Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


တရုတ်ပြည် ယူနန်ထိတင်ပို့မည့် ကျောက်ဖြူ ရွှေပိုက်လိုင်းစီမံကိန်း ဒေသခံပြည်သူတို့၏ နစ်နာချက်များ ဖြည့်ဆည်း ပေးရန် လိုအပ်ချက်များစွာရှိနေ

ရခိုင်ပြည်နယ် ကမ်းလွန်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ရေနံနှင့် သဘာဝဓါတ်ငွေ့များကို တင်ပို့နေသည့် CNPC ကုမ္ပဏီသည် ၎င်းတို့၏ လုပ်ငန်းအကျိုးစီးပွားမှလွဲ၍ ဒေသခံပြည်သူတို့၏ အကျိုးစီးပွားတို့ကိုမူ လစ်လျူရှုကာ နိုင်ငံတော်နှင့် ချုပ်ဆိုထားသော စာချုပ်များအရ ဒေသခံတို့၏ နစ်နာမှုများကို ဖြည့်ဆည်းပေးရန်အတွက် လိုအပ်ချက်များစွာ ရှိနေသေးကြောင်း မြန်မာ - တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီမှ စီမံကိန်းတာဝန်ခံ ဒေါ်စနိုးက သြဂုတ်လ ၂၉ ရက်နေ့ မြန်မာဂျာနယ်လစ်ရုံးခန်း၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်တွင် ပြေကြားခဲ့သည်။

CNCP ကုမ္ပဏီ အနေဖြင့် ကျောက်ဖြူ-ကူးမင်းရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ် ကမ်းလွန်ဒေသမှ စတင်ကာ မကွေးတိုင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့ကိုဖြတ်သန်းပြီး တရုတ်နိုင်ငံ ကူးမင်းအထိ သွယ်တန်းထားခြင်းဖြစ်ကာ အဆိုပါ ပိုက်လိုင်းဖြတ်သန်းရာ ဒေသတစ်လျှောက်ရှိ ဒေသခံများ၏ နစ်နာဆုံးရှုံးမှုများအပေါ် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန်ချိန်းဆိုမှု ပျက်ကွက်သွားခဲ့ရသည်ဟု ၎င်းက ဆိုသည်။

“ကျွန်မတို့နဲ့ ဆွေးနွေးမယ်ဆိုပြီး CNCP က လက်ထောက်က South East Asia Gas Pipe Line ကုမ္ပဏီက ကမ်းလှမ်းလာတယ်။ ကျွန်မတို့ ကော်မတီဘက်ကလည်း ဒေသခံတွေနဲ့ နစ်နာမှုတွေကို အသိပေးဖို့အတွက် လက်ခံခဲ့တယ်။ ဒါပေမယ့် သူတို့ဘက်က ဘယ်မှာတွေ့မယ်။ လူဘယ်နှစ်ယောက်ပဲ တက်ရမယ်ဆိုတဲ့ ကန့်သတ်ချက်မျိုးတွေ လုပ်လာတယ်။ ကျွန်မတို့ ကော်မတီမှာကလည်း ပြည်နယ်နဲ့တိုင်းလေးခုက ဒေသဆိုင်ရာ ကိုယ်စားလှယ်တွေ ပါဖို့လိုတယ်။ အားလုံးကို သူတို့ကြိုက်တဲ့ ပုံစံအတိုင်းပဲ လိုချင်နေတော့ နှစ်ဖက်တွေ့ဖို့ မဖြစ်တော့ဘူး” ဟု ကော်မတီ၏ စီမံကိန်းတာဝန်ခံ ဒေါ်စနိုးက ရှင်းလင်းသည်။

ထို့ပြင် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများက တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းနှင့် ဒေသအာဏာပိုင်များထံ တောင်းဆိုချက်များ ထုတ်ပြန်ပေးပို့ခဲ့ကာ ရက်ပေါင်း ၂၀ အတွင်း အဆိုပါ တောင်းဆိုချက်များအား  ပြုလုပ်ဆောင်ရွက်ပေးခြင်းမရှိပါက ကျေးရွာ ၂၄ ရွာမှ ရွာသားများက လမ်းပေါ်ထွက် ဆန္ဒပြမည်ဟု သတင်း ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်ကို သြဂုတ် ၂၃ ရက် နေ့လယ်ပိုင်းတွင် ကျောက်ဖြူမြို့ ခုနစ်မိုင်အကွာရှိ နှမ်းဖဲတောင်ရွာမှ ဘုန်းကြီးကျောင်း၌ ကျင်းပသည့် ရွာပေါင်း ၂၄ ရွာနှင့် ဒေသခံ လူမှုအဖွဲ့အစည်းသုံးခုမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး ပွဲအပြီးတွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဒေသခံတို့၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ ကျောက်ဖြူလူမှုကွန်ရက်ခေါင်းဆောင် ဦးထွန်းလွင်က  “နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ စီးပွားရေးလုပ်ဆောင်တဲ့အခါ ဒေသန္တရဖွံ့ဖြိုးရေးကို မလွဲမသွေ လုပ်ပေးရတယ် ဆိုတာ CNPC လို ကုမ္ပဏီကြီးတစ်ခုက မသိဘဲမနေဘူး။ ဒါပေမဲ့ ဒီကိစ္စကို အစိုးရနဲ့ ကုမ္ပဏီကြား ဘယ်လို အပေးအယူလုပ်ထားတယ်ဆိုထာ ကွယ်ဝှက်ထားပြီးတော့ ဒေသခံတွေကို အမှောင်ချဖို့ ကြိုးစားနေတယ်။ ဒါကြောင့် ယဉ်ကျေးတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွေက သိမ်မွေ့ညင်သာစွာတောင်း ဆိုခဲ့ကြတယ်။ ဒါကို သက်ဆိုင်သူတွေက ဥပေက္ခာပြုနေတော့ တစ်ဆင့်ပြီးတစ်ဆင့် တိုးပြီး လုပ်ဆောင်ရုံကလွဲလို့ အခြားမရှိတော့ ဘူးပေါ့” ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။\

မြန်မာ - တရုတ်ရေနံပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် ပိုက်လိုင်းတစ်လျှောက်ရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လူမှုအဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာ ဒေသခံများ၏ နစ်နာမှုများ၊ လိုအပ်ချက်များကို ဆောင်ရွက်ပေးလျှက်ရှိကာ လက်ရှိအချိန်တွင် အဖွဲ့ပေါင်း ၁၈ ဖွဲ့ရှိနေသည်။

YC

 


သတ္တမပုံမှန် အစည်းအဝေး ကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပေဒ လေ့လာသုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် ဥပဒေ ၁၆ ခု ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ရှင်းလင်းပြောကြား

ကျင်းပပြီးစီးခဲ့ပြီဖြစ်သော သတ္တမပုံမှန် အစည်းအဝေး ကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်v ရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းနိုင်ခဲ့သည့်အပြင် လွှတ်တော်၏ အဓိက လုပ်ငန်းတာဝန် ဖြစ်သည့် ဥပဒေပြုရေး လုပ်ငန်းများ ဆောင်ရွက် နိုင်မှုအဖြစ် ဥပဒေ ၁၆ ခုကို ပြဋ္ဌာန်းထုတ်ပြန်နိုင်ခဲ့ကြောင်း သြဂုတ်လ ၂၉ ရက်နေ့က ပြုလုပ်ခဲ့ သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး နောက်ဆုံးနေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ ရှင်းလင်းပြောကြားသွားချက်အရ သိရသည်။

လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ကာလအတွင်း နိုင်ငံတော်သမ္မတထံသို့ ဥပဒေအဖြစ် လက်မှတ်ရေးထိုး ပြဋ္ဌာန်းနိုင်ရန် ပေးပို့ထားသော ဆက်သွယ်ရေး ဥပဒေကြမ်းအပါအဝင် ဥပဒေကြမ်း နှစ်ခုရှိကြောင်း၊ ထို့အပြင် လယ်ယာ မြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရန်အတွက် လယ်ယာမြေ စုံစမ်းရေး ကော်မရှင်နှင့် အလုပ်ရှင် ၊ အလုပ်သမား အခွင့်အရေး ပူးပေါင်းလေ့လာရေး ကော်မရှင်တို့၏ အစီရင်ခံစာများကို ဆွေးနွေး အတည်ပြုခြင်းနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာများကိုလည်း တင်သွင်းဆွေးနွေး နိုင်ခဲ့ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

“အခု ကျင်းပခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် အရေးအကြီးဆုံး ဖြစ်တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဥပဒေလေ့လာသုံးသပ်နိုင်ဖို့ ပူးပေါင်းကော်မရှင်တစ်ရပါကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈) ကို လေ့လာ သုံးသပ်ရေးလုပ်ငန်းများ စတင် ဆောင်ရွက်နေပြီဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

ထို့နောက် သူရဦးရွှေမန်းက မိမိတို့ လွှတ်တော်အနေဖြင့် တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်စောင့် ရှောက်သည့် ဥပဒေကြမ်း ရေးဆွဲရန်လုပ်ငန်းကိုလည်း ယခု အစည်းအဝေး ကာလအတွင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ ထို့ပြင်  ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်၏ ဆောင်ပုဒ်နှင့် အညီ ပြည်သူများ၏ အသံ၊ ပြည်သူများ၏ ဆန္ဒများကို အလေးအနက်ထား နားထောင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြင့် ကျန်ရှိနေသော လွှတ်တော် သက်တမ်းအတွင်း အရည်အချင်းရှိသော ပြည်သူ့ကိုယ်စားလှယ်များအဖြစ်  ကိုယ်စီ တာဝန်ကျေပွန်မှုကို ပြသ စေလိုကြောင်း တိုက်တွန်းပြောကြားသွားခဲ့သည်။

YC


အသင်းအဖွဲ့များဆိုင်ရာဥပဒေကြမ်းအား အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းအဖြစ် ပြောင်းလဲပြင်ဆင်

၂၀၁၃ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းသည် အရပ်ဘက်အဖွဲ့အစည်းများအား ကန့်သတ်ချုပ်ချယ်သည့် ဥပဒေဖြစ်နေသဖြင့် အရပ်ဘက်အဖွဲ့အစည်း ၂၈၀ ကျော်မှ ပြင်ဆင်ရန် တောင်းဆိုခဲ့ပြီးနောက် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းအဖြစ် သြဂုတ်လ ၂၉ ရက်နေ့တွင် အသစ်ပြန်လည်ပြင်ဆင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ပြင်ဆင်လိုက်သည့်ဥပဒေကြမ်းတွင် အသင်းအဖွဲ့များအနေဖြင့် ယခင်ဥပဒေကြမ်းပါ ပြစ်မှုပြစ်ဒဏ်များ ပါဝင်မှုမရှိသည့်အပြင် အရပ်ဘက်အဖွဲ့အစည်းများ၏ အကျိုးခံစားခွင့်များ၊ နိုင်ငံတော်မှ ထောက်ပံ့ကြေးများ ရယူခြင်း၊ ဒေသဆိုင်ရာအာဏာပိုင်များထံမှ လိုအပ်သည့် အကူအညီနှင့် လမ်းညွှန်မှုများ တောင်းခံခြင်းစသည့် အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ပြည်သူများ လေ့လာသိရှိ အကြုံပြုနိုင်ရန် အစိုးရပိုင်မီဒီယာများတွင် ဖော်ပြခဲ့သော  အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းသည် အရပ်ဘက်အဖွံ့အစည်းများ၏ ရပ်တည်မှုအား အချိန်မရွေး ဖမ်းဆီးနိုင်သည့် ပြစ်မှုပြစ်ဒဏ်များ ပါဝင်နေသဖြင့်  အရပ်ဘက်အဖွဲ့အစည်းများက မြန်မာနိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်းအလိုက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကော်မတီ၊ ကော်မရှင်များ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် နေပြည်တော်တွင် ထပ်မံတွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ထိုသို့တွေ့ဆုံခြင်းဖြင့် အသင်းအဖွဲ့များဆိုင်ရာဥပဒေကြမ်းသည် အရပ်ဘက်အဖွဲ့အစည်းများ အားကောင်း လာစေရန် ပြင်ဆင်ထိန်းကျောင်းပေးသင့်သည့်ဥပဒေသာ ဖြစ်သင့်ကြောင်း ဆွေးနွေးတင်ပြခဲ့ပြီးနောက် ယင်းဥပဒေကြမ်း အား ယခုကဲ့သို့ ပြောင်းလဲပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုပြင်ဆင်မည့် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် ပြည်တွင်းအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်သည့် အချက်များ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပံ္ပနှင့် ကျောင်းသားသမဂ္ဂများအနေဖြင့် ကျောင်းတွင်းလှုပ်ရှားမှုများအတွက် မှတ်ပုံတင်ရန် မလိုအပ်ဘဲ ကျောင်းပြင်ပတွင် လှုပ်ရှားဆောင်ရွက်မှသာ မှတ်ပုံတင်ရန်လိုအပ်ကြောင်း  စသည့်အချက်များ ပါဝင်ရေးဆွဲထားကြောင်း သိရသည်။

လက်ရှိပြောင်းလဲပြင်ဆင်သည့် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းအား အတည်ပြုနိုင်ရန် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့တွင် တင်သွင်းဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

YC 


ပြည်ထောင်စုလွှတ်တော်နာယကမှ နိုင်ငံတော်သမ္မတထံ တောင်သူလယ်သမားများ၏ မြေယာပြဿနာများကို  အချိန်ဆွဲဖြေရှင်းခြင်းမပြုဘဲ ပြန်လည်ပေးစေလိုကြောင်း သဝဏ်လွှာပေးပို့

သြဂုတ် ၂၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက တောင်သူလယ်သမားများသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအပေါ်  ယုံကြည်မှုလျော့နည်းကျဆင်းနေပါသဖြင့် မြေယာပြဿနာများကို အချိန်ဆွဲဖြေရှင်း ခြင်းမပြုဘဲ ပြန်လည်ပေးစေလိုကြောင်း ပါရှိသော သဝဏ်လွှာကို နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့သည်။

ယင်းသဝဏ်လွှာတွင် လယ်ယာမြေများနှင့် အခြားမြေများ သိမ်းဆည်းမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသော  စုံစမ်းရေးကော်မရှင်၏ တင်ပြမှုများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအရ  တောင်သူလယ်သမားများသည် လွှတ်တော်ကိုယ်စားလှယ် များ၏ ဆောင်ရွက်ပေးမှုများကို ကျေနပ်မှုမရှိသကဲ့သို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု အပေါ်  ယုံကြည်မှု ကျဆင်းနေ သည်ဟု ကြားသိရကြောင်း ဖော်ပြထားသည်။

မြေယာပြဿနာများဖြေရှင်းပေးနေသော ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်၏ ဖြေရှင်းဆောင်ရွက်မှု များမှာ နှေးကွေးနေသောကြောင့် အချိန်မီစိုက်ပျိုးမှုမပြုနိုင်ခြင်း၊ တောင်းဆိုဆန္ဒပြမှုများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လျက်ရှိခြင်း၊ နားမလည်သော လယ်သမားအချို့မှာ မလုပ်တတ်၊ မကိုင်တတ်နှင့်   စနစ်တကျဖြေရှင်းမှု မရှိသည့်အတွက် အရေးယူခံရခြင်း၊  လက်ရှိကာလတွင် နိုင်ငံရေး အမြတ်ထုတ်လိုသူများ၊ ဒီမိုကရေစီပြုပြင်မှုကို ပျက်ဆီးစေလိုသူများကြောင့် တောင်သူလယ်သမားအချို့သည်  တည်ဆဲဥပဒေအရ အရေးယူခံရကြောင်း၊ မြေယာပြဿနာများသည် ယခင်ကာလက ဆောင်ရွက်မှုများကို အခြေခံ၍ ဖြစ်ပွားနေခြင်းဖြစ်ပြီး  ပြည်သူ့အစိုးရ သစ်ကာလတွင် နိုင်ငံ၏ကောင်းမွေ၊ ဆိုးမွေများကို လက်ခံ၍ ဖြေရှင်းပေးနိုင်ရမည်ဖြစ်ကြောင်း  သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့ကြောင့် ယင်းသဝဏ်လွှာတွင် မြေယာပြဿနာများကို ဖြေရှင်းရာ၌ အချိန်ဆွဲဆောင်ရွက်ခြင်းမပြုဘဲ  သက်ဆိုင်ရာမှ မလိုအပ်သောမြေယာများကို ပြန်လည်ပေးစေလိုကြောင်းနှင့် စိတ်ကောင်း စေတနာဖြင့် ပြန်ပေးလိမ့် မည်ဟု မျှော်လင့်သောကြောင့် ဆောင်ရွက်ပေးနိုင်ရန် သဝဏ်လွှာပေးပို့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment