Transparency Myanmar

transparency.myanmar@gmail.com

International Media (3)
Document

Snapshot of the item below:
International Media (3)

နိုင်ငံတကာသတင်းများ (၃)

ကချင်ဌာနချုပ်သို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ပထမဆုံးအကြိမ် သွားရောက်

(29 August 2013 ရက်စွဲပါ Asia Time သတင်းဌာနမှ တင်အောင်ခိုင်နှင့် ကျော်မျိုးမင်း ရေးသားသော UN envoy in first visit to Kachin HQ သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားသည် ကချင်တိုင်းရင်းသား လက်နက်ကိုင် ဌာနချုပ်သို့ ဗုဒ္ဓဟူးနေ့က ပထမဆုံးအကြိမ် သွားရောက်ခဲ့သည်။ ၎င်းသည် စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် တွေ့ဆုံခဲ့ပြီး တိုက်ပွဲများအတွင်း နေရာရွှေ့ပြောင်းခဲ့ရသော ဒုက္ခသည်စခန်းများကိုလည်း သွားရောက်ခဲ့သည်။ တိုက်ပွဲများသည် မေလက ငြိမ်းချမ်းရေးသဘောတူညီမှု လက်မှတ်ရေးထိုးအပြီးတွင် ရပ်စဲသွားခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ နမ်ဘီးယားသည် ကချင်ပြည်နယ် လိုင်ဇာရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ဌာနချုပ်သို့ ရောက်ရှိပြီး ကေအိုင်အို အရာရှိများနှင့် တွေ့ဆုံဆွေးနွေးကာ ရွှေ့ပြောင်းဒုက္ခသည်စခန်းများကို ငါးနာရီခန့်ကြာ လှည့်လည်ကြည့်ရှုခဲ့သည်။

ရွှေ့ပြောင်းဒုက္ခသည်များ သက်သာချောင်ချိရေး ကော်မတီ (IDP and Refugee Relief Committee) ဥက္ကဋ္ဌ ဒွိုင်ပီစက RFA မြန်မာပိုင်းသို့ ပြောကြားရာတွင် မစ္စတာနမ်ဘီးယားအဖွဲ့တွင် ငြိမ်းချမ်းရေး အကျိုးဆောင် လေးဦး ပါဝင်ပြီး ၎င်းက ကေအိုအိုခေါင်းဆောင်များနှင့် အချိန်အတော်ကြာ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း မည်သည့်အကြောင်းအရာ ဆွေးနွေးကြသည်ကိုမူ သေချာမသိရကြောင်း ပြောကြားခဲ့သည်။

“အခုလာတာက လာလေ့လာရုံပါပဲ။ သူ့ရဲ့ အချိန်ဇယားကြောင့် ကျွန်တော်တို့ သူနဲ့ ဘာမှ သေသေချာချာ မဆွေးနွေးလိုက်ရပါဘူး။ သူနဲ့ သူ့အဖွဲ့က ဒိုင်ယ ဒုက္ခသည်စခန်းနဲ့ လိုင်ဇာက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ကြတယ်”ဟု ၎င်းကဆိုသည်။

လိုင်ဇာခရီးစဉ်သည် မေလနှောင်းပိုင်းက နှစ်ဘက် လက်မှတ်ရေးထိုးခဲ့သော ငြိမ်းချမ်းရေး သဘောတူညီချက် ၇ ချက်အရ ပြီးခဲ့သောလက အစိုးရ ထိန်းချုပ်နယ်မြေ မြစ်ကြီးနားမြို့တော်တွင် ထူထောင်ခဲ့သော ကေအိုင်အို နည်းပညာ အကြံပေးအဖွဲ့ (Technical Advisor Team)၏ ရလဒ်တစ်ခုဖြစ်သည်။

ယင်းငြိမ်းချမ်းရေးစကားဝိုင်းတွင် ကုလသမဂ္ဂနှင့် တရုတ် နှစ်ဖွဲ့လုံးက ကြားခံ လေ့လာသူအဖြစ် နေခဲ့သည်။ နှစ်ဖက်အဖွဲ့များ လုံးဝအပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းမှု ပြုလုပ်ခဲ့ကြစဉ် ရရှိခဲ့သော သဘောတူညီမှု အချက်များတွင် နှစ်ဖက်စစ်တပ်များ တိုက်ခိုက်မှု လျှော့ချရန်အတွက် စောင့်ကြည့်ရေး အဖွဲ့များ ထားရှိရန်ပါရှိသည်ဟု ကချင်သတင်းအဖွဲ့မှ သိရသည်။

သို့သော်လည်း အစိုးရစစ်တပ်နှင့် ကချင်လက်နက်ကိုင်အဖွဲ့များ တိုက်ခိုက်မှုမှာ သြဂုတ်လလယ်တွင် ကချင်ပြည်နယ်မြောက်ပိုင်းစွန်း၌ မြင့်တက်လာခဲ့ကြောင်း သတင်းများက ဆိုသည်။

နမ်ဘီးယားသည် ဖေဖော်ဝါရီလကလည်း မြစ်ကြီးနားသို့ သွားရောက်ခဲ့ကာ ကချင်ဒုက္ခသည်စခန်းများမှ ဒုက္ခသည်မိသားစုများနှင့် သွားရောက် တွေ့ဆုံခဲ့သေးသည်။

ရှမ်းအဖွဲ့များနှင့်တွေ့ဆုံခြင်း

နမ်ဘီးယားသည် ကချင်ပြည်နယ်ရှိ ရှမ်းလူနည်းစုများနှင့် ၎င်းတို့၏ အခြေအနေများကိုလည်း မြစ်ကြီးနားတွင် ရှမ်းခေါင်းဆောင်များနှင့် အင်္ဂါနေ့က တွေ့ဆုံကာ ဆွေးနွေးခဲ့ရာ ၎င်းက ရှမ်းအဖွဲ့များကို ကေအိုင်အိုက အနည်းငယ်သာ ကိုယ်စားပြုကြောင်း တအံ့တသြ တွေ့ရှိခဲ့သည်ဟု ပြောကြားသည်။

ရှမ်းမျိုးနွယ်စုများ ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ကြသော ကချင်ပြည်နယ်မှ တိုက်ပွဲများကြောင့် ရှမ်းတိုင်းရင်းသား နှစ်သောင်းကျော် ပြောင်းရွှေ့ခဲ့ကြရသည်ဟု ရှမ်းအသိုင်းအဝိုင်းက ပြောကြားသည်။ လူဦးရေ ၁ ဒဿမ ၂ သန်းခန့် ရှိသော ကချင်ပြည်နယ်တွင် ရှမ်းလူမျိုး သုံးသိန်းခန့် နေထိုင်လျှက်ရှိသည်။

ရှမ်းလူမျိုး ခေါင်းဆောင်တစ်ဦးက နမ်ဘီးယားအား ကချင်ပြည်နယ်တွင် ရှမ်းလူမျိုး ရွှေ့ပြောင်းဒုက္ခသည်များ ကြုံတွေ့နေရသည့် အခက်အခဲများကို ပြောကြားခဲ့သည်ဟု ၎င်းက RFA သို့ ပြောကြားသည်။

“သူ(နမ်ဘီးယား) ပြောတာက သူထင်တာက ကေအိုင်အို၊ ကေအိုင်အေ (ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်) တွေဟာ ကချင်ပြည်နယ်မှာ ရှိတဲ့ လူတွေအားလုံးအတွက် လုပ်ဆောင်နေတယ်လို့ ထင်တယ်တဲ့။ ဒါပေမယ့် သူ့အထင် မှားနေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့အဖွဲ့ဟာ ကချင်လူမျိုးအတွက်ပဲ လုပ်တာ။ ရှမ်းတွေအတွက် မဟုတ်ဘူး”ဟု ယင်းရှမ်းခေါင်းဆောင်က ပြောသည်။

“ကေအိုင်အို ကေအိုင်အေဟာ ရှမ်းတွေကို ကိုယ်စားမပြုပါဘူး။ ကျွန်တော်တို့ကိုလည်း ကျွန်တော်တို့ အသံတွေ ကျယ်ကျယ်လောင်လောင် ပြောခွင့်ရဖို့ ဘာအခွင့်အရေးမှ မပေးထားဘူး”

၎င်းက ဆက်လက်ပြောကြားရာတွင် ဒုက္ခသည်များအား လာရောက်ကူညီကြသော အဖွဲ့အစည်းများမှာ ခရစ်ယာန် နောက်ခံအဖွဲ့များဖြစ်ပြီး ခရစ်ယာန်ဘာသာဝင် ကချင်လူမျိုးများကိုသာ ပိုမိုအလေးပေး ကူညီကြောင်း ပြောကြားသည်။

ရှမ်းလူမျိုးများမှာ ကချင်ဒုက္ခသည်စခန်းများမှ အကူအညီသွားရောက်ရယူရန် တွန့်ဆုတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က ၎င်းတို့လူမျိုး ကိုယ်ပိုင် သီးသီးသန့်သန့်သာ နေလိုသောကြောင့် ဖြစ်သည်။

ရှမ်းခေါင်းဆောင်များသည် နမ်ဘီးယားအား ၎င်းတို့ ဤဒေသတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် ပတ်သက်သည့် ပေးစာတစ်စောင်ပေးအပ်ခဲ့ပြီး ကုလသမဂ္ဂကိုယ်စားလှယ်အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေးအဖွဲ့များနှင့် ဤကိစ္စကို ဆွေးနွေးရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။

ကန်တားနား ခရီးစဉ်

ပြီးခဲ့သည့် ရက်သတ္တပတ်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်အိုဟေး ကန်တားနားက ငြိမ်းချမ်းရေး သဘောတူညီမှု ၇ ချက်ရရှိထားသော ကချင်ပြည်နယ်မှ ဒုက္ခသည်များ၏ သက်သာချောင်ချိရေး၊ နေရပ်ပြန်ရောက်ရေးနှင့် ပြန်လည်ထူထောင်ရေးများနှင့် ချိတ်ဆက်သည့် ကိစ္စများအပေါ် စိုးရိမ်မိကြောင်း ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ ဆယ်ရက်ခရီးစဉ်အပြီး ၎င်းက ကောက်ချက်ချသွားရတွင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များအား ၂၀၁၂ ဇူလိုင်မှ ၂၀၁၃ ဇူလိုင်အတွင်း အစိုးရ ထိန်းချုပ်မှုမရှိသော နေရာများသို့သာ ပေးအပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အထူးသဖြင့် အစားအသောက် လုံခြုံစိတ်ချရမှုနှင့် ပတ်သက်၍လည်း အလွန် စိုးရိမ်စရာကောင်းကြောင်း သတင်းပေးဖော်ပြသွားသည်။

၎င်းက လိုင်ဇာသို့ သွားရောက်ရန် စီစဉ်ထားသော်လည်း ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရတို့မှ ၎င်းကို ခွင့်ပြုချက် ရှင်းလင်းစွာ မပေးသောကြောင့် မသွားဖြစ်ခဲ့ကြောင်း ပြောကြားသည်။

ကချင်လူမျိုးများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် လိုချင်ကြပြီး ၂၀၁၁ ခုနှစ်က ယခင် စစ်အစိုးရလက်ထက်မှ အာဏာလွှဲပြောင်းရယူခဲ့ကာ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေသော  ပြုပြင်ပြောင်းလဲရေးသမား သမ္မတ ဦးသိန်းစိန်၏ အရပ်သားအစိုးရအဖွဲ့တွင် ကချင်ကိုယ်စားပြုများ တိုးမြင့်စေချင်ကြောင်း ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment