး

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲတင်သွင်းသည့် သတင်းမီဒီယာဥပဒေကြမ်းကို သြဂုတ်လ ၂၈ ရက်နေ့ အမျိုးသားလွှတ်တော်၌ ကျင်းပသော အစည်းအဝေးတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဝင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်သော ဦးစောထွန်းမြအောင်နှင့် ဦးလှဆွေ အပါအဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ငါးဦးတို့က  ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်ဖျက်သိမ်းထားပြီးဖြစ်သည့် သတင်းမီဒီယာ မှတ်ပုံတင်ဌာနနှင့် စိစစ်ရေးစနစ်တို့ကို ပြန်လည်ထားရှိပေးရန်အတွက် ဦးစောထွန်းမြအောင်နှင့် ဦးလှဆွေ နှစ်ဦးက တင်ပြဆွေးနွေး လာကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ထိုသို့တင်ပြဆွေးနွေးရာတွင် “ သတင်းမီဒီယာလုပ်ငန်း၏ ထုတ်ဝေစာသည် စိစစ်ခြင်းမှ ကင်းလွတ်ခွင့်ရှိသည်” ဟူသော ပြဋ္ဌာန်းချက်နှင့်ပတ်သက်၍ အမျိုးသားလုံခြုံရေးနှင့် ဆိုရှယ်မီဒီယာများ ချိတ်ဆက်နေကြောင်း၊ ဆိုရှယ်မီဒီယာ များသည် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာပြီဆိုတာ နိုင်ငံတိုင်း တွင် သံသယဖြစ်စရာပေါ်ပေါက်လာကြောင်း၊ မီဒီယာလောကသည် အရွေ့မြန်ပြီး အမျိုးသားလုံခြုံရေးသည် နောက်ကကျန်ခဲ့သလို ဖြစ်နေကြောင်း အင်တာနက် စနစ်များကြောင့် မိနစ်ပိုင်းတွင်သတင်းပို့ခြင်း၊ သတင်းရယူခြင်းများ၊ သတင်းအတုအယောင်များ ရယူနိုင်ကြောင်း၊ မိုဘိုင်းဖုန်းတစ်လုံးရှိရုံဖြင့် အွန်လိုင်းပေါ်တွင် နေရာတစ်နေရာရရှိကြောင်း၊ သို့ဖြစ်၍ အမျိုးသားလုံခြုံရေးအတွက် ဆိုရှယ်မီဒီယာကို ထည့်သွင်းစဉ်းစားသင့်ကြောင်း  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းမြအောင်က ထည့်သွင်း ဆွေးနွေးခဲ့သည်။

ထို့အပြင် သတင်းမီဒီယာဥပဒေကြမ်း အခန်း(၉) ပြစ်မှုနှင့် ပြစ်ဒဏ်အခန်းပါ ပုဒ်မ(၂၆)၊ ပုဒ်မ(၂၇)တို့တွင် ပြဋ္ဌာန်းထားသော ငွေဒဏ်များသည် အမျိုးသားလွှတ်တော်မှ ပြင်ဆင်အတည်ပြုပြဋ္ဌာန်းပြီး ဖြစ်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းပါ ပြစ်မှု ပြစ်ဒဏ်နှင့်သက်ဆိုင်သည့် ဒဏ်ငွေချမှတ်ခြင်းနှင့် ပတ်သက်၍ ရှုပ်ထွေးမှုရှိနေပြီး မသင့်လျော်သဖြင့် ယင်းအပိုဒ်များကို ဖြုတ်သင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ထပ်မံဆွေးနွေးပြောကြားခဲ့သည်။

ထို့အပြင် သတင်းမီဒီယာဥပဒေကြမ်းတွင်ပါရှိသော  “မူပိုင်ခွင့်နှင့် မော်ကွန်းဌာန” စကားရပ်ကိုလည်း “ပြန်ကြားရေး ဝန်ကြီးဌာနတွင် ယခုရှိနေသည့်  “ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာန” အဖြစ် ပြောင်းလဲပြင်ဆင် သင့်ကြောင်း ဦးလှဆွေက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အတွင်းရေးမှူး ဦးကျော်မင်းဆွေကမူ “မှတ်ပုံတင်ဌာနနဲ့ မှတ်ပုံတင် အရာရှိကို ခွင့်ပြုမယ်ဆိုရင် ၆၂ ဥပဒေကို အသက်ပြန်သွင်းလိုက်တာပဲ”ဟု ၎င်း၏အမြင်ကို ဝေဖန် ပြောဆိုခဲ့သည်။ မှတ်ပံတင်အရာရှိဆိုသည်ကိုလည်း သတင်းမီဒီယာလောကသားများက မလိုလားသည့် အတွက် ပယ်ဖျယ်ပေးရန်  ပြန်ကြားရေးဝန်ကြီးကလည်း သဘောတူခဲ့ပြီဖြစ်ကြောင်း သိရသည်။

YC


ကေအိုင်အို လိုင်ဇာဌာနချုပ်၌ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား KIO စစ်ခေါင်းဆောင် များ နှင့် တွေ့ဆုံ

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားသည် ကေအိုင်အို ဌာနချုပ် လိုင်ဇာသို့ သြဂုတ်လ ၂၈ ရက်နေ့က ရောက်ရှိခဲ့ပြီး ကေအိုင်အို ဗဟိုအဖွဲ့ဝင် ဥက္ကဋ္ဌ ဦးဇောင်းခါး၊ ဒု စစ်ဦးစီးချုပ် ဂွမ်မော် အပါအဝင် အဖွဲ့ဝင် ၃၀ ခန့်နှင့် တွေ့ဆုံခဲ့ကြကြောင်း ကချင် ငြိမ်းချမ်းရေးအကျိုး တော်ဆောင် ဦးအင်ဆင်းဆန်းအောင်၏ ပြောကြားချက်အရ သိရသည်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့သည် လိုင်ဇာ ခရီးစဉ်တွင် မစ္စတာနမ်ဘီးယား နှင့် အတူ လိုက်ပါခဲ့ပြီး KIO ခေါင်းဆောင်များ နှင့် တစ်နာရီကြာခန့် တွေ့ဆုံခဲ့ကြခြင်း ဖြစ်ကြောင်း ကေအိုင်အို ဗဟို ကော်မတီအဖွဲ့ဝင်များက ပြောကြားသည်။

“သူက ငြိမ်းချမ်းရေးလုပ်ငန်းတွေ ရှေ့တိုး ဆောင်ရွက်ဖို့ ပြောတယ်။ လွန်ခဲ့တဲ့ ဆွေးနွေးပွဲမှာ သဘော တူခဲ့တဲ့အချက် ၇ ချက် နဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်ဖို့ လည်း ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကုလသမဂ္ဂအဖွဲ့ ပါလာတာကိုတော့ အတိုင်းမသိ ဝမ်းသာပါတယ်” ဟု ဗဟိုကော်မတီဝင် တစ်ဦးက ဆိုသည်။

ထို့နောက် မစ္စတာ ဗီဂျေနမ်ဘီးယားသည် လိုင်ဇာရှိ ဒုက္ခသည်အများဆုံး နေထိုင်ရာဖြစ်သည့် ဂျေယန်း စစ်ပြေး ဒုက္ခသည်စခန်းနှင့် ဝေကြိုင် ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ပြီး ဆေးရုံတက်ရောက်နေသည့် လူနာများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မစ္စတာ ဗီဂျေနမ်ဘီးယားသည် ယခု ခရီးစဉ်တွင် ဝေကြိုင် စစ်ပြေးဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ သော်လည်း ABSDF၊ ကိုးကန့်၊ ရှမ်း၊ ပလောင် နှင့် ရခိုင် စသည့် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ ဆုံခဲ့ခြင်း မရှိဘဲ နေ့လည်စာ စားရင်းဖြင့်သာ တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဗီးယားသည် ကချင်ပြည်နယ် လိုင်ဇာဌာနချုပ်သို့ မလာ ခင် မြစ်ကြီးနားမြို့ သို့ ရောက်ရှိစဉ် ရှမ်း မျိုးနွယ်စုရေးရာအဖွဲ့ (ကချင်ပြည်နယ်) မှ ပေးသော မြန်မာအစိုးရနှင့် ဖြစ်ပွားနေသည့် တိုက်ပွဲ နယ်မြေများအတွင်း ရှမ်းရွာများအား မီးရှို့ဖျက်ဆီးခံရခြင်း၊ အဓမ္မ ပြုကျင့်ခံရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှု များနှင့် ပတ်သက်သော ၁၉၄၈ ခုနှစ် နောက်ပိုင်းမှတ်တမ်းများ ပါဝင်သည့် အိတ်ဖွင့် ပေးစာ တစ်စောင်ကိုလည်း လက်ခံရယူခဲ့ကြောင်း သိရသည်။

မစ္စတာနမ်ဘီးယားသည် ပြီးခဲ့သည့် မေလကုန်ပိုင်းက အစိုးရ နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် လေ့လာသူ အဖြစ် တက်ရောက်ခဲ့သူ တစ်ဦး ဖြစ်ပြီး ယခု ခရီးစဉ်သည် နိုင်ငံတကာ အသိအမှတ်ပြု အဖွဲ့ဝင် တစ်ဦးအား မြန်မာနိုင်ငံ အစိုးရအဖွဲ့မှ လိုင်ဇာသို့ သွားရန် ခွင့်ပြုပေးလိုက်သော ခရီးစဉ်လည်း ဖြစ်သည်။

သို့ရာတွင် ကချင်ပြည်နယ် လိုင်ဇာခရီးစဉ်အတွင်း မစ္စတာနမ်ဘီယားနှင့် အတူ သတင်းယူရန် ကြိုးစားခဲ့သော မြစ်ကြီးနားမြို့မှ သတင်းထောက်များမှာမူ သက်ဆိုင်ရာ သတင်းစာတိုက်၏ ထောက်ခံချက် (သို့မဟုတ်) ပြည်နယ် အစိုးရ၏ ထောက်ခံချက် မပါရှိသည့်အတွက် တပ်မ ၃၃ လက်အောက်ခံ တပ်ရင်း ၁၃ ၏ တားမြစ် ခြင်းကို ခံခဲ့ရကြောင်း သိရသည်။

YC


 

နိုင်ငံရေးပါတီများ နိုင်ငံတကာ၏ အထောက်အပံ့မယူရန် မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင် ထပ်မံသတိပေး

နိုင်ငံရေးပါတီများအနေဖြင့် ပြည်ပမှ အထောက်အပံ့များ ရယူခြင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ထုတ်ပြန်ပြဋ္ဌာန်းထား သော ဥပဒေများအတိုင်း တိကျစွာလိုက်နာရန်ဆောင်ရွက်ကြရန် မြန်မာနိုင်ငံပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများထံသို့ သတိပေးအကြောင်းကြားစာများကို သြဂုတ်လ ၂၃ ရက်နေ့ရက်စွဲဖြင့် ပေးပို့ အသိပေးထား ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇ တွင် နိုင်ငံရေးပါတီတစ်ခုခုသည် အောက်ပါအကြောင်း တစ်ခုခုနှင့် ငြိစွန်းပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားရာ၌ နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှ အစိုးရ (သို့) ဘာသာရေး အဖွဲ့အစည်းတစ်ခုခု (သို့) အခြားအဖွဲ့အစည်းတစ်ခုခု (သို့) ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေးပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်းဟူ၍ ပါရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပေးပို့သည့် အကြောင်းကြားစာတွင် နိုင်ငံရေးပါတီများနှင့် ပါတီဝင်များ သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင်ပါရှိသည့် အချက်အလက်များကိုလည်း လိုက်နာရမည် ဖြစ်ကြောင်း ထို့ပြင် ပါတီတင်သာမက ပါတီဝင်တစ်ဦးချင်းဆီအနေဖြင့်လည်း အဆိုပါ ပုဒ်မ ၄၀၇ ပါ ပြဋ္ဌာန်းချက်များကို လိုက်နာရ မည်ဟု ဖော်ပြထားကြောင်း သိရသည်။

ထို့ပြင် လိုက်နာမှုမရှိသည့် ပါတီဝင်များကိုလည်း ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရမည်ဖြစ်ပြီး ထိုသို့ ထုတ်ပယ်ခြင်း မပြုသည့် ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကိုလည်းဖျက်သိမ်းရမည်ဟု ဖော်ပြထားကြောင်း သိရသည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက “ကျွန်တော်တို့ ကတော့ နိုင်ငံခြားငွေတွေကို တရားဝင်ယူခွင့်ရှိတယ်ဆိုရင် နိုင်ငံခြားနဲ့ ဆက်စပ်နေတဲ့ပါတီတွေပဲ ရမှာပါ။ အဲ့ဒီအခါ နိုင်ငံရေးမှာ ယှဉ်ပြိုင်ရတဲ့အခါ တရားမျှတမှု ရှိမှာမဟုတ်လို့ ဒီဥပဒေအတိုင်းပဲ ဖြစ်စေချင်တယ်လို့ ပြောခဲ့တယ်။ ကော်မရှင်က ဒီလိုပဲ သဘောထားရှိသလို အများကလည်း ဒီလိုပဲ သဘောထားရှိကြပါတယ်” ဟုပြောသည်။

ယင်းကဲ့သို့ နိုင်ငံရေးပါတီများ ပြည်ပအထောက်အပံ့ယူခြင်း ခွင့်မပြုသည့် ကိစ္စရပ်နှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများထံသို့ အကြံပြုချက်များ တောင်ခံခဲ့ရာတွင် ပြဋ္ဌာန်းချက်အတိုင်း လိုက်နာရန် အကြံပြုသောပါတီ ၁၇ ခု၊ နိုင်ငံခြား အထောက်အပံ့ကို လက်ခံနိုင်ရန်အတွက် ဥပဒေ (သို့) လုပ်ထုံးလုပ်နည်း သတ်မှတ်ပေးသင့်သည်ဟု အကြံပြုသောပါတီ ၁၆ ခုနှင့် အကြံပြုတင်ပြရန်မရှိသောပါတီ ၁၈ ခုရှိနေသည်။

YC


ကမ္ဘာအနှံ့ ငွေလွှဲကုမ္ပဏီ Money   Gram နှင့် ပြည်တွင်းဘဏ်သုံးခု ပူးပေါင်း

ကမ္ဘာ့အနှံ့ငွေလွှဲဝန်ဆောင်မှု ပေးနေသော  Money Gram ငွေလွှဲကုမ္ပဏီနှင့်  ပြည်တွင်းရှိ အာရှစိမ်းလန်း ဖွံ့ဖြိုးမှုဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်နှင့် ထွန်ဖောင်ဒေးရှင်းဘဏ်တို့ ပူးပေါင်းကာ ပြည်တွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၀) ခုသို့ နိုင်ငံတကာမှ  ငွေလွှဲပေးပို့နိုင်ပြီဖြစ်ကြောင်း Money Gram ကုမ္ပဏီ၏ အာရှပစိဖိတ်၊ တောင်အာရှနှင့် အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ  အကြီးတန်း ဒုတိယဥက္ကဋ္ဌ   Mr. Grant Lines ကပြောကြားသည်။

ကနေဒါ၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ယူအေအီး၊ အင်္ဂလန်အပါအဝင် နိုင်ငံပေါင်း ၈၀ နှင့် ငွေလွှဲပေးပို့နိုင်မည်ဖြစ်ကြောင်း၊ သဘောတူညီချက်အရ ယင်းဘဏ်များ၏ ဘဏ်ခွဲအားလုံးနှင့်  ချိတ်ဆက်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်သော မြန်မာနိုင်ငံသားများဘဏ်သည်  ဘဏ်ခွဲကိုးခုသာရှိပြီး ယခုနှစ်တွင်   ဘဏ်ခွဲပေါင်း ၂၀ အထိတိုးချဲ့ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက ပိုင်ဆိုင်မှု ၄၅ ရာခိုင်နှုန်းနှင့် အစိုးရပိုင်ဆိုင်မှု ၅၅ ရာခိုင်နှုန်းဖြစ်ပြီး  အစိုးရ ပိုင်ဆိုင်မှုကို လျှော့ချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသားများဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဝင်းက ပြောသည်။

Money Gram ကုမ္ပဏီနှင့်  ငွေလွှဲလုပ်ငန်းအပြင် အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းစနစ်အရ  ပြည်တွင်းပြည်ပ ငွေတောင်းခံလွှာပေးချေမှုလုပ်ငန်းများကိုပါ လုပ်ဆောင်မည်ဖြစ်ပြီး ယင်းကုမ္ပဏီနှင့် ကွန်ရက်ချိတ်ဆက် နေသော  မည်သည့်နိုင်ငံမဆို ငွေလွှဲလုပ်ငန်းအပြင် ငွေတောင်းခံလွှာပေးချေမှုလုပ်ငန်းများ ဆောင်ရွက်နိုင် မည်ဖြစ်သည်ဟု  ထွန်းဖောင်ဒေးရှင်းဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သြဂုတ်လ ၂၇ တွင်  Money Gram သည် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်နှင့်  ငွေလွှဲလုပ်ငန်းပူးပေါင်း ဆောင်ရွက်ရန်  သဘောတူလက်မှတ်ရေးထိုးခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြည်တွင်းဘဏ်များ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိပြီး  ပြည်ပဘဏ်များ ပြည်တွင်းတွင် လုပ်ကိုင်ခွင့်ရရန်  အဆင့်သုံးဆင့်နှင့် ဆောင်ရွက်ရာ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲလျက်ရှိသည်ဟု  မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေရေး ကြေးရေး ကြီးကြပ်ကွပ်ကဲရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင်  Money Gram မတိုင်မီ အမေရိကန်ပြည်ထောင်စုအခြေစိုက် Western Union ငွေလွှဲလုပ်ငန်းသည် ယခုနှစ်ဇန်နဝါရီလအတွင်း လုပ်ငန်းဆောင်ရွက်ရန်  ပထမဆုံးဝင်ရောက်ခဲ့ပြီး  ပြည်တွင်းဘဏ် ခုနစ်ခုနှင့် ချိတ်ဆက်၍ ဝန်ဆောင်မှုပေးနေသည်။

YC


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment