Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


အစိုးရနှင့် ကေအိုင်အို အလုံးစုံအပစ်ရပ်စဲရေး  အပါအဝင် အချက်လေးချက် ဆွေးနွေးမည်

စက်တင်ဘာ ၁၆ ရက်နှင့်  ၁၇ ရက်တွင်   ကချင်ပြည်နယ် မနောကွင်းအနီး ကေအိုင်အို ကိုယ်စားပြု နည်းပညာ အကြံပေးအဖွဲ့ရုံးတွင်  အစိုးရနှင့် ကေအိုင်အို အလုပ်အဖွဲ့(TAT) တို့  တွေ့ဆုံရာတွင် အဓိက အချက်လေးချက်ကို ဆွေးနွေးမည်ဟု သိရသည်။

ယင်းဆွေးနွေးပွဲတွင်  စစ်ပြေးဒုက္ခသည်များ အရေးပေါ်ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေး၊ အလုံးစုံအပစ်အခတ်ရပ်စဲရေးနှင့်  နောက်ဆွေးနွေးပွဲများအတွက် တပ်ပိုင်းဆိုင်ရာ  နေရာချမှုများကို ကြိုတင်ပြင်ဆင်နိုင်ရန်  အဓိက ဆွေးနွေးမည်ဖြစ်ကြောင်း  ကေအိုင်အို အလုပ်အဖွဲ့မှ ဦးဒေါင်ခါးက ပြောသည်။

ဆွေးနွေးပွဲသို့ ကေအိုင်အိုအလုပ်အဖွဲ့မှ   ၁၀ ဦး၊ မြန်မာငြိမ်းချမ်ေးရးစင်တာမှ ဦးလှမောင်ရွှေ ဦးဆောင်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်အပါအဝင် ခုနစ်ဦး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် ကေအိုင်အို အလုပ်အဖွဲ့အချင်းချင်း တွေ့ဆုံပြီးပါက ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်မြောက်နိုင်မည်ဟု ဆွေးနွေးပွဲဖြစ်မြောက်ရေးအဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာ ကပြောကြားသည်။

“ပြည်ထောင်စု အဆင့်  ထပ်ဆွေးနွေးဖို့ ကြိုတင်ပြင်ဆင်တဲ့ သဘောပါ။ အဓိက အချက်လေးချက်နှင့် နောက်အထွေထွေပေါ့။ ပြည်ထောင်စုအဆင့်ကို အောက်တိုဘာလဆန်းမှာ တွေ့ဆုံနိုင်ဖို့  ကျွန်တော်တို့က နှုတ်နဲ့ ကမ်းလှမ်း ထားပါတယ် အသေးစိတ်ကတော့ ဆွေးနွေးပြီး မှ သိရမယ်”  ဟု ဦးလှမောင်ရွှေ ကပြောသည်။

တပ်မတော်နှင့် ကေအိုင်အေတို့သည်  သြဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလများတွင် ပန်ဝါဒေသ၊ ပူတာအို မချမ်းဘောဒေသ စသည်တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခုအချိန်တွင်လည်း နှစ်ဖက်တပ်များ တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

 YC


လွှတ်တော်ပြင်ပတွင် နိုင်ငံရေးဆွေးနွေးပွဲများ လွတ်လပ်စွာ ဆွေးနွေးနိုင်ရန် နိုင်ငံတော်သမ္မတက လွှတ်တော်သို့တင်မည်

လွှတ်တော်ပြင်ပတွင် နိုင်ငံရေးဆွေးနွေးပွဲများကို သီးခြားအဖွဲ့အစည်းတစ်ရပ်အဖြစ် လွတ်လပ်စွာ ဆွေးနွေးနိုင်ရေးအတွက် လွှတ်တော်သို့တင်ပြသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပြလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းဗဟိုကော်မတီ တတိယအကြိမ်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

“ငြိမ်းချမ်းရေးရရှိရေး၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဟာ ပြည်သူများရဲ့ ဆန္ဒဖြစ်သကဲ့သို့ တပ်မတော်အပါအဝင် ကျွှန်တော်တို့ရဲ့ဆန္ဒဖြစ်ပါတယ်။ တစ်ဖက်အဖွဲ့အစည်းများကလဲ ငြိမ်းချမ်းရေးရရှိရေးအတွက် လိုလားနေကြတာကို သိရှိနိုင်ပါတယ်။ ဒါကြောင့် တူညီတဲ့ဆန္ဒအပေါ်မှာ အဖြေတစ်ခုရရှိရေးအတွက် အရှုံးအနိုင်ကို မရယူလိုဘဲ ညှိနှိုင်းဆွေးနွေးတဲ့ နိုင်ငံရေးပုံစံသစ်နည်းနဲ့ ကျွန်တော်တို့ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဆက်လက်ပြောကြားခဲ့သည်။

ယခုနှစ်ကာလအတွင်း ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်း ၁၄ ဖွဲ့ဖြင့် သဘောတူညီမှု ဆွေးနွေးနိုင်မှုများ လုပ်ဆောင်နိုင်ခဲ့ပြီး နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးနိုင်ဖြစ်ကြောင်း ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုတည်ဆောက်ရေးသည် အရေးကြီးကြောင်း၊ ယုံကြည်မှုရရှိဖို့အတွက် နှစ်ဖက်အပေးအယူအလျော့အတင်းများဖြင့် အချိန်ယူတည်ဆောက်ရပါကြောင်း၊ ထိလွယ်ရှလွယ်ပျက်ပြယ်သွားသည့် ကိစ္စများသည့်အတွက် အပြုအမှုအပြောအဆိုများမှစ၍ သတိထားရပါကြောင်း၊ စိတ်ရှည်သည်းခံခွင့်လွှတ်မှုများလည်း ကြူံတွေ့ခဲ့ရပါကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

“ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သမ္မတက လွှတ်တော်ကို သဝဏ်လွှာပေးရမယ်။ သူ့အမိန့်နဲ့ လုပ်လို့ရပေမယ့် လွှတ်တော်နဲ့ပြေလည်မှုရအောင် လုပ်တဲ့သဘောပဲ။ အခုဆိုရင် လွှတ်တော်က ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အရမ်းဝင်နေတယ်။ ဒါပေမယ့်လွှတ်တော်ထဲမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ မရှိဘူးဖြစ်နေတယ်။ မြန်မာနိုင်ငံမှာ အခုလိုဖြစ်နေတာဟာ နိုင်ငံရေးမပြေလည်မှုတွေကြောင့် ဖြစ်ရတာ။ ဒါကြောင့်နိုင်ငံရေးပြေလည်မှုတွေရအောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ များများလုပ်ပေးသင့်တယ်”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့တွင်  ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ KNU အဖွဲ့နှင့် RCSS/SSA အဖွဲ့တို့မှ ခေါင်းဆောင်ပိုင်း ကိုယ်စားလှယ်များတို့သည် နေပြည်တော်တွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 YC


သန်းခေါင်စာရင်းအပေါ်အခြေခံကာ နိုင်ငံတော် အနာဂတ်စီမံကိန်းများ ရေးဆွဲမည်

နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း တစ်ကျော့ပြန်လုပ်ဆောင်သည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုက ထွက်ပေါ်လာမည့် ကိန်းဂဏန်းများကို အခြေခံကာ နိုင်ငံတော်အနာဂတ် ဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

၂၀၁၄ ခုနှစ်တွင် လုပ်ဆောင်မည့် ယင်းစီမံကိန်းသည် နိုင်ငံရေး၊ လူမျိုးရေးစသည့် အရေးအရာများ ဆောင်ရွက်ခြင်း မဟုတ်ဘဲ နိုင်ငံတော် ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

 မြန်မာနိုင်ငံတွင် တရားဝင်အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲတွင် မပါဝင်သည့် လူမျိုးများက သန်းခေါင်စာရင်း ကောင်ယူရာတွင် ၎င်းလူမျိုးများကို တရားဝင်သတ်မှတ်ပေးရန် စာဖြင့် တောင်းဆိုမှုများရှိနေပြီး  သန်းခေါင်စာရင်းကောက်ခံမှုကို နိုင်ငံရေးနှင့် ရောနှော၍ မရကြောင်း ဦးခင်ရီက ဆက်လက်ပြောကြားခဲ့သည်။

“အစိုးရက ဘာလုပ်ပေးရမလဲဆိုတာသိရအောင်လို့ လုပ်တာ။ လူမျိုးရေး ကိစ္စက လွှတ်တော်မှာ ဆုံးဖြတ်ရမဲ့ ကိစ္စ” ဟု ၎င်းက ရှင်းပြခဲ့သည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးနှင့် ဘာသာကြီး လေးမျိုး၊ နတ်ကိုးကွယ်သူများကို ထည့်သွင်းမည်ဖြစ်ပြီး ယင်းစာရင်းတွင်မပါဝင်သူများကို အခြားခေါင်းစဉ်အောက်တွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရှိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ် ၂၀ တွင် စမ်းသပ်ကောက်ခံထားသည့် သန်းခေါင်စာရင်းများအရ အသက် ၁၅ နှစ်မှ ၅၉ နှစ်အရွယ် အလုပ်လုပ်ကိုင်သူဦးရေသည် တစ်နိုင်ငံလုံး လူဦးရေ၏ ၆၄ ဒသမ ၅၉ ရာခိုင်နှုန်းရှိနေ၍ လူဦးရေ ဆုလာဘ် (အလုပ်လုပ်နိုင်သူများနေသည့် အခြေအနေ) အခြေအနေတွင်ရှိကြောင်း ဦးခင်ရီက ဆိုသည်။

 ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခံရာတွင် ပြည်သူများက ပြောဆိုသည့် ကိုယ်ရေးအချက်အလက်များကို ထုတ်ပြန်မည်မဟုတ်သည့်အပြင် မည့်သည့်အဖွဲ့အစည်းကိုမှ ပေးအပ်သွားမည်မဟုတ်ဘဲ ဥပဒေအရအကာအကွယ် ပေးကာ လျှို့ဝှက်ထားမည်ဖြစ်ကြောင်း ဦးခင်ရီက ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ခန့်မှန်းစာရင်းများအရ မြန်မာနိုင်ငံတွင် လူဦးရေ ၆၀ ဒသမ ၉၈ သန်း၊ အိမ်ထောင်စု ၁၁ သန်း ရှိကြောင်း သိရသည်။

YC


 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment