Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“အပစ်အခတ်ရပ်စဲရေး လုပ်တဲ့အခါတိုင်း နိုင်ငံရေး ဆွေးနွေးတဲ့ကိစ္စတွေကို လုပ်နိုင်နေရမယ်။ ပြီးတော့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ အားနည်းချက်တစ်ခု ဖြစ်တဲ့ သမ္မတက တပ်မတော်ကို အမိန့်ပေးလို့ မရဘူး။ စွက်ဖက်လို့ မရဘူး။ အဲဒါကြောင့် အစိုးရဘက်က ငြိမ်းချမ်းရေးတွေ လုပ်နေပေမယ့် တစ်ဖက်မှာ  တိုက်ပွဲတွေ ဖြစ်နေတယ်။ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ပေမယ့် မခိုင်မာဘူး။ လက်ရှိ တိုက်ပွဲတွေကြောင့်တော့ ကျွန်တော်တို့ ယုံကြည်မှု တည်ဆောက်ခြင်းပွဲကို မထိခိုက်ပါဘူး။ ကျွန်တော်တို့က မငြိမ်းချမ်းလို့ ကြိုးစားတာ ဆိုတော့ မငြိမ်းချမ်းတဲ့ ကြားကပဲ ဆက်လုပ်သွားမယ်”

၂ဝ၁၃ စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “လတ်တလော ပြန်လည်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲအပေါ် မထိခိုက်နိုင်ဟုဆို” သတင်းမှ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီ အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကယန်းပြည်သစ်ပါတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင်၏ ပြောကြားချက်အား  ကောက်နှုတ်ချက်။


“ဒီတောင်တွေက မြန်မာပြည်ရဲ့ အကြီးမားဆုံး နီကယ် သတ္ထုထွက်ရှိတဲ့ ဒေသဖြစ်ပါတယ်။ အဲဒီ တောင်ခြေမှာ တောင်ကို အမှီပြုပြီးနေတဲ့ ကျေးရွာ ၁၄ ရွာ ထက်မက ရှိပါတယ်။ ကျွန်တော်တို့ ဒေသခံတွေက ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဘယ်လိုနားလည်တယ် ၊ ဘယ်လိုဆန္ဒရှိတယ် ဆိုတာကို သွားပြီး လေ့လာခဲ့ပါတယ်။ ထွက်လာတဲ့ ဆန္ဒတွေကို ခြုံငုံ ကြည့်ရင် ပြည်သူတွေရဲ့ ၉၉ ရာခိုင်နှုန်းက ဒီစီမံကိန်း အတွက် ပူပန်နေကြတယ်။ ဒီစီမံကိန်းကို ဆက်မလုပ်စေချင်ကြဘူး”

၂ဝ၁၃ စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် The Empire Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ချင်းပြည်နယ် မြွေတောင် ၊ ဖားတောင် သတ္ထုစီမံကိန်းကို ပြည်သူ ရာခိုင်နှုန်းပြည့် နီးပါးက အကောင်အထည် မဖော်စေချင်” သတင်းမှ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုးဇမ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 


“ဆွေးနွေးနိုင်တာက ခေါင်းစဉ် ၃ ခု ပါပဲ။ အဲဒါကတော့ နောက်တစ်ကြိမ် ကျွန်တော်တို့ ကျင်းပ  ပြုလုပ်မယ့် ပြည်ထောင်စု အဆင့် ဆွေးနွေးမယ်။ နောက်တစ်ကြိမ် ကျင်းပမယ့် ဆွေးနွေးမှုကိုတော့ အောက်တိုဘာလ ပထမပတ်မှာ ပြန်ဆောင်ရွက်နိုင်ဖို့ အကြမ်းဖျင်း ညှိနှိုင်းလို့ရတယ်”

၂ဝ၁၃ စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ပြည်ထောင်စုအဆင့် ဆွေးနွေးရန် အစိုးရနှင့် ကေအိုင်အို မူအားဖြင့် သဘောတူ” သတင်းမှ မြန်မာ့ငြိမ်ချမ်းရေး စင်တာမှ ဦးလှမောင်ရွှေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 


“လွန်ခဲ့တဲ့ ၂ နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေက အသိအမှတ်ပြုစရာ အမျိုးမျိုး ဖြစ်နေတဲ့အတွက် သမ္မတဦးသိန်းစိန်ရဲ့ခေါင်းဆောင်မှုကို ထောက်ခံချီးကျူးပါတယ်။ စိန်ခေါ်မှုတွေ အများကြီး ကျန်ရှိနေသေး တယ်လို့ မြန်မာပြည်သူတွေ အားလုံးအတွက် ဒီမိုကရေစီအကျိုးကျေးဇူး အပြည့်အဝရရှိစေမယ့် လမ်းကြောင်းမှန်ကို ဆက်လက် လျှောက်လှမ်းသွားမယ်ဖို့ အစိုးရကို ကျွန်တော်တို့ အားပေးပါတယ်”

              ၂ဝ၁၃ စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး ပိုမိုကျယ်ပြန့်လာစေရန် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဗြိတိန်ပြော” သတင်းမှ ဗြိတိန်သံအမတ် မစ္စတာ အင်ဒရူးပတ်ထရစ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်မတို့ မြန်မာနိုင်ငံဟာ စစ်အာဏာရှင် စနစ်ကနေ ဒီမိုကရေစီစနစ်ကို သွားတဲ့ လမ်းကြောင်းကို စနိုင်ခဲ့ပါပြီ။ ဒါပေမဲ့ ကျွန်မ ထပ်ခါထပ်ခါ ပြောခဲ့ဖူးသလိုပဲ အပြောင်းအလဲအပေါ် အကောင်းမြင်လွန်ခြင်း ကတော့  ကျွန်မတို့ ရှေ့ဆက်ရမယ့် လမ်းကြောင်းကို ပျောက်ဆုံးသွားစေနိုင်ပါတယ်။ ကျွန်မတို့ တွေ့ကြုံရတဲ့ အခက်အခဲ တွေကို မှတ်မိနေဖို့လိုတယ်။ သူသာ (ကွယ်လွန်သူ ချက်သမ္မတဟောင်း Vaclav Havel) ဆိုရင်လည်း ဒီလိုမျိုး အခြေအနေ အပေါ် အရမ်းကြီး အကောင်းမြင်နေတာမျိုးကို လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီအချိန်ဟာ ကျွန်မတို့အတွက် စိန်ခေါ်မှု အရှိဆုံးအချိန်ပါ။ အခုချိန်မှာ ရရှိနေတဲ့ အခွင့်အရေးကောင်း တွေဟာ တော်တော်ကြာတဲ့ အချိန်ထိ ပြန်ရနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို မှန်ကန်တဲ့ အချိန်မှာ ချမှတ်နိုင်ရေးဟာ ဒီအကူးအပြောင်းကာလမှာ အရေးအကြီးဆုံးပါပဲ”

၂ဝ၁၃ စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် Daily Elevn နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “လက်ရှိအချိန်တွင် အခက်အခဲ နှင့် စိန်ခေါ်မှုအကြီးဆုံး ရှိနေပြီး လုပ်သင့်သည်များကို အမှန်ကန်ဆုံး ဆုံးဖြတ် လုပ်ကိုင်ရမည့် ကာလဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား” သတင်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မတီ ဖွဲ့ထားတာပဲ ရှိပါသေးတယ်။ ပြင်ဆင်မယ်ဆိုပြီး ဖွဲ့ထားတာ မဟုတ်ပါဘူး။ ပြင်ဆင်ဖို့ လေ့လာရာမှာလည်း အချုပ်အခြာ အာဏာ မထိခိုက်ဖို့ အရေးကြီးပါတယ်။ ဖွဲ့စည်းပုံမှာ တားမြစ်ထားတာကလည်း သူ့တစ်ယောက်တည်းကို ရည်ရွယ်တာ မဟုတ်ပါဘူး။ ၁၉၄၇ နဲ့ ၁၉၇၄ ဖွဲ့စည်းပုံတွေမှာဆိုရင် လွှတ်တော်အမတ် ဖြစ်ခွင့် ပေးထားပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရာမှာ ကိုယ့် အချုပ်အခြာအာဏာကို တိုင်းတစ်ပါးက စိုးမိုးနိုင်တယ်လို့ ယူဆရင်တော့ မစဉ်းစားဘူး”

၂ဝ၁၃ စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် အချုပ်အခြာအာဏာ မထိခိုက်ရန် အရေးကြီးကြောင်း အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး ပြောကြား” သတင်းမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment