Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ  နိုင်ငံသားများ၏ ခံစားခွင့်ရရှိရေး၊ လိုက်နာနိုင်ရေးတို့အတွက် တပ်မတော်သားတိုင်း ပြည်သူနှင့် အတူ ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံသားများ၏ ခံစားခွင့်ရရှိရေးနှင့် လိုက်နာဆောင်ရွက်နိုင်ရေးတို့အတွက် တပ်မတော်သားတိုင်းက ပြည်သူလူထုနှင့်အတူ ထိန်းသိမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသွားခဲ့သည်ဟု သိရှိရသည်။ စက်တင်ဘာလ ၄ ရက်နေ့ ပုသိမ်တပ်နယ်၊ ကျုံပျော်နှင့် မအူပင်မြို့များရှိ နယ်မြေခံတပ်ရင်းများမှ အရာရှိများ၊ စစ်သည်မိသားစုများနှင့် တွေ့ဆုံခဲ့ရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ယင်းကဲ့သို့ ပြောကြားသွားခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး အတွက် ပြည်သူလူထုက  ရွေးချယ်တာဝန်ပေးထားသော နိုင်ငံတော် ဦးဆောင်အဖွဲ့များဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင် ရေးအဖွဲ့များနှင့် လည်း ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်က ဧရာဝတီတိုင်းဒေသကြီးသည် ခက်ခဲကြမ်းတမ်းသော သမိုင်းဖြစ်စဉ် များရှိခဲ့ရာမှ အဖြူရောင်နယ်မြေ အဖြစ်သို့ ရောက်ရှိခဲ့ခြင်းသည် ပြည်သူလူထု၏ အပြည့်အဝ အားပေးကူညီမှုဖြင့် တပ်မတော်မှ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပါတီစုံ ဒီမိုကရေစီစနစ်တွင် တပ်မတော်သည် ပြည်သူနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သမိုင်းဖြစ်ရပ်မှန်အား မသိရှိပါက သွေးထိုးမှု၊ သွေးဆောင်မှု၊ စည်းရုံးမှုများကို ခံရနိုင်သဖြင့် နိုင်ငံတော်၏ သမိုင်းကြောင်းအား မှန်မှန်ကန်ကန် လေ့လာသွားရန် လိုအပ်ကြောင်း၊ နိုင်ငံအား စုစည်းညီညွတ်သည့် သာယာအေးချမ်းသော နိုင်ငံတစ်နိုင်ငံဖြစ်လာစေရေးအတွက် ယနေ့ခေတ်ကာတွင် ရှိသော သူများမှ တိုင်းပြည်၏ အနာဂတ်ကို ကောင်းမွန်အောင် ကြိုးစားလုပ်ဆောင်သွားစေလိုကြောင်း ဆက်လက် ပြော ကြားခဲ့သည်။

ထို့ပြင် တပ်မတော်သားများအနေဖြင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့ကိုယ်စားလှယ်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်းကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင် သွားရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂ဝ (င) နှင့် (စ) တို့တွင် ပြဋ္ဌာန်းထား သည့်အတိုင်း ဒို့တာဝန်အရေး (၃) ပါးကို ကာကွယ်စောင့်ရှောက်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိကြောင်း၊ ယင်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင်ရန် အမြဲတမ်း လေ့ကျင့်၊ အမြဲတမ်း စစ်ရေးသတိရှိ၊ အမြဲတမ်း တိုက်ပွဲဝင်အသင့် ဆိုသည့် မြဲသုံးမြဲ ရှိရမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်း ပြောကြားသွားခဲ့သည်ဟု သိရှိရသည်။

အဆိုပါ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်တပ်နယ်၊ ကျုံပျော်နှင့် မအူပင် မြို့များရှိ နယ်မြေခံတပ်ရင်း များမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၊ တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး အပါအဝင် အကြီးတန်း စစ်ဘက်အရာရှိများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

YC


မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားအလုပ်သမားများအား မြန်မာနိုင်ငံသားအဖြစ်အတည်ပြုနိုင်ပါက မြန်မာ နိုင်ငံသို့ ပြန်ခေါ်မည်

မလေးရှားနိုင်ငံတွင် အော်ပရာစီအမည်ရ တရားမဝင်နိုင်ငံခြားသားများအား ဖမ်းဆီးထိန်းသိမ်းနေမှုများကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ စီမံချက်ချမှတ်ဆောင်ရွက်နေမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံ နေရသော မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာနိုင်ငံသား အလုပ်သမားများအား မြန်မာနိုင်ငံသား ဖြစ်ကြောင်း အတည်ပြု စိစစ်ပြီးလျှင် နေရပ်သို့ပြန်လည်ပို့ဆောင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီး၊ ပြန်ကြားရေး

ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်၏ ပြောကြားချက်မှ သိရသည်။မလေးရှားနိုင်ငံရှိ လုပ်သားများအား မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်သည့် ကိစ္စရပ်များကို မလေးရှား နိုင်ငံရှိ မြန်မာနိုင်ငံသံရုံးမှ တဆင့်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတမှ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် လူဝင်မှုကြီးကြပ်ရးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိများအား မလေးရှား နိုင်ငံသို့ သွားရောက်ဖြေရှင်းရန် ညွှန်ကြားချက်ပေးပို့ထားခဲ့ပြီး စက်တင်ဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် နှစ်နိုင်ငံကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် မလေးရှားနိုင်ငံသို့ ထွက်ခွာ မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“Ops 6P Bersepadu” ဟု အမည်ပေးထားသည့် ယင်းဖမ်းဆီးစစ်ဆေးရေး စီမံချက်များမှာ မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာန၏ enforcement personnel အဖွဲ့၊ ရဲများ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ များနှင့် ဒေသခံကောင်စီဝင်များ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး သုံးလကြာ ဖမ်းဆီး မည်ဟု မလေးအစိုးရက ထုတ်ပြန်ထားသည်။

ထို့ပြင် ယခုဖမ်းမိထားသူများကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဥပဒေ အခန်း ၆၊ ပုဒ်မ ၁၅ (၄) နှင့် ပုဒ်မ ၅၅ တို့ အရ အရေးယူသွားမည်ဖြစ်သည်။

“တရားမဝင်အလုပ်သမားတွေကို ပြည်နှင်ဒဏ်ပေးပါမယ်။ အလုပ်ရှင်တွေကတော့ မလေးရှားရင်းဂစ် ၅၀,၀၀၀ (ကျပ်သိန်း ၁၅၀ ခန့်) နှင့်အထက် ဒဏ်ကြေးပးဆောင်စေခြင်း၊ ထောင်ဒဏ်ငါးနှစ်အထိ ကျခံစေခြင်း (သို့မဟုတ်) ကြိမ်ဒဏ်ခြောက်ချက်ပေးနိုင်ခြင်းတို့နဲ့ အရေးယူနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ယင်းပြစ်ဒဏ် သုံးရပ် စလုံးကျခံ ရနိုင်ပါ တယ်” ဟု လူဝင်မှု ကြီးကြပ် ရေးဌာန၏ ဒုတိယဒါရိုက်တာ ဆာရဝနကူးမား၏ ပြောဆိုချက်ကို The Star သတင်းဌာနတွင် ဖော်ပြထားသည်။

 YC


ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ရေလုပ်ငန်းရှင်များ၊ စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များ တွေ့ဆုံမည်

မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ဖြစ်ပေါ်နေသော အခက်အခဲများကို ပူးပေါင်းဖြေရှင်းပေးရန်အတွက် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော်ရေးရာကော်မတီများမှ စီးပွားရေးဆိုင်ရာအသင်း အဖွဲ့များသည် မွေးမြူရေးနှင့် ရေလုပ်ငန်းရှင်များကို ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး၌ စက်တင်ဘာလ ၈ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက မွေးမြူရေးနှင့် ရေလုပ်ငန်း ရှင်များထံမှ ရရန်ရှိသည့်အကြွေးကျန်များကို အမြန်ဆုံးတောင်းခံရန် ပြည်ထောင်စုလွှတ်တော်မှ ယင်းဝန်ကြီးဌာနသို့ တိုက်တွန်းခဲ့ပြီးနောက် အဆိုပါတွေ့ဆုံမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

“ကျွန်တော်သိသလောက်တော့ မွေးမြုရေးကဏ္ဍရယ်၊ ငါးလုပ်ငန်းချုပ်အဖွဲ့ချုပ်နဲ့လုပ်ငန်းရှင်တွေရယ် တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။ ကျွန်တော်တို့ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ မွေးမြူရေးအခြေအနေတွေရယ်။ ဘာတွေအခက်အခဲရှိတယ်ဆိုတာတွေကို တင်ပြသွားမှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာမြဟန်က  ပြောကြားခဲ့သည်။

ကြက်ငှက်တုပ်ကွေးရောဂါ (H5N9) ဖြစ်ပွားနေသော တရုတ်နိုင်ငံမှ ကြက်ဥများ ပြည်တွင်းသို့ ဝင်ရောက်နေခြင်းကို ဥပဒေဖြင့် အကာအကွယ်ပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ တင်ပြသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလှလှသိန်းက ပြောကြားခဲ့သည်။

ယင်းတွေ့ဆုံပွဲသို့  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ရှိ အသင်းအဖွဲ့ ၉ ဖွဲ့မှ တာဝန်ရှိသူများ၊ ဘုရင့်နောင် ကုန်စည်ဒိုင်မှ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များလည်း တက်ရောက်ကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် စက်တင်ဘာလ ၁ ရက်နေ့မှ ၃ ရက်အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ သွားရောက်ပြီး ရှမ်းပြည်နယ်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ဒေသခံလူမှု အခြေပြုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။

စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် အထူးဒေသ(၂) UWSA “ဝ”အဖွဲ့မှ ဦးအိုက်လွန် ဦးစီးသော ငြိမ်းချမ်းရေးအဖွဲ့၊ ညနေပိုင်းတွင် အထူးဒေသ(၄)မှ ဦးစိုင်းလင်း ဦးစီးသော ငြိမ်းချမ်းရေးအဖွဲ့တို့နှင့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ ရွှေတြိဂံရိပ်သာ၌ တွေ့ဆုံခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမ၌ ဒေသခံပြည်သူ လူထုများနှင့်လည်း တွေ့ဆုံခဲ့ပြီး ဒေသခံပြည်သူလူထုများမှ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို အကြုံပြုဆွေးနွေး တင်ပြခဲ့ကြသည်။

စက်တင်ဘာလ ၅ ရက်နေ့ညနေတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် ဧည့်ရိပ်သာခန်းမ၌ လောက်ကိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးပယ်စောက်ချိန်နှင့် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ မည်ဖြစ်ကြောင်းသိရသည်။

YC


ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများ ဗဟိုမှ ဘတ်ဂျက် ၃ ရာခိုင်နှုန်းကျော်သာရရှိနေ

မြန်မာ့အုပ်ချုပ်ရေးနှင့် ဘဏ္ဍာငွေခွဲဝေမှုတွင် စုစုပေါင်းဘတ်ဂျက်ပမာဏ၏ ၃ ရာခိုင်နှုန်းကျော်သာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများအတွက် ရရှိနေကြောင်း စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့(CESD) နှင့် The Asian Foundation တို့ပူးပေါင်းပြုလုပ်သော “ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး နှင့် မြန်မာပြည်နယ်များ၏ အုပ်ချုပ်မှု စနစ်အစီရင်ခံစာ” တွင်ဖော်ပြထားသည်။

၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းဘဏ္ဍာငွေ၏ ၉၆ ဒသမ ၄ ရာခိုင်နှုန်းသည် ပြည်ထောင်စု အစိုးရအတွက် ဖြစ်နေပြီး အုပ်ချုပ်မှုနှင့် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးအပိုင်းများတွင် ဟန်ချက်မညီကြောင်း အစီရင်ခံ စာပြုလုပ်ရာတွင် ဦးဆောင်သုတေသနပြုသူ Dr.Hamish Nixon ကပြောကြားသည်။

“ဘဏ္ဍာရေးပိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုတယ်။ ပြည်ထောင်စုအစိုးရကဘဲ အခွန်အများစု ကို ရရှိနေတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရတွေက ဖွဲ့စည်းပုံအခြေခံဥပဒေဇယား (၅) ဖော်ပြ ထားတဲ့အတိုင်းဘဲ ကောက်ခံရနေတယ်” ဟု၎င်းကဆိုသည်။

ချင်း၊ ကရင်၊ မွန်၊ ရှမ်း၊ တနင်္သာရီ၊ ဧရာဝတီအစရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးခြောက်ခုတွင် လေ့လာမှု များပြုလုပ်ခဲ့ရာ အစိုးရအဖွဲ့အားလုံးက ဒေသတွင်းရှိ သယံဇာတများကို စီမံခန့်ခွဲခွင့်ရရှိ လိုကြောင်း တညီတညွတ်တည်းပြောကြားခဲ့သည်ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

“ပေါ်လစီ စနစ်တကျချပြီး ဌာနတွေ၊  ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရတွေကို လုပ်ပိုင်ခွင့် အတိအကျသတ်မှတ်ပေးဖို့ အကြုံပြုထားတယ်” ဟု အဆိုပါအစီရင်ခံစာကို ပါဝင်ပြုစုသူ ဒေါ်ကြည်ပြာချစ်စောက ဆိုသည်။

လက်ရှိအနေအထားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲနေသော ဦးစီးဌာန ၂၀ ခန့်သာရှိ သဖြင့် ဘဏ္ဍာငွေသုံးစွဲမှုများစွာမရှိသေးဘဲ နှစ်စဉ်ဘဏ္ဍာငွေ၏ ၂၀ ရာခိုင်နှုန်းကို အုပ်ချုပ်ရေးစရိတ်၊ ကျန်ရာခိုင်နှုန်းကို လမ်းတံတားကဲ့သို့သော အခြေခံအဆောက်အဦး တည်ဆောက်ရေးတွင် သုံးစွဲကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးမြတ်ကိုက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေပြုစာရင်းတွင် စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောတို့ ပါဝင်သော်လည်း ယင်းတို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက အပြည့်အဝ လုပ်ပိုင်ခွင့်ရရန် အကန့်အသတ်များ ရှိနေဆဲဖြစ်သည်။

“မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် မြန်မာပြည်နယ်များ၏ အုပ်ချုပ်မှုစနစ်အစီရင်ခံစာ” (Sate and Region Governmentin Myanmar) သည် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (CSED) နှင့် အာရှဖောင်ဒေးရှင်း (The Asian Foundation) တို့မှ ပညာရှင်ငါးဦးပူးပေါင်း၍ ပြည်နယ်နှင့် တိုင်းဒေသကြီး ခြောက်ခုတွင် သုတေသနပြု လုပ်ထားသော အစီရင်ခံစာဖြစ်သည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment