Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


မြန်မာနိုင်ငံမှ လူမှုရေးအသင်းအဖွဲ့များက အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းအပေါ် ဘုံသဘောတူညီချက် ထုတ်ပြန်

၁၉၈၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အစိုးရမဟုတ်သော အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေသည် အသင်းအဖွဲ့ ဖွဲ့စည်းရာတွင် ကန့်သတ်ထိန်းချုပ်မှုများ ရှိနေသဖြင့် ပယ်ဖျက်ပေးရန်အတွက် ဘုံသဘောတူညီ ချက်တစ်ခု ကို လူမှုရေးအသင်းအဖွဲ့မှ ကိုယ်စားလှယ် ၅၀၀ ကျော်၏ ထောက်ခံချက်ဖြင့် တောင်းဆိုလိုက်သည်။

တောင်းဆိုချက်သည် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း နာရေး ကူညီမှုအသင်း(ရန်ကုန်)ရုံးခန်းတွင် ကျင်းပခဲ့သော အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းဆွေးနွေးပွဲ အပြီး တောင်းဆို လိုက်ခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံလူမှုရေးအဖွဲ့အ စည်း (၃၇) ဖွဲ့မှ ကိုယ်စားလှယ် ၅၀၀ ကျော်တက်ရောက်ဆွေးနွေးခဲ့သည်။

ထို့ပြင် ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီမှ လွှတ်တော်သို့ တင်သွင်းပြဋ္ဌာန်း အတည်ပြု ရန် ဆွေးနွေးလျက်ရှိသည့် အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းတွင် အဖွဲ့အစည်းများအား မှတ်ပုံတင်သည့် ကိစ္စရပ်များသာ လုပ်ဆောင်ရန်သင့်လျှော်ပြီး အသင်းအဖွဲ့များ၏ လှုပ်ရှားဆောင်ရွက် ခြင်းများကို ကန့်သတ်ချုပ်ချယ်ခြင်း၊ ပြစ်ဒဏ် ချမှတ်ခြင်းများ လုပ်ဆောင်ရန်မသင့်ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် အကြံပြုထားသည်။

ယင်းကြေညာချက်တွင်  ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် အဘက်ဘက်မှ  နိမ့်ကျနေသော မြန်မာနိုင်ငံ အတွင်းရှိ  ပြည်သူများအတွက် ဆောင်ရွက်နေသော  အောက်ခြေလူထုအဖွဲ့အစည်းများအား ချုပ်ချယ်ကန့်သတ်ခြင်း သည် လူမှုရေးနှင့်  ပရဟိတလုပ်ကိုင်သော  မျိုးဆက်သစ်များကို ဖိနှိပ်ချုပ်ချယ်မှုများ   ဖြစ်ပေါ်သော ဥပဒေကို ထပ်မံ ထုတ်ပြန်ရန် မလိုလားကြောင်း ထည့်သွင်းထားသည်။

ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီအနေဖြင့် အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကို ဇူလိုင်လအတွင်း ပြည်သူ့လွှတ် တော်သို့ တင်သွင်းခဲ့ပြီးနောက် ပြည်တွင်းအခြေစိုက် UNDP နှင့် ဥရောပသမဂ္ဂ EU ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်း များ ပါဝင်သော အဖွဲ့အစည်းပေါင်း ၈ ဖွဲ့မှ ကန့်ကွက်မှုများရှိနေခဲ့သဖြင့် ယင်းဥပဒေကို နောက်ဆုံးအနေဖြင့် ပြန်လည် ပြင်ဆင်ရေးဆွဲခဲ့ရာတွင် အသင်းအဖွဲ့ဆိုင်ရာ ဥပဒေအစား အသင်းအဖွဲ့များ  မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေဟု အမည်ပြောင်းလဲထားပြီး အသင်းအဖွဲ့ မှတ်ပုံတင်ကြေးကို ကျပ်ငါးသိန်းမှ ငါးသောင်းသို့ လျှော့ချထားခဲ့သည်။

လက်ရှိ အသက်ဝင်နေသော အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေသည် ၁၉၈၈ ခုနှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကာ ပြဋ္ဌာန်းချက်အရ အသင်းအဖွဲ့ တို့သည် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနသို့ ဖွဲ့စည်းခွင့်ရရှိရန် ၎င်းတို့သတ်မှတ်ထားသည့် နည်းလမ်း၊ လုပ်ထုံးလုပ်နည်း များဖြင့် မှတ်ပုံတင်သွင်းရသည်။ ဥပဒေ၏ ပြစ်ဒဏ်ပြဋ္ဌာန်းချက်မှာ ထောင်ဒဏ် ၅ နှစ်ဖြစ်သည်။ ထိုဥပဒေသည် လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ဆက်လက်အာဏာ တည်ခဲ့သည်။

YC


 

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအတွက် အကြံပေးအဖွဲ့နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား တင်ဒါခေါ်ယူကာ အကောင်အထည်ဖော် ဆောင်ရွက်မည်

မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များအနက် ဒုတိယ အကြီးဆုံးဖြစ်သော ကျောက်ဖြူ အထူးစီးပွား ရေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်း ပိုင်းဆိုင်ရာ အကြံပေးအဖွဲ့ နှင့် နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံ သူများအား အိတ်ဖွင့်တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကြံပေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်း ၏ ပြောကြားချက်အရ သိရှိရသည်။

“အထူး စီးပွားရေးဇုန်တွေထဲမှာ ထူးခြားတာက ကျောက်ဖြူ အထူး စီးပွားရေးဇုန်က G to G မလုပ်ဘူး၊ အရင် နှစ်ခုက G to G ပါတယ်။ G to G မပါတဲ့ အတွက် နိုင်ငံတကာ ကျင့်သုံးမှုနဲ့ အညီ တင်ဒါစနစ်ကို အသုံးပြုသွား လို့ရတယ်။ တင်ဒါစနစ်ကို သုံးတဲ့အခါ နိုင်ငံတကာ ကျင့်သုံး တဲ့ပုံက အရင်ဆုံး လုပ်ငန်းအကြံပေးအဖွဲ့ ရွေးရတယ်။ ရွေးပြီးတာနဲ့ တစ်ပြိုင်နက်တည်း လုပ်ငန်းအကြံပေးအဖွဲ့က ကျောက်ဖြူအထူး စီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေ ကို ရွေးရ တယ်” ဟု တင်ဒါခေါ်ယူရေး နှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြား သည်။

ထို့အပြင် ကျောက်ဖြူဒေသသည် ပထဝီအနေအထားအရ နိုင်ငံရေး၊ စီးပွားရေး မဟာဗျူဟာ ကျသော နေရာကို ပိုင်ဆိုင်ထားပြီး ကျောက်ဖြူဒေသရှိ မဒေးကျွန်းသည် တန်ချိန် သုံးသိန်း ဆိုက်ကပ်နိုင်သော ရေနံတင် ဆိပ်ကမ်း ရှိသည့် အတွက်ကြောင့် ရေနက်ဆိပ်ကမ်း နှင့် အထူးစီးပွားရေးဇုန် အပြင် နိုင်ငံ ဖြတ်ကျော် ကုန်စည်စီးဆင်းရာ စီးပွားရေး စင်္ကြန် အဖြစ် ဖော်ဆောင်ရန် အကောင်းဆုံးနေရာ ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက် ပြောကြားသွားခဲ့သည်။

ကျောက်ဖြူ  အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဒေသခံ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ပြီး ကျောက်ဖြူဒေသအတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှု နည်းပါးသော လုပ်ငန်းများကို အဓိက ရင်းနှီးမြှုပ်နှံ ခွင့်ပြုသွားမည် ဖြစ်ကြောင်း တင်ဒါ စိစစ်ရွေးချယ်ရေးကော်မတီ (BEAC) တွဲဖက် အတွင်းရေးမှူး ဦးအောင်ကျော်သန်းက ပြောကြားသည်။

အဆိုပါ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့်ကို ၂ဝ၁၄ - ၂ဝ၁၆ ခုနှစ်အတွင်း တည်ဆောက် နိုင်ရန် ရည်မှန်းထားပြီး ကနဦးကာလ ရင်းနှီးမြှုပ်နှံမှုအဖြစ် အမေရိကန်ဒေါ်လာ ၂၇၇ သန်း ရင်းနှီးမြှုပ်နှံမည် ဟု သိရှိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားသော တင်ဒါ စိစစ်ရွေးချယ်ရေးကော်မတီကို အထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲမှုကော်မတီ၊ ယင်းစီမံခန့်ခွဲမှုကော်မတီ၏ အကြံပေးအဖွဲ့နှင့် ယင်း စီမံခန့်ခွဲ မှုကော်မတီကို ထိန်းညှိမည့် ကော်မတီသုံးခုဖြင့် ဖွဲ့စည်းထားပြီး စုစုပေါင်း အဖွဲ့ဝင် ၁၆ ဦးပါဝင် ကြောင်း သိရှိရသည်။

YC 


အလုပ်ရှင်မှ အလုပ်အချိန်ပိုခိုင်းလျှင် အလုပ်သမားဌာနသို့ ကြိုတင်အကြောင်းကြားရမည်

လက်ရှိတွင်စက်မှုလုပ်ငန်းများ၌ အလုပ်ရှင်များက အလုပ်သမားများကို သတ်မှတ်ထားသည့် အလုပ်ချိန်ထက် အလုပ်အချိန်ပိုခိုင်းစေမှုများရှိနေခြင်းကြောင့် အလုပ်ရှင်များအနေဖြင့် ဥပဒေအရ အရေးယူခံရခြင်းများ မဖြစ်ပေါ်စေရေး အတွက် မိမိတို့၏ စက်ရုံတွင် အလုပ်အချိန်ပိုခိုင်းစေမှုများ လုပ်ဆောင်မည်ဆိုပါက သက်ဆိုင်ရာ အလုပ်သမားဌာနများသို့ ကြိုတင်အကြောင်းကြားမှုများ ပြုလုပ်ရန်လိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ်ဦးဝင်းရှိန်က စက်တင်ဘာလ ၇ ရက်နေ့၊ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးရုံး၌ ပြုလုပ်သောတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရှေ့တစ်ပတ်က အလုပ်သမားရုံးကသူတွေနဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ တောင်ဒဂုံဆိမ်ကမ်းနဲ့ မင်္ဂလာဒုံက စက်ရုံတွေမှာရှိတဲ့ စက်ရုံပေါင်း ၁၄၃ ရုံစစ်တဲ့နေရာမှာ အထည်ချုပ်စက်ရုံ ၂၇ ရုံမှာ အချိန်ပိုခိုင်းစေမှုတွေက သတ်မှတ်ချက်နဲ့မကိုက်ညီတာတွေ့ခဲ့တယ်”ဟု အလုပ်သမားဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောဆိုခဲ့ သည်။

ပြည်တွင်းရှိစက်ရုံများအနေဖြင့် ၂၀၁၅ ခုနှစ်တွင် အာဆီယံလွတ်လပ်သော စီးပွားရေးအသိုက်အမြုံနှင့်အတူ AFTA အား ဘေးပတ်ဝန်းကျင်နိုင်ငံများနှင့် ယှဉ်ပြိုင်ဖြတ်ကျော်ရမည်ဖြစ်သည့်အတွက် အလုပ်ရှင်၊ အလုပ်သမား အချင်းချင်း နားလည်မှုရှိစွာဖြင့် လုပ်ငန်းများတိုးတက်အောင် ပြုလုပ်သင့်ကြောင်း၊ အလုပ်ချိန်အား အလုပ်သမား အက်ဥပဒေတွင် ဖော်ပြထားသည့်အတိုင်း တစ်နေ့ အလုပ်ချိန် ၈ နာရီသတ်မှတ်ပြီး ကျန်အချိန်များတွင် အချိန်ပိုကို အလုပ်သမားများနှင့် ညှိနှိုင်း၍ သုံးနာရီထက်မပိုစေသင့်ကြောင်း အဆိုပါပွဲတွင် လုပ်ငန်းရှင်များအား လမ်းညွန်မှာ ကြားပြောကြားခဲ့သည်။

အဆိုပါဥပဒေသတ်မှတ်ချက်ထက် ကျော်လွန်လုပ်ဆောင်နေမှုများအား ထပ်မံစစ်ဆေးတွေ့ရှိပါက ဥပဒေအရ ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ကြောင်းနှင့် စက်ရုံလုပ်ငန်းအမှာစာများ လက်ခံရရှိသော်လည်း စက်ရုံလုပ်သားများ၏ လုပ်နိုင်စွမ်းအားအပေါ်မူတည်၍ လက်ခံသင့်ပြီး သတ်မှတ်ချက်ဖြစ်သည့် တစ်ပတ် ၂ နာရီ ထက် မကျော်လွန်ရန် လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များက လုပ်ငန်းအဆင်ပြေရေးအတွက် အချိန်ပိုခိုင်းရာတွင် လုပ်သားများ၏ ကျန်းမာရေးကို ဂရုစိုက်ရန်လိုအပ်ကြောင်းနှင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်တွေ့ဆုံပြီး အလုပ်ရှင် အလုပ်သမားများ၏ လိုအပ်ချက်အခက်အခဲများကို ဆွေးနွေးဆောင်ရွက်သင့်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖုံလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ယင်းတွေဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အထည်ချုပ်လုပ်ငန်းတွေမှာ ကုန်ပစ္စည်း အချိန်ပြည့်ရဖို့အတွက် အလုပ်ဆင်းခိုင်းရင် အလုပ်သမားတွေ ကျန်းမာရေးကိုလဲ ဂရုစိုက်ဖို့လိုပါတယ်။ အချိန်ပိုဆင်းခိုင်းဖို့လိုအပ်တယ်ဆိုရင်လဲ ဆန္ဒရှိသူတွေ ဆင်းခိုင်းသင့်ပါတယ်။ မဆင်းချင်သူကို ဆင်းခိုင်းရင် နိုင်ငံတကာဥပဒေတွေအရ အဓမ္မစေခိုင်းခြင်း(Force Labour )ဖြစ်ပါတယ်”ဟု ၄င်းက ပြောကြားခဲ့သည်။

အလုပ်ရှင်နှင့် အလုပ်သမားနှစ်ဦးနှစ်ဖက်အကြား အငြင်းပွားမှုပြဿနာများ ပေါ်ပေါက်သည့်အခါ အလုပ်သမားရေးရာကိစ္စအား ဥပဒေအတိုင်း ဖြေရှင်းပေးစေလိုကြောင်း တစ်ဦးနှင့်တစ်ဦး မျှမျှတတဖြစ်စေလိုကြောင်း ဦးထင်အောင်က ဆက်လက်ပြောကြားသွားခဲ့သည်။

“လုပ်ငန်းတွေက အထည်အချိန်မီရဖို့ လိုအပ်တဲ့အခါ အချိန်ပိုခေါ်ရတယ်။ တကယ်မခေါ်ခဲ့လို့ရှိရင် ကုန်ပစ္စည်းတွေ အချိန်မီမရတဲ့အတွက် တစ်ဖက်ကနောက်ဆုံး ချုပ်ခမပေးတော့တာတွေ ဖြစ်လာတယ်။ အဲဒါမျိုးတွေ အတွက် စဉ်းစားပေးစေချင်တယ်”ဟု လုပ်ငန်းရှင်တစ်ဦးကလည်း ယင်းအမြင်ကို သုံးသပ်ပြောဆိုခဲ့သည်။

အလုပ်သမားများ၏ အခက်အခဲအားလုံးကို ပြေလည်မှုရအောင် ကြပ်မတ်ဆောင်ရွက်ပြီး အလုပ်ရုံဘေး အန္တရာယ် ကင်းရှင်းရေးနှင့်အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုရန် ကော်မတီများ ဖွဲ့စည်းသွားမည်ဖြစ်ကာ လူထုဆန္ဒသဘောထားများလည်း ရယူရန်သွားမည်ဖြစ်ကြောင်း၊ အလုပ်သမား ဝန်ကြီးဌာနအနေဖြင့်လည်း ခေတ်စနစ်ဖြင့် မကိုက်ညီသည့် ဥပဒေများကို ပြင်ဆင်ရေးဆွဲမှုများ ပြုလုပ်နေပြီး နိုင်ငံတော်၏ အခြေခံလူတန်း စားဖြစ်သည့် အလုပ်သမား၊ လယ်သမားများ၏ ဘဝမြင့်တင်မှုမှုကိုလည်း ပြုလုပ်နေခြင်းဖြင့် စီးပွားရေးအထူးဇုန်များ ပေါ်ပေါက်လာစေပြီး ကုန်ထုတ်စွမ်းအားများ တိုးမြှင့်စေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment