Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


ဆန္ဒပြခွင့် ဥပဒေ ပုဒ်မ ၁၈ ကိုပြန်လည်သုံးသပ်ရန် လွှတ်တော်တင်မည်

ဆန္ဒပြခွင့်ဥပဒေ ပုဒ်မ ၁၈ ကိုပြန်လည်သုံးသပ်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် မှတ်ချက်ပြုပြောကြားခဲ့သည်။

“အခုဟာက ဆန္ဒပြခွင့်ဥပဒေကို ပြန်လည်ပြီးတော့ သုံးသပ်ဖို့လိုနေတယ်ဆိုတာ အန်တီတို့ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေက လက်ခံထားပြီးဖြစ်တယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ အန်တီတို့ ကိုယ်စားလှယ်တစ်ယောက် က ဒီကိစ္စကို အဆိုတင်သွင်းဖို့ရှိတယ်” ဟုဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဆိုပါ ဆန္ဒပြသူများကို အရေးယူသည့်ပုဒ်မ ၁၈ အားရုတ်သိမ်းပေးရေးနှင့် ပတ်သက်သည့် ဆန္ဒထုတ်ဖော်ပွဲ များကို ရန်ကုန်မြို့တွင် ပြုလုပ်မှုများရှိနေခဲ့သည်။ ဆန္ဒထုတ်ဖော်ခြင်းနှင့် ပတ်သတ်၍ ထုတ်ပြန်ထားသည့် ဥပဒေများတွင် လိုအပ်ချက်များရှိနေသောကြောင့် ဆန္ဒထုတ်ဖော်ပွဲများမှာ တရားမဝင်အခြေအနေသို့ ရောက်ရှိသွားခြင်းဖြစ် သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီမှုမရှိသည့် ပုဒ်မ ၁၈ ပယ်ဖျက်ပေးရန် ဆန္ဒထုတ်ဖော်သူများကို ပုဒ်မ ၁၈ ဖြင့် ပြန်လည်တရားစွဲဆိုမှုများလည်း ရှိနေကြောင်း လူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူ ကိုစည်သူက ပြောသည်။

သြဂုတ်လ ၁၃ ရက်တွင် လက်ပံတောင်းတောင်စီမံကိန်းအား ဒေသခံများနှင့်အတူ ဆန္ဒပြခဲ့သူ ဒေါ်နော်အုန်းလှ အား ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည်ခဲ့သောကြောင့် မုံရွာမြို့နယ်တရားရုံးမှ သြဂုတ်လ ၂၉ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်လက်ထက်တွင် ပုဒ်မ ၁၈ ကြောင့် တစ်နိုင်ငံလုံးတွင် တရားစွဲခံထားရသူ ၇၀ ကျော်ရှိပြီး အကျဉ်းကျခံထားရသူ ၁၂ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်မှ ထုတ်ပြန်ထား သည့် စာရင်းအများအရ သိရသည်။

YC


စာနယ်ဇင်းကောင်စီ၏ လွတ်လပ်မှုအား မထိခိုက်စေဘဲ ကူညီပေးသွားမည်ဟု နိုင်ငံတော်သမ္မတက ပြောကြား

စာနယ်ဇင်းကောင်စီ(ယာယီ)၏ လွတ်လပ်မှုများကို မထိခိုက်စေဘဲ  ကူညီပံ့ပိုးနိုင်သည်များကို ကောင်စီ၏ လုပ်ငန်းများ ဆောင်ရွက်မှုကို ကူညီသွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်  သြဂုတ်လ ၂ ရက်နေ့ ၉ နာရီတွင် နေပြည်တော်ရှိ တောင်သူပညာပေးဧက(၅၀၀) စက်မှု လယ်ယာစံပြစိုက်ခင်း အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့စဉ် ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတက စာနယ်ဇင်းကောင်စီ (ယာယီ)၏ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မှုအတွက် ကောင်စီ၏ လွတ်လပ်မှုကို မထိခိုက်စေဘဲ ကူညီနိုင်သည်များအား ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်သည့်အပြင် ကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် သတင်းမီဒီယာသမားများ၏ အခွင့်အရေးနှင့် တာဝန်များကို ပထမဦးဆုံးအကြိမ် ဥပဒေဖြင့် ကာကွယ်ပေးနိုင်ရန် ဆောင်ရွက်နိုင်ခြင်းကို ကျေးဇူးတင်ကြောင်းနှင့် ဥပဒေကြမ်းများရေးဆွဲရာတွင် အမြင်မတူသည်များ ရှိနိုင်သော်လည်း ဒီမိုကရေစီသဘောအရ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် စာနယ်ဇင်းကောင်စီ(ယာယီ)ဖွဲ့စည်းခဲ့သည့် ၂၀၁၂ ခုနှစ်မှစ၍ လုပ်ငန်းများ စတင်ကြိုးပမ်းဆောင်ရွက်မှုအခြေအနေ၊ သတင်းမီဒီယာဥပဒေကြမ်း ရေးဆွဲတင်သွင်းခဲ့မှုအခြေအနေ၊ စာနယ်ဇင်းသမား များအား ကျင့်ဝတ်နှင့်စာနယ်ဇင်း အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့်အခြေအနေ၊ ပုဂ္ဂလိကစာနယ်ဇင်း ကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ပံ့ပိုးပေးရန် လိုအပ်သည့်အခြေအနေ၊ အများပြည်သူ ဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်းနှင့်ပတ်သက်သည့် သဘောထားအမြင်များ၊ စာနယ်ဇင်းကောင်စီ ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၊ အစိုးရဌာနများထံမှ သတင်းအချက်အလက်များရယူရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

မီဒီယာဥပဒေများသည် နိုင်ငံ၏ သမိုင်းကြောင်းနောက်ခံ၊ ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာတရားများ၏ အဆုံးအမတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သလို နိုင်ငံတကာစံများနှင့်လည်း ကိုက်ညီရန် လိုအပ်ပါကြောင်း မီဒီယာကဏ္ဍပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင် ဒီမိုကရေစီစနစ်ကို နှစ်ပေါင်းရာနှင့်ချီ၍ ကျင့်သုံးလာခဲ့သည့် နိုင်ငံများ၏ အခြအနေကို လေ့လာသကဲ့သို့ အိမ်နီးချင်းနိုင်ငံများ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံများ၏ အတွေ့အကြုံများကို လေ့လာရန်လည်းလိုအပ်ပါကြောင်း ထပ်မံပြောကြားခဲ့သည်။

ထို့ပြင်မိမိတို့လိုချင်သည့်မီဒီယာလောကအခြေအနေသို့ ရောက်ရှိအောင်အဆင့်ဆင့်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနများမှ သတင်းအချက်အလက်များ လျင်မြန်စွာရရှိရေးအတွက် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ ဒုတိယဝန်ကြီး ဦးပိုက်ထွေး၊ ဦးရဲထွဋ်၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး(ဖိုးသောကြာ)၊ အတွင်းရေးမှူး ဦးကျော်မင်းဆွေတို့ တက်ရောက်လာခဲ့ကြောင်း သိရသည်။

YC 


KNU/KNLA အမည်ခံပြီး ဥပဒေပြင်ပ စီးပွားရေးလုပ်ကိုင်မှုများကြောင့် ငြိမ်းချမ်းရေးကောင်စီနာမည်ပျက်ဟုဆို

KNU/KNLA အမည်ခံပြီး အခြားအဖွဲ့အစည်းများက  ဥပဒေပြင်ပ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်မှုများ ရှိခြင်းကြောင့် ၎င်းတို့၏ ငြိမ်းချမ်းရေးကောင်စီ နာမည်ပျက်ရကြောင်း KNU/KNLA အဖွဲ့မှ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် လူမှုဆက်ဆံရေးတာဝန်ခံ ဗိုလ်ကြီးမင်းအောင် ကပြောသည်။

၎င်းတို့အဖွဲ့သို့  စီးပွားရေးအရ ဝင်လာမှုများ ရှိသကဲ့သို့ အခြားအဖွဲ့များက စီးပွားရေးလုပ်ရန်အတွက်  ဝင်လာခြင်းများရှိကြောင်း၊ ပြဿနာဖြစ်လာသည့်အခါတွင်  ၄င်းတို့အဖွဲ့ဟုပြောသည့်အတွက်  KNU/ KNLA အဖွဲ့နှင့် အစိုးရအကြား အထင်လွဲမှားမှုများကြောင့်  အစိုးရဘက်မှ အမြင်မမှားစေရန်အတွက်  ရှင်းလင်းမှုများ လိုအပ်ကြောင်း ဗိုလ်ကြီးမင်းအောင်က ပြောသည်။

KNU/ KNLA အဖွဲ့သည် နိုင်ငံနှင့်ပြည်သူများကို ထိခိုက်စေမည့် လူကုန်ကူးခြင်း၊ လက်နက်မှောင်ခို ရောင်းဝယ်ခြင်းနှင့် မူးယစ်ဆေးလုပ်ငန်းများ လုပ်ကိုင်ခြင်း မရှိကြောင်းနှင့် အစိုးရမှ KNU/ KNLA ကို ဥပဒေနှင့် မလွတ်ကင်းသည့် အလုပ်များလုပ်နေသည်ဟု ထင်သည့်အတွက် ရှင်းလင်းပွဲများပြုလုပ်ရန် ပြင်ဆင်နေကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

စက်တင်ဘာ ၆ ရက်၌်  မြဝတီမြို့တွင်  ငြိမ်းချမ်းရေး အမည်ခံ စီးပွားရေးသမားများ၏ လုပ်ဆောင်မှု များကြောင့် ပဋိပက္ခများ ဖြစ်ပွားနေမှုနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒများအား သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်မည်ဖြစ်သည်။

KNU ဗဟိုကော်မတီ အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က ယခုအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်မည်ဖြစ်ပြီး နောက်ကြောင်းပြန်လှည့်မည် မဟုတ်ကြောင်း၊ ယခုအချိန်တွင်လည်း  ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ် ရောက်ရှိနေပြီဖြစ်သည့်အတွက် စစ်မြေပြင်သို့ ပြန်သွားတော့မည်မဟုတ်ကြောင်း အလေးအနက်ပြောကြားသည်ဟု သိရသည်။

ထိုသို့ပြောကြားခြင်းမှာ သမ္မတဦးသိန်းစိန်သည်  တိုင်းပြည်အပေါ်ထားရှိသော စေတနာ၊ ငြိမ်းချမ်းရေး အပေါ်ထားရှိသော သဘောထားနှင့် ပေါ်လစီမှာ မှန်ကန်သည့်အတွက် ပြောကြားခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

YC


သိမ်းဆည်းခံထားရသည့် လယ်ယာမြေများ ပြန်လည် မရရှိပါက တစ်နိုင်ငံလုံးတွင် ဆန္ဒထုတ်ဖော်သွားမည်

မန်မာတစ်နိုင်ငံလုံးရှိ သိမ်းဆည်းခံထားရသည့် လယ်ယာမြေများ ပြန်လည် မရရှိပါက မြန်မာနိုင်ငံ အနှံ့အပြားတွင် ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း လယ်ယာမြေများ ပြန်လည်ရရှိရန် ဆောင်ရွက်နေသူ လယ်သမားများက ပြောကြားသည်။

တောင်သူလယ်သမားများထံမှ သိမ်းဆည်းထားသော လယ်ယာမြေများကို ဥပဒေ နှင့် အညီ ပြန်လည် ပေးအပ်ရန် နှင့် လယ်သမားများအား တရားစွဲဆိုထားခြင်းများ ရုတ်သိမ်းရန် ရည်ရွယ်၍ ယခုနှစ် စက်တင် ဘာလအတွင်း  ခရီးရှည်လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးမှ လယ်သမား ကိုခင်ဇော်က “လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် တောင်ငူကနေ တနင်္သာရီအထိ တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒထုတ်ဖော်မယ့် အစီအစဉ်ကို လောလောဆယ် ရပ်ထားတယ်။ ဘာကြောင့်လဲဆိုတော့ အခု ရက်ပိုင်းမှာ တောင်ငူမှာ လယ်မြေပိုင်ဆိုင်မှု လာစစ်တာ ရှိတဲ့အတွက် အခြေအနေ စောင့်ကြည့်တာပါ။ လယ်သမားတွေမှာ နစ်နာမှုရှိရင် ဆန္ဒထုတ်ဖော်မှုတွေ ဆက်လုပ်သွားမှာပါ” ဟု ပြောသည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ညောင်ပင်ရွာမှ လယ်သမား ကိုမြင့်ကျော်ကမူ “အသိမ်းခံရတဲ့ လယ်တွေနဲ့ ပတ်သက်လို့ ဘာမှ မထူးသေးဘူး။ ကိုယ့်ရပိုင်ခွင့် မဆုံးအောင်တော့  စပါးစိုက်ထားတယ်။ လွှတ်တော်မှာလဲ သိမ်းဆည်း လယ်ယာမြေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးနေကြတဲ့ အတွက် ဆန္ဒထုတ်ဖော်ဖို့ မရှိဘူး။ လယ်သမားတွေ အနေနဲ့ ကိုယ့်လယ်မြေကို မဆုံးအောင်တော့ လုပ်ဖို့ လိုတာပေါ့” ဟု ပြောသည်။

အဆိုပါ လယ်ယာမြေ ပြဿနာများ နှင့် ပတ်သက်၍ သြဂုတ်လ ၃ဝ ရက်နေ့က တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့နယ်တွင် လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ၁၉၂၂ ခုကို တောင်သူ ၁၆၆၃ ဦးအား အခမ်းအနားဖြင့် ပထမဦးဆုံး ပေးအပ်ခဲ့ကြောင်း ထားဝယ်မြို့နယ် မြေစာရင်း ဦးစီးဌာနမှ သိရှိရသည်။

“အခမ်းအနားနဲ့ ပေးတာ အခုက ပထမဆုံးပါ” ဟု ထားဝယ်မြို့နယ် မြေစာရင်း ဦးစီးဌာနမှူး ဦးညွှန့်ခင်က ပြောကြားသည်။

ထားဝယ်မြို့နယ်အတွင်းရှိ မောင်မယ်ရှောင်၊ သပြေချောင်းနှင့် ဇဟာကျေးရွာတို့တွင် လယ်ယာမြေ မှတ်ပုံတင် ပြုလုပ်ပေးရမည့် ဦးပိုင် မြေကွက် ၂၇၇၅ ကွက် ရှိနေပြီး ယခု အခမ်းအနားတွင် ၄၉ ဒသမ ဝ၁ ရာခိုင်နှုန်းအတွက် လုပ်ပိုင်ခွင့်လက်မှတ်များ ပေးအပ်နိုင်ခဲ့ကြောင်း ဦးညွန့်ခင် က ဆက်လက်ပြောကြားသည်။

ယခုလက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး အတွင်း၌ လယ်ယာမြေ မှတ်ပုံတင် ပြုလုပ်ပေးရမည့် စုစုပေါင်း ပမာဏ၏ ၂ဝ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကာ ယခုနှစ် ဒီဇင်ဘာတွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး မြေစာရင်း ဦးစီးဌာနမှ သိရှိရသည်။

ယခုကဲ့သို့ လယ်ယာမြေများကို ပြန်လည် ပေးအပ်ခြင်းများ ရှိနေသော်လည်း လယ်ယာမြေ သိမ်းဆည်းခံရမှု များမှာ နိုင်ငံတစ်ဝန်းတွင် ဆက်လက် ဖြစ်ပွားလျှက်ရှိနေခြင်းကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများထံ လမ်းလျှောက် ဆန္ဒထုတ်ဖော်ရန် စီစဉ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက်  ကိုခင်ဇော် အပါအဝင် လယ်သမား ၁၅ ဦးတို့က ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်မှ ကချင်ပြည်နယ် လိုင်ဇာအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ရန် သြဂုတ်လ ၁၄ ရက်နေ့က တောင်ငူမြို့နယ်မှ စတင် ထွက်ခွာခဲ့ကြ သော်လည်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုခြင်း မရှိသဖြင့် ခရီးစဉ်ပျက်ခဲ့ရကြောင်း သိရသည်။

 YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment