Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


ဖက်ဒရယ်အခြေပြု ပြည်နယ်ပိုင်းခြားသတ်မှတ်ရေးကိစ္စ သက်ဆိုင်ရာလူများစု တိုင်းရင်းသားများ၏ သဘော ထားကို ကြည့်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဖက်ဒရယ်အခြေပြု ပြည်နယ်ပိုင်းခြားသတ်မှတ်ရေးကိစ္စရပ်များကို ဆွေးနွေးရာ၌ သက်ဆိုင်ရာပြည်နယ်များမှ လူများစု တိုင်းရင်းသားများ၏ သဘောထားကို ကြည့်ရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က စက်တင်ဘာလ ၇ ရက်နေ့က တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့ သည်။

“ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပုံစံနဲ့ပြင်ဆင်မလဲ။ ဖက်ဒရယ်ဆိုတာ ဘယ်လိုပုံစံမျိုးလိုချင်တာလဲ။ အဲ့ဒီတော့ အဲ့ဒီဟာနဲ့ တစ်ဆက်တည်းမှာ ကျွန်မတို့နိုင်ငံမှာ အခုပြောတာက လူမျိုး ၁၃၅ မျိုးဆိုတာ ဒါလည်း ဒီလိုဆုံးဖြတ်တယ်။ ဒီလိုသတ်မှတ်တဲ့ဟာလည်း နိုင်ငံရေး ရည်ရွယ်ချက်တွေပါတယ်လို့ထင်တယ်။ အဲ့ဒီဟာတွေကို သေသေချာချာ ဆွေးနွေးရမယ်။ ဒါပြည်နယ်တစ်ခုတည်းဆိုတဲ့ဟာမှာ ပါနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဟာက ပြည်နယ် ၁၄ ခုလား၊ ၁၅ ခုလား။ ရှစ်ခုလား။ မဟုတ်ဘူး။ တချို့လူမျိုးစုတွေက ကိုယ့်ပြည်နယ် ကိုလိုချင်ပါတယ်လို့ တောင်းလာတာတွေရှိတယ်။ အဲ့ဒီတော့ အများစုဖြစ်တဲ့ အဲဒီပြည်နယ်အတွင်းက တိုင်းရင်းသားတွေက ဒါတွေကို ဘယ်လိုမြင်သလဲ။ ဟိုဘက် ဒီဘက်ကြည့်ဖို့လိုတယ်” ဟုဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ပအခြေစိုက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) နှင့် ၁၉၉၀ ပြည့်ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား များပါတီများဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့(UNA) တို့ပူးပေါင်းပြီး ဖက်ဒရယ်အခြေပြု ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရန် ပြင်ဆင်နေသည်။

ထိုသို့ ရေးဆွဲရာတွင် လက်ရှိဖွဲ့စည်းထားသော ပြည်နယ်နှင့် တိုင်း ၁၄ ခုကို တိုင်းများ ဖျက်သိမ်းပြီး အမျိုးသားပြည်နယ် များအဖြစ် ပြန်လည်ဖွဲ့စည်းရန် UNFCဘက်က ဆန္ဒရှိနေပြီး ရှမ်းမူကိုအခြေခံသော ဗမာပြည်နယ်သီးခြားသတ်မှတ်ရေး နှင့် ရှစ်ပြည်နယ်စနစ်ထားရှိရေးကို UNA ဘက်က ဆန္ဒရှိနေသည်။

“အခြေခံအားဖြင့်တော့ ဘယ်လိုဖက်ဒရယ်မျိုးဖြစ်မလဲ ဆိုတာကို ဆုံးဖြတ်ရမယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်မလဲဆိုတာကို ဒါကို ကျွန်မတို့ ဆုံးဖြတ်ရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းမှ ရွေးကောက်ပွဲစနစ် ပြောင်းနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီတော့ အဲ့လိုဟာမျိုးလေးတွေ ကျွန်မတို့ဆွေးနွေးရမှာတစ်ချက်။ နောက်တစ်ခုလုံး ပြင်မလား။ တစ်ခုစီ ပြင်မလား။ ဒါတွေလည်း ကျွန်မတို့ ဆွေးနွေးရမှာ။ တစ်ယောက်နဲ့တစ်ယောက် သဘောထားမတူညီရင် တကယ့် ဒီမိုကရေစီပြည်ထောင်စု၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ချင်တဲ့ ကျွန်မတို့အတွက် အားနည်းသွားပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ဖက်ဒရယ်အရေး ကိစ္စများတွင် တိုင်းရင်းသားအဖွဲ့များအကြား တူညီသော သဘောထားများရှိရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

YC


ဘဏ်အတိုးနှုန်းလျော့ချမှု သတိထားလုပ်ကိုင်ရန်လိုဟုဆို

ဘဏ်အတိုးနှုန်းလျော့ချရာတွင် ပြည်တွင်းစီးပွားရေးအပေါ် ရိုက်ခတ်မှုများရှိမည်ကို သတိထားလုပ်ကိုင်နေရ သဖြင့် အချိန်ကာလတစ်ခု ကြာမြင့်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆက်အောင်က ပြောကြားသည်။

“ အတိုးနှုန်းက ရုတ်တရက်လျော့လိုက်ရင် အပ်ငွေကို ပြည်သူတွေ ပြန်ထုတ်ယူမယ်။ ဒီလိုဆို ဘဏ်တွေ ပြိုလဲပြီး နိုင်ငံတော်က ငွေစက္ကူရိုက်ပြီး ဝင်ထိန်းရင်လည်း ငွေကြေးဖောင်းပွမှုဖြစ်လာမယ်”ဟု ဒေါက်တာဆက်အောင်က ပြောသည်။

ထို့ကြောင့် လုပ်ငန်းရှင်များတောင်းဆိုနေသည့် ဘဏ်အတိုးနှုန်းလျော့ချပေးခြင်းကို လွတ်လပ်စွာ ငွေကြေးဈေးကွက် သတ်မှတ်ပြီးမှသာ လျှော့ချရန် စီစဉ်ထားကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ ဈေးကွက်တစ်ခုကို ဦးစွာဖန်တီးနိုင်ရန်ကြိုးစားနေပြီး ယင်းဈေးကွက်ပေါ် လာပါက ဗဟိုဘဏ်မှ အတိုးနှုန်းများ သတ်မှတ်ချက်များကို ဖယ်ရှားပြီး ဈေးကွက်သဘောအတိုင်းသာ အတိုးနှုန်းများ ရှိရမည်ဟု ဒေါက်တာဆက်အောင် ကရှင်းပြသည်။

ကမ္ဘောဇဘဏ်ဒုတိယဥက္ကဋ္ဌ - ၂ ဦးသန်းလွင်က “ မြန်မာပြည်မှာက ငွေဖောင်းပွမှုက တစ်နှစ်ကို ခြောက်ရာ ခိုင်နှုန်းလောက် ရှိတယ်။ အတိုးနှုန်းလျော့မယ်ဆိုရင် ဒီပမာဏထက် လျှော့လို့ မဖြစ်နိုင်ဘူး” ဟုပြောသည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက် လိုအပ်နေသည့်အခက်အခဲများကို စီးပွားရေးလုပ်ငန်းရှင်များက ပြည်ထောင်စု လွှတ်တော် နာယကနှင့် တွေ့ဆုံပွဲ၌ တင်ပြရာတွင် ဘဏ္ဍာရေး၊ ငွေရေးကြေးရေး အခက်အခဲများစွာ ပါဝင်ကြောင်း တက်ရောက်ခဲ့သည့် လုပ်ငန်းရှင်အချို့ကပြောသည်။

ပြည်တွင်းလုပ်ငန်းရှင်များက မြင့်မားနေသည့် ဘဏ်အတိုးနှုန်းလုပ်ငန်းအတွက် ဘဏ်များမှ ချေးငွေယူရာတွင် ကြုံတွေ့နေရသော အခက်အခဲများကို တင်ပြခဲ့ပြီး သူရဦးရွှေမန်းက ဘဏ်အတိုးနှုန်းမြင့်မားနေသည်ကို လာမည့်လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖွံ့ဖြိုးရေးအားကောင်းသည့်နိုင်ငံများတွင်လည်း ဘဏ်အတိုးနှုန်းကို ဗဟိုဘဏ်က သတ်မှတ်ခြင်းမရှိဘဲ ဈေးကွက်၏ သတ်မှတ်သည့်အတိုးနှုန်းအတိုင်းသာ ထားရှိကြောင်း သိရသည်။

YC


ဦးရွှေမန်း၏ ထားဝယ်ခရီးစဉ် ဒေသခံများကြိုဆိုမည့် အစီအစဉ် ရဲတပ်ဖွဲ့ ပိတ်ပင်တားဆီး

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ စက်တင်ဘာလ ၉ ရက်နေ့ ထားဝယ်ခရီးစဉ်ကို မြေသိမ်းဆည်းခံ ပြည်သူတစ်ချို့မှ ကြိုဆိုသည့် အစီအစဉ်ကို ရဲတပ်ဖွဲ့မှ တားဆီးပိတ်ပင်ခဲ့ကြောင်း သိရသည်။

ခရီးစဉ်အားကြိုဆိုမည့် ဒေသခံပြည်သူများသည် ထားဝယ်မြိုတော်ခန်းမှ ရေနက်ဆိပ်ကမ်းသို့ သွားရာလမ်း ဖြစ်သည့် ကမြောကင်းလမ်းတစ်နေရာတွင် “ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းအား ကြိုဆို ပါ၏” စာတမ်းနှင့် ယင်း၏အောက်တွင် “လယ်ယာမြေများ မတရားသိမ်းဆည်းခံ ထားရသော ထားဝယ်မြို့မှ လယ်သမားများ ” ဟူသည့် စာတမ်းများပါသည့် ဗီနိုင်းကို ကိုင်ဆောင်ထားခဲ့ခြင်း ဖြစ်ကြောင်း၊ ဦးရွှေမန်း၏ ယာဉ်တန်းရောက်လာချိန်တွင် ဗီနိုင်းကို ဖြန့်လိုက်သည်နှင့် တစ်ပြိုင်နက် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ လုယူခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ကြိုဆိုရာတွင် ပါဝင်ခဲ့သော လယ်သမားတစ်ဦးက ဆိုသည်။

ကြိုဆိုမည့် အစီအစဉ်တွင်ပါဝင်သည့် ဒေသခံလယ်သမား ၃၀ ကျော်တို့သည်  ကမြောလမ်းမပေါ်တွင် နံနက် ၉ နာရီကတည်းက ကြိုတင်စောင့်ဆိုင်းနေခြင်းဖြစ်ပြီး မိမိတို့ကြုံတွေ့နေရသော လယ်ယာမြေဆိုင်ရာ ကိစ္စရပ် များကို ပြည်ထောင်စုလွှတ်တော်နာယကအား တင်ပြနိုင်ရန်အတွက် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ လယ်သမားများ ကွန်ရက်မှ တနင်္သာရီတိုင်း လယ်သမားကိုယ်စားလှယ် ဦးအေးမောင်က မှတ်ချက်ပြုပြောသည်။

မြန်မာနိုင်ငံရှိ လယ်ယာမြေ ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားသည့် စုံစမ်းစစ်ဆေးရေးကော်မရှင်မှလာရောက်စစ်ဆေးမှုများ ပြုလုပ်ဖြေရှင်းပေးခဲ့သော်လည်း ထူးခြားမှု တစ်စုံတစ်ရာမရှိသေးကြောင်း ထားဝယ်မြို့ခံ လယ်သမားများက ဆိုသည်။

လယ်ယာမြေ သိမ်းဆည်းခံရမှုများကို ကာကွယ်စောင့်ရှောက်ပေးမည့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းကို သြဂုတ် ၂၈ ရက်တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။ အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ ရေးဆွဲကာ ပြည်သူ့လွှတ်တော်သို့ စတင်တင် သွင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ လွှတ်တော်တွင် သြဂုတ် ၇ ရက်က ဆွေးနွေးကာ အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment