Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


ပြည်သူကို ဖိနှိပ်ထားရန် ဥပဒေပြဋ္ဌာန်းထားခြင်းမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

နိုင်ငံတွင်းပြဋ္ဌာန်းထားသော ဥပဒေများသည် ပြည်သူများကို ဖိနှိပ်ရန် ပြဋ္ဌာန်းထားခြင်းမဟုတ်ဘဲ တရားမဲ့သော ပြည်သူ အချို့ကို တားဆီးကန့်သတ်ရန်အတွက်သာ ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

စက်တင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့၊ ပြည်သူ့လွှတ်တော်ရုံးခွဲ၌ ပြုလုပ်သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် တရားစီရင်ရေးဆိုင်ရာအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲတွင် ၎င်းက ယင်းကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ အစိုးရပိုင်းကနေ ပြည်သူတွေကို တရားဥပဒေစိုးမိုးမှုရှိအောင် လုပ်ဆောင်ရမယ်။ ပြည်သူတွေကို ပညာပေးဖို့ လိုအပ်တယ်။ အများပြည်သူတွေက ဥပဒေဆိုတာတွေကို သိရှိနားလည်အောင် ပညာပေးဖို့ လိုအပ်တယ်။ ဥပဒေဆိုတာ ပြည်သူတွေကို ဖိနှိပ်ဖို့၊ ပြည်သူတွေရဲ့အခွင့်အရေးကို ပိတ်ပင်တားဆီးဖို့မဟုတ်ဘူး။ ပြည်သူအချို့က တရားဥပဒေမဲ့ လုပ်လာရင် တားဆီးဖို့၊ ကန့်သတ်ဖို့သာဖြစ်တယ်။ ဥပဒေက အားလုံးအတွက်ဆိုတာ ပြည်သူတွေနားလည်ဖို့ လုပ်ဆောင် ပေးရမယ်” ဟုဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပြည်သူများဘက်မှလည်း ဥပဒေဆိုသည်မှာ ပြည်သူများကို နှိပ်ကွပ်ရန်၊ တားဆီးရန် ပြဋ္ဌာန်းထားသည်ဆိုသည့် အမြင်များ ရှိနေရာ ထို့သို့သောအနေအထားမျိုးတွင် တရားဥပဒေစိုးမိုးရေးမှာ အောင်မြင်နိုင်မည်မဟုတ်သောကြောင့် အစိုးရဘက်မှလည်း ပြည်သူများကို ပညာပေးရန်လိုနေပြီဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“ဥပဒေဆိုတာက အဓိကအားဖြင့် တိုင်းပြည်တစ်ပြည်မှာ စိုးမိုးဖို့နဲ့ တည်ငြိမ်အေးချမ်းမှုရှိဖို့ ဖြစ်တယ်။ အဲ့ဒါက အစိုးရ ကိုလည်း အထောက်အကူဖြစ်တယ်။ ပြည်သူကိုလည်း အထောက်အကူဖြစ်တယ်။ ဒီမိုကရေစီစနစ်အရ ပြည်သူတစ် ယောက်ဟာ နောက်တစ်နေ့မှာ အစိုးရအဖွဲ့ဝင် ဖြစ်သွားနိုင်သလို၊ အစိုးရအဖွဲ့ဝင်တစ်ယောက်ဟာလည်း နောက်တစ်နေ့မှာ ပြည်သူဖြစ်သွားနိုင်တယ်။ ဒီတော့ အစိုးရက သပ်သပ်၊ ပြည်သူက သပ်သပ်ဆိုတာ ဒီမိုကရေစီစနစ် မှာ ခွဲခြားလို့မရနိုင်တဲ့အကြောင်း အများကသိဖို့လိုတယ်” ဟုဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

        ထို့အပြင် မြန်မာနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍတွင်လည်း အုပ်ချုပ်ရေးပိုင်းမှ ပါဝင်ပတ်သတ်နေမှုများကြောင့် များစွာပြုပြင်ပြောင်းလဲရမည်ဖြစ်ပြီး ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရမည်ဖြစ်ကာ လက်ရှိ တရားစီရင်ရေးမဏ္ဍိုင် လွတ်လပ်မှုမရှိသေး ခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပြီး ယင်းအနေအထားများကို ပြုပြင်ရန်အတွက် ပွင့်လင်းစွာ ဆွေးနွေးရန် လိုအပ်နေပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

            YC


တရားစီရင်ရေးကဏ္ဍတွင် အုပ်ချုပ်ရေးပိုင်းဝင်ရောက်စွက်ဖက်ခွင့်မရှိတော့

မြန်မာနိုင်ငံ၌ အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသည့်နည်းတူ တရားစီရင်ရေးကဏ္ဍတွင် ယခင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တပ်မတော်အစိုးရလက်ထက် အုပ်ချုပ်စဉ်ကာလကကဲ့သို့ အုပ်ချုပ်ရေးပိုင်းမှ ဝင်ရောက် စွက်ဖက်ခွင့်ရမည်မပာုတ်တော့ကြောင်း ပြည်ထောင်လွှတ်တော်နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက စက်တင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့ရှိ လွှတ်တော်ရုံးတွင် ပြုလုပ်ကျင်း ပခဲ့သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့် ခွဲမှုကော်မတီ၊ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မတီတာဝန်ရှိသူတွေနဲ့ ရှေ့နေများ အသင်း(ရန်ကုန်)၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေများနှင့် တရားသူကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လက်ရှိအချိန်တွင် လွှတ်တော်အနေဖြင့် အများပြည်သူများလိုလားလက်ခံနိုင်သည့် ဥပဒေများကို ရေးဆွဲပြဋ္ဌာန်း နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည့် လွှတ်တော်သက်တမ်း နှစ်နှစ်ခွဲကာလအတွင်း ဥပဒေပေါင်း ၅၈ ခုကိုပြဋ္ဌာန်း ဆောင်ရွက်နိုင်ခဲ့သော်လည်း ယင်းဥပဒေများတွင် အားနည်းချက်များရှိနေသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးမြင့်အောင်က "ဒီကနေ့ တရားဥပဒေ စိုးမိုးရေးအတွက် တရားစီရင်ရေးကဏ္ဍတစ်ခုတည်းသာ တာဝန်ရှိတာ မဟုတ်ကြောင်း ဥက္ကဋ္ဌကြီးကလည်း လမ်းညွှန် မိန့်ကြား သွားပါတယ်။ အားလုံးပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီနေ့အ ချိန်မှာတော့ တရားရုံး တွေက အဂတိလိုက်စား၊ ခြစားပြီးတော့ မမှန်ကန်တဲ့ တရားစီရင်ရေးတွေ ဆောင်ရွက် နေတယ်။ လုပ်ထုံးလုပ်နည်းတွေ မညီညွတ်ဘူး စသည်ဖြင့် ကျွန်တော်တို့ ကျယ်ကျယ်လောင်လောင် လူထုကြားမှာ ပြောဆိုစွပ်စွဲမှုကို ကျွန်တော်တို့ တွေ့ရှိ ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လေ့လာသုံးသပ်ရမယ်ဆိုရင် ကျွန်တော်တို့အမြင်ကို ပြောရမယ်ဆိုရင် ဒီကနေ့ ပြောနေကြတာက အကျင့်ပျက်တယ်ဆိုတဲ့ ကိစ္စဟာ ကျွန်တော်တို့ဌာန တစ်ခုတည်းမှာပဲ အမြစ်တွယ်နေတာ မဟုတ်ပါဘူး။ အားလုံးနေရာတကာမှာ အစိုးရ အဖွဲ့အစည်း မဟုတ်တဲ့ ပြင်ပစီးပွားရေး အဖွဲ့အစည်းတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ ကိစ္စလို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်" ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လက်ရှိတရားစီရင်ရေးစနစ်အားကောင်းရန်၊ တရားမျှတမှုရှိလာစေရန်နှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာ ကိစ္စရပ်များရှိလာနိုင်ရန်ဆိုသည်မှာ တရားစီရင်ရေးကဏ္ဍတစ်ခု၌သာ တာဝန်ရှိသည်မပာုတ်ဘဲ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးကဏ္ဍများမှ ပူးပေါင်းဆောင်ရွက်မှသာ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း ရှေ့နေများအသင်း (ရန်ကုန်)မှ အတွင်းရေးမှူးတစ်ဦးက ပြောကြားသည်။

လွှတ်တော်အနေဖြင့် တရားဥပဒေရေးဆွဲရာတွင် အများပြည်သူများလိုက်နာနိုင်သည်များကိုသာ ရေးဆွဲရန်လို အပ် သည့် အပြင် မလိုနာနိုင်သည်များကို ရေးဆွဲပါက မမျှတမှုများရှိလာနိုင်သကဲ့သို့ ပြဿနာများ၊ အငြင်းပွားမှုများနှင့် လည်း ရင်ဆိုင် ရနိုင်မည်ဖြစ်ကြောင်း သိရသည်။

YC


 

NLD နှင့် တိုင်းရင်းသားပါတီများ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆွေးနွေး

NLD ပါတီသည် စက်တင်ဘာလ ၇ ရက်နေ့တွင် NLD ရုံးချုပ်၌ အခြေခံဥပဒေ ပြင်ဆင်ရေး ညှိနှိုင်းဆွေးနွေးရန် အတွက် တိုင်းရင်းသားပါတီများကို ဖိတ်ကြားကာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားပါတီများနှင့် NLD အကြားတွင် အထင်လွဲမှားမှုများ မဖြစ်စေ လိုကြောင်း ပြောကြားခဲ့ပြီး တိုင်းရင်းသား ပါတီများမှ ဖက်ဒရယ်စနစ်၊ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်သော ကိစ္စများကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

NLD ပါတီမှ ဖွဲ့စည်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီသည် တိုင်းရင်းသား ပါတီများနှင့် အပတ်စဉ် စနေနေ့တိုင်း တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး ဆွေးနွေးချက်များအား NLD ပါတီမှ တဆင့် ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်ရေးကော်မတီသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

“ပြည်သူ့လွှတ်တော်မှလည်း သုံးသပ်ရေး ကော်မတီ ဖွဲ့နေတယ်။ အဲဒီကော်မတီတွေကလည်း တစ်လ နှစ်လအတွင်း report back လုပ်တော့မှာဖြစ်လို့ ကျွန်တော်တို့မှာ အချိန်အများကြီး မရဘူး။ ဒါကြောင့် အပတ်စဉ် စနေနေ့တိုင်း အဖွဲ့ချုပ်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီ ခုနှစ်ဦးနဲ့ တိုင်းရင်းသား ပါတီတွေက နှစ်ဦးစီတက်ဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံထားပါတယ်။ ဒီအခြေခံနားလည်မှုကိုလည်း သဘောတူကြပါတယ်”ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဆိုသည်။

အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ရန် တိုင်းရင်းသားပါတီ ၁၄ ခုအား ဖိတ်ကြားခဲ့သော်လည်း အချိန်မမီသောကြောင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန် ဒီမိုကရေစီပါတီ၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်၊ ကမန်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ချင်းတိုးတက်ရေးပါတီတို့သာ တက်ရောက် နိုင်ခဲ့သည်။

“ပင်လုံစိတ်ဓာတ်ဆိုတာ အေးအတူပူအမျှ အတူတကွ နေထိုင်နိုင်ဖို့ဆိုတာ ဘာဥပဒေက အကောင်းဆုံးလဲ၊ ဘယ်လိုနေထိုင်မှ အကောင်းဆုံးဖြစ်မလဲဆိုတာ အားလုံးဆွေးနွေးပြီး သဘောတူခဲ့တယ်၊ ငြိမ်းချမ်းရေး ပြေလည်မှ ဒီအခြေခံဥပဒေက ရေးလို့ကောင်းမယ်။ ငြိမ်းချမ်းရေး မရသေးဘဲနဲ့ ငြိမ်းချမ်းရေးအတွင်းက လူတွေချည်းပဲ သူ့သဘောနဲ့ သူ ရေးဆွဲနေမယ်ဆိုရင်တော့ အပစ်အခတ် ခံစားနေရတဲ့သူတွေရဲ့ လျှာမပါတဲ့ သဘောမျိုး ဖြစ်နေတာပေါ့”ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်က ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သောကြောင့် နောင်လာမည့် ဆွေးနွေးပွဲများမှ ရရှိလာသည့် ရလဒ်များတွင် ပြည်သူများ သိရန် လိုအပ်သည့်အချက်များ ပါဝင်ပါက ချပြရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ သည်ဟုလည်း သိရသည်။

NLD ပါတီနှင့် တိုင်းရင်းသားပါတီများကြား ပူးပေါင်းဆောင်ရွက်မှု ရှိလာသည်မှာ ဆယ်စုနှစ်ကျော်လာပြီဖြစ်ကာ ရခိုင်ပဋိပက္ခ၊ ကချင်ပြည်နယ်ကိစ္စများတွင် အမြင်မတူမှုများ ရှိခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်လိုသည့် ကိစ္စတွင်မူ တိုင်းရင်းသားများနှင့် အမြင်တူသည့်အတွက် သဘောတူညီမှု ရှိခဲ့ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့မှ တိုင်းရင်းသားအဖွဲ့ ငါးဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး၊ ၂၀၁၅ မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြသေးသည်။

YC


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment