Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


ရန်ကုန် အိမ်၊ ခြံ၊ မြေဈေး စံနှုန်း ယခုလကုန် စတင်ကြေညာမည်

စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းမြင့်မားခြင်းကို လျှော့ချရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေးနယ်နမိတ်အတွင်းရှိ မြို့နယ်အလိုက် တစ်ပေပတ်လည် မြေဈေးစံနှုန်းများကို သတ်မှတ်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ကာလတန်ဖိုးသတ်မှတ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဈေးနှုန်းသတ်မှတ်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြေစာရင်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ အရာရှိများပါဝင်သည့် အဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောသည်။

အခွန်ဆောင်ရန် ဈေးနှုန်းသတ်မှတ်ခြင်းသည် ပြောင်းလဲမှုများ ရှိနိုင်ပြီး ပြင်ပပေါက်ဈေး အပြောင်းအလဲရှိပါက စံနှုန်း ပြောင်းလဲမှုများရှိနိုင်ကြောင်း ၎င်းကပြောသည်။

ပြည်သူများ စရိတ်သက်သာစွာဖြင့် အခွန်ထမ်းဆောင်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် ယခုကဲ့သို့ နှုန်းထား သတ်မှတ်ရခြင်းဖြစ်ကြောင်း ကာလတန်ဖိုးသတ်မှတ်ရေးအဖွဲ့ထံမှ သိရသည်။

“အခွန်နှုန်းသတ်မှတ်တယ်ဆိုတာက သတ်မှတ်တဲ့ဈေးနှုန်းတစ်ခုထက် ကျော်လို့မရဘူးဆိုတဲ့ သဘောဘဲ။ ဒီလိုသတ်မှတ်တယ်ဆိုတာ ရှိသင့်ရှိထိုက်တဲ့ ဈေးနှုန်းထက်ကျော်နေလို့ သတ်မှတ်ရခြင်းဖြစ်ပါတယ်။ ဒီသတ်မှတ်ချက် နှိမ့်အောင် ဘယ်လိုလုပ်ရမလဲ၊ ဘာကြောင့် ဒီလိုဈေးတွေမြင့်နေရတာလဲဆိုတာကို အဖြေရှာသင့်တယ်” ဟု စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်ပြောကြားသည်။

အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အဆမတန်မြင့်မားနေခြင်းနှင့် အခွန်အကောက်များ ဆုံးရှုံးနေခြင်းကို ကာကွယ်ရန် ရန်ကုန်မြို့တော် စည်ပင်နယ်နမိတ်အတွင်း မြို့နယ်အလိုက် တစ်ပေပတ်လည်ဈေးနှုန်များ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သြဂုတ်လ ၂၃ ရက်နေ့တွင် ပြုလုပ်သော အစိုးရအဖွဲ့သတင်းစာရှင်းလင်းပွဲတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

ယင်းသို့ သတ်မှတ်မည်ဆိုခြင်းကြောင့် ရန်ကုန်မြို့တော် အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းတွင် စီးပွားရေး လုပ်ငန်းရှင်များ နှင့် အကျိုးဆောင်များလက်တွန့်နေပြီး အရောင်းအဝယ်မှာ အလွန်အေးစက်လျက်ရှိကြောင်း ရန်ကုန်မြို့တော် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

ဒလမြို့နယ် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများသည်လည်း ယခင်က အလျားပေ ၂၀၊ အနံ ပေ ၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၁၂၀၀ ခန့်မှ ယခုကျပ်သိန်း ၅၀၀ အထိ ထိုးကျသွားကြောင်း အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဦးနေမျိုးအောင် ကပြောကြားခဲ့သည်။

YC


ရှမ်းပြည်မြောက်ပိုင်း တွင်တိုက်ပွဲဖြစ်ပြန်

စက်တင်ဘာလ ၁၁ ရက်နေ့က ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ အုပ်စု ဖာဖီုင့်နှင့်ပါချောင် ရွာအကြား နမ့်ဟွန်းချောင်း အနီးတွင် တအန်းတပ်မတော် တပ်ရင်း ၁၁၂ နှင့် မြန်မာ တပ်မတော် ခလရ ၄၅ နှင့် ပန်ဆေးပြည်သူ့စစ်ပူးပေါင်း စစ်ကြောင်းတို့ နေ့လည် ၂ နာရီခန့်မှ ၃း၃၀ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွား ခဲ့ကြရာ မြန်မာတပ်နှင့်ပန်ဆေးပြည်သူ့ စစ်တပ်ဖွဲ့များ အနည်းဆုံး ၁၀ ကျော် ကျဆုံးပြီး ၂၀ ကျော် အပြင်းအထန်ဒါဏ်ရာ ရရှိသည် ဟုသိရှိရသည်။

လူထုစည်းရုံးရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက် နေသော တအန်းတပ်ရင်း ၁၁၂ ကို အင်အား ၁၀၀ နီးပါးရှိ ခလရ ၄၅ နှင့်ပန်ဆေးပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းက လိုက်လံတိုက်ခိုက်ရန် ဆက်တိုက်ထိုးစစ် ဆင်ခဲ့သည်။ တပ်ရင်း ၁၁၂ က ပါချောင်ရွာမှ ဖာဖီုင့်ရွာသို့ ဆုတ်ခွာရန် နမ့်ဟွန်းချောင်း ကိုကူးပြီးသော်လည်း အစိုးရနှင့်ပန်ဆေး ပူးပေါင်းစစ်ကြောင်းက ဆက်တိုက်လိုက်ပါလာသဖြင့် နမ့်ဟွန်းချောင်း အနီးတွင် တိုက်ပွဲဖြစ်ရခြင်းဖြစ်သည်။

ချောင်းကူးလာသည့် အစိုးရနှင့်ပန်ဆေး ပူးပေါင်း စစ်ကြောင်းသည် ချောင်းတဘက်ကမ်းတွင် ထောင်ထား သည့် တအန်းတပ်ဖွဲ့၏ရှေ့ထွက်မိုင်းများထိမိပြီး အသင့်စောင့် နေသော တအန်းတပ်မတော် တပ်ရင်း ၁၁၂ နှင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။ တအန်းတပ်မတော် တပ်ရင်း ၁၁၂ တပ်ဖွဲ့ဝင်များမှာ ထိခိုက်ဒဏ်ရာ ရရှိသူမရှိပဲ ပြောက်ကျားစစ် နည်းဗျူဟာအရ တိုက်ပွဲပြီးသည် နှင့် လုံခြုံမှုရှိရာနေရာသို့ ပြောင်းရွေ့နေရာယူကာ မြန်မာတပ်များ၏ ထိုးစစ်ကို ခုခံရန် ပြင်ဆင်စောင့်ဆိုင်း လျှက်ရှိသည်ဟု တပ်ရင်းမှူး ဗိုလ်ကြီး တာခွန်ဆာ ပြောပြသည်။

တအန်းတပ်မတော် တပ်ရင်း ၁၁၂ သည် P.S.L.F ဗဟိုကော်မတီချမှတ်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမူဝါဒ လုပ်ငန်းစဉ်များ ဆောင်ရွက်နေရာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် လော့ခူန်ပြည်သူ့ စစ်တပ်ဖွဲ့ကို ၈ ရက် စက်တင်ဘာလ တွင် ဝင်ရောက်စီးနင်းပြီး ပြည်သူ့စစ်ဆက်မလုပ်ရန် ပြင်းထန်စွာသတိပေးပြီး လက်နက်များ ဖြုတ်သိမ်းခဲ့သည်။

ထိုကဲ့သို့ လက်နက်ဖြုတ်သိမ်းခဲ့သည်ကို မကျေနပ်သဖြင့် ခလရ ၄၅ နှင့်ပန်ဆေးပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်း က အပြင်းအထန်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း ထိခိုက် ဒါဏ်ရာရရှိသူများ ကိုပြောင်းရွေ့သယ်ဆောင် နေလျှက်ကြောင်း သိရသည်။

YC


Eleven သတင်းစာတွင် ဖော်ပြခဲ့သော သတင်းနှင့် ပတ်သက်၍ အထင်လွဲမှားမှု မဖြစ်ပေါ်စေရန် စာနယ်ဇင်းကောင်စီ (ယာယီ) မှ ကြေညာချက်ထုတ်ပြန်

စက်တင်ဘာလ ၇ ရက်နေ့ Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သော သတင်းကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ၏ ရပ်တည်ချက် အပေါ် အထင်အမြင် လွဲမှားမှုများ မဖြစ်ပေါ်စေရန်အတွက် စာနယ်ဇင်း ကောင်စီမှ စက်တင်ဘာလ ၁ဝ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

Daily Eleven သတင်းစာတွင် “သမ္မတရုံး ညွှန်ကြားချက်ဖြင့် ပြည်သူ့ဝန်ဆောင်မှု စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းကို ရုပ်ရှင်အစည်းအရုံး နှင့် အနုပညာရှင်များ ကန့်ကွက်မည်” သတင်းဆောင်းပါး ရေးသားမှု နှင့် ပတ်သက်၍ Daily Eleven အား စာနယ်ဇင်းကောင်စီ (ယာယီ) မှ လိုအပ်သလို ထိန်းသိမ်းရန် ပြန်ကြားရေး ဝန်ကြီးဌာန (အစိုးရ) က အကြောင်းကြားစာ ပေးပို့ခဲ့ ဟူသည့် သတင်းကြောင့် မီဒီယာလောကသား များ နှင့် ပြည်သူများက စာနယ်ဇင်းကောင်စီ အပေါ် အထင်အမြင် လွဲမှားမှုများ မဖြစ်ပေါ်စေရန်အတွက် ယခုကဲ့သို့ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၏ တာဝန်သည် သတင်းမီဒီယာများကို စာနယ်ဇင်းကျင့်ဝတ်များ နှင့် အညီ ဖြစ်စေရန် အတွက် စေ့စပ် ညှိနှိုင်း ဆောင်ရွက်ပေးရန်သာ ဖြစ်ပြီး စာနယ်ဇင်းများကို ဖိနှိပ်ခြင်း၊ အရေးယူခြင်း၊ သတိပေးခြင်းများ ကို ဆောင်ရွက်ရန်မရှိကြောင်း၊ ကောင်စီ၏ မူလရှိနေခဲ့သည့် ရပ်တည်ချက်၊ ခံယူချက် နှင့် ဦးတည်ချက်များသည် လုံးဝ (လုံးဝ) ပြောင်းလဲမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“Eleven သတင်းစာမှာ ဖော်ပြခဲ့တာက သမ္မတက စာနယ်ဇင်းကောင်စီကို သိန်း ၅ဝဝ လှူဒါန်းပြီး စာနယ်ဇင်း ကောင်စီကို လက်ကိုင်တုတ်လို သဘောထားပြီး သူတို့ (Eleven Media) ကို ဖိနှိပ်ဖို့ ကြိုးစားလာတယ်လို့ ပါရှိတယ်။ ဒါဟာ ကောင်စီရဲ့ ရပ်တည်ချက်ကို လူတွေ အထင်အမြင် လွဲမှားသွားစေနိုင်တယ်။ ကောင်စီ အနေနဲ့ မီဒီယာကို စေ့စပ်ညှိနှိုင်း ဆောင်ရွက်ပေးဖို့ပဲ ဖြစ်တယ်။ ဖိနှိပ်ဖို့ ဆိုတာ မရှိပါဘူး” ဟု မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားသည်။

စာနယ်ဇင်းကောင်စီ လုပ်ထုံးလုပ်နည်း အတိုင်း တိုင်ကြားခံရသူများကို တရားဝင် ဖိတ်ခေါ်၍ အသိပေးခြင်း မပြုခင် အသိပေးလေ့ မရှိသော်လည်း တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေး ကော်မတီ (Complaint Committee) ဝင်လည်းဖြစ်၊ တိုင်ကြားခံရသည့် Daily Eleven သတင်းစာ နှင့် သက်ဆိုင်သူလည်း ဖြစ်သော ဒေါက်တာ သိန်းမြင့်က ယင်းတိုင်ကြားစာကို သိရှိလိုသည့် အတွက် စာနယ်ဇင်းကောင်စီ ကော်မတီဝင်များ၏ ခွင့်ပြုချက် အရ အသိပေးခဲ့ကြောင်း၊ သို့သော် ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်းသည် Daily Eleven ကို အသိပေးခြင်း မဟုတ်ဘဲ  ကော်မတီဝင် တစ်ဦး အနေဖြင့် အသိပေးခြင်းသာ ဖြစ်ပြီး ကောင်စီဝင်များသာ သိခွင့်ရှိသည့် သီးသန့်လျှို့ဝှက် အကြောင်းအရာ Confidential သာ ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စာနယ်ဇင်းကောင်စီ နဲ့ မီဒီယာတွေကြားမှာ အထင်အမြင် လွဲမှားနေတာတွေကို မြင်ချင်တဲ့ လူတွေ ရှိနေ တယ်။ ဒါကို ကျွန်တော်တို့က သတိရှိရှိ ကျော်ဖြတ်ဖို့ လိုပါတယ်” ဟု ဦးကျော်မင်းဆွေက ဆက်လက် ပြောဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ထံသို့ ၂ဝ၁၃ ခုနှစ် သြဂုတ်လ ၂၃ ရက် နေ့စွဲပါ စာအမှတ် ၁ - ၆ (၆၈)/ ၂ဝ၁၃ (၂၉၃၁) ဖြင့် Daily Eleven သတင်းစာ၌ သြဂုတ်လ ၁၉ ရက်နေ့က ဖော်ပြခဲ့သည့် သတင်းတစ်ပုဒ်အတွက် စာနယ်ဇင်းကောင်စီအနေဖြင့် Daily Eleven သတင်းစာအား လိုအပ် သလို ထိန်းသိမ်း အကြောင်းကြားပေးပါရန် ညှိနှိုင်းအပ်ပါကြောင်းဖြင့် စာပေးပို့ခဲ့ပါကြောင်း၊ သို့သော် စာနယ်ဇင်းကောင်စီ အနေဖြင့် အထက်ပါ အကြောင်းကြားစာကို စက်တင်ဘာလ ၄ ရက်နေ့တွင် လက်ခံ ရရှိခဲ့ပြီး ယင်းစာနှင့် ပတ်သက်၍ တိုင်ကြားခံရသည့် Daily Eleven သတင်းစာကို စာနယ်ဇင်းကောင်စီက ယခုအချိန်ထိ မည်သည့် ညှိနှိုင်းဆောင်ရွက်မှု၊ အကြောင်းကြားမှုမျှ မလုပ်ဆောင်ရသေးကြောင်း စာနယ်ဇင်းကောင်စီ၏ ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားချက်အရ သိရှိရသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment