Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


ဆေးလိပ်နှင့် ဆေးလိပ်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေကို ပြန်လည်အသက်သွင်းမည်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၀၆ ခုနှစ်ကတည်းကပင် ဥပဒေအတည်ပြု ပြဋ္ဌာန်းခဲ့ သော်လည်း သုံးစွဲသူပြည်သူများအကြား အမှန်တကယ်လိုက်နာခြင်းမရှိသေးသည့် ဆေးလိပ်နှင့် ဆေးလိပ်ကြီးထွက် ပစ္စည်းများထိန်းချုပ်ရေး ဥပဒေကို  ပြန်လည်အသက်သွင်းစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးဆိုင် ခန်းများတွင် ဆေးလိပ်တစ်လိပ်ချင်း ရောင်းချမှုများကိုတွေ့ရှိပါက ထိရောက်စွာ ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်မှူးကြီးတင်ဝင်းက စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့သည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် ဆေးလိပ်များကို အလိပ်လိုက် ရောင်းချခြင်းမရှိတော့ဘဲ မြန်မာနိုင်ငံ တစ်ခုတည်းတွင်သာ အလိပ်လိုက် ရောင်းဝယ်နေခြင်းကြောင့် ဆေးလိပ်၏ဘေးထွက်ဆိုးကျိုးများ ပိုမိုကျယ်ပြန့်လာ ခဲ့သည့်အတွက် ယခုကဲ့သို့ ဆေးလိပ်တစ်လိပ်ချင်း ရောင်းဝယ်နေမှုများကို အရေးယူဆောင်ရွက်သွားခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြား ခဲ့သည်။

ဆေးလိပ်ရောင်းဝယ်နေမှုများကို ထိန်းချုပ်ခြင်းဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ် ခေါင်းဆောင်များအတွက် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်များတွင် ကောင်းမွန်သော အလားအလာကောင်းများ ရရှိလာမည်ဖြစ်ကြောင်း ရန်ကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းကျော်က ၄င်းအမြင်ကို ပြောကြားခဲ့သည်။

“ရောင်းတဲ့သူကတော့ရောင်းမှာပဲ။ ဆေးလိပ်သောက်တာ ထိန်းချုပ်ချင်ရင် အစိုးရရဲ့ဆေးလိပ်ကုမ္ပဏီတွေ လိုင်စင်ချပေးမှု ကို ပြင်သင့်တယ်”ဟု ပန်းဘဲတန်းမြို့နယ်တွင် နိုင်ငံခြားဖြစ် စီးကရက်အမျိုးမျိုးရောင်းချသူ တစ်ဦးက ယင်းကဲ့သို့ ဝေဖန် ပြောကြားခဲ့သည်။

ယင်းသို့ ဆေးလိပ်တိုက်ဖျက်ရေး လုပ်ဆောင်ရာတွင် ဆေးလိပ်တစ်လိပ်ချင်းရောင်းဝယ်နေမှုကို တားဆီးခြင်း၊ အများပိုင် ဧရိယာများတွင် ဆေးလိပ်သောက်ခြင်းကို ထိန်းချုပ်ခြင်း၊ ဆေး၊ ဆေးလိပ်နှင့် ဆေးလိပ်ကြီးသွင်းကုန်ဆိုင်ရာ အခွန်စနစ်၊ ဆေးလိပ် ထုတ်လုပ်သောကုမ္ပဏီများကို အခွန်မြှင့်တင်ခြင်းများ ပြုလုပ်ဆောင်ရွက်မှသာ ထိထိရောက်ရောက် ထိန်းချုပ်ရာ ရောက်မည်ဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာပညာရှင်များက သုံးသပ်ပြောကြားခဲ့သည်။

စက်တင်ဘာလ ၁၃ ရက်နေ့က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရန်ကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းကျော်က ဆေးလိပ်နှင့် ဆေးလိပ်ကြီး ဥပဒေအသက်ဝင်စေရေးကို ပြည်နယ် အစိုးရအား အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တိုက်တွန်းလိုက်ကြောင်း သိရသည်။

၂၀၀၆ ခုနှစ် ဆေးလိပ်နှင့် ဆေးလိပ်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေတွင်  အသက် ၁၈ နှစ် မပြည့်သေးသူများကို ဆေးလိပ်ရောင်းချခြင်း၊ စာသင်ကျောင်းများအနီးတွင် ဆေးလိပ်ရောင်းချခြင်း၊ အခွန်ဆောင်ထားသည့် အမှတ်အသား မပါဝင်သော ဆေးလိပ်များရောင်းချခြင်း၊ အသက် ၁၈ နှစ် မပြည့်သောသူများကို မရောင်းရဟူသည့် သတိပေး စာသား မပါသော ဆေးလိပ်များရောင်းချခြင်းတို့ကို ပထမအကြိမ်ဖမ်းဆီးရမိပါက ငွေဒဏ်ကျပ်တစ်သောင်းမှ ကျပ်သုံးသောင်း အထိအပြစ်ပေးနိုင်ပြီး ဒုတိယအကြိမ်ဖမ်းဆီးရမိပါက ငွေဒဏ်ကျပ်သုံးသောင်းမှ ကျပ်တစ်သိန်းအထိ အပြစ်ပေးအရေး ယူနိုင်ကြောင်း ဖော်ပြချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် ရောင်းချနေသည့် စီးကရက်ဘူးများတွင် အသက် ၁၈ နှစ်မပြည့်သေးသူများ ရောင်းချခြင်းမပြုရ၊ စီးကရက် သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်သည်ဟု ဖော်ပြချက်များပါရှိသော်လည်း ယင်းဖော်ပြချက်များကို ရောင်းချသူနှင့် သုံးစွဲသူများအကြား အလေးအနက်ထားရှိခြင်းမရှိမှုကြောင့် ထိရောက်ခြင်းမရှိသည်ကို လေ့လာတွေ့ရှိ ရသည်။

YC


အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အတည်ပြု ထုတ်ပြန်

မြန်မာနိုင်ငံတွင်းရှိ ဌာနဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများအကြား တွင်ကျယ်လျက်ရှိသော အဂတိလိုက်စားမှုများ ပပျောက်ရေး အတွက် စက်တင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်ပါရှိသော နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၇၃/၂၀၁၃ အရ "အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေသည် ယင်းဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ (ခ)အရ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်မှ စတင်၍ အာဏာတည်သည်ဟု သတ်မှတ်လိုက်သည်" ဟု ပါရှိသည်။

နိုင်ငံတော် သမ္မတရုံးမှ ယခုပြဋ္ဌာန်းလိုက်သော အဂတိလိုက်စားမှု ဥပဒေနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက “အဂတိ လိုက်စားမှု တိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းလိုက်တယ်ဆိုတဲ့အတွက် ကြိုဆိုပါတယ်။ အစိုးရဝန်ထမ်းတွေ အတွက်ကတော့ တချို့ကစိတ်ညစ်ပါမယ်။ တချို့တွေကလည်း တစ်ကယ်ကို အဂတိလိုက်စားမှု မလုပ်တဲ့ ဝန်ထမ်းတွေအတွက်တော့ ထူးဆန်းမှာ မဟုတ်ပါဘူး။ ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီဆိုရင် ဝန်ထမ်းတွေကို လုံလောက်တဲ့ ပံ့ပိုးမှုတွေပေးရမယ်။ ဒါတွေမပေးရင်တော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ဘယ်လောက်ပဲပြဋ္ဌာန်းပြဋ္ဌာန်း အစိုးရဝန်ထမ်းတွေကြားမှာ အဂတိလိုက်စားမှုကတော့ ရှိနေဦးမှာပဲ” ဟု သုံးသပ်ပြောဆိုသည်။

ယခုကဲ့သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို အတည်ပြုလိုက်ပြီဖြစ်သည့်အတွက် နိုင်ငံတကာတွင် အဂတိလိုက်စားမှုများနှင့်ပတ်သက်၍ နာမည်ပျက်လျက်ရှိသည့် မြန်မာနိုင်ငံအနေဖြင့် နာမည်ကောင်း ပြန်လည် ရရှိလာနိုင်သည့်အပြင် အခွင့်အလမ်းကောင်းများလည်း ပေါ်ပေါက်လာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“လာဘ်ပေးလာဘ်ယူဆိုတာ ငွေပေးတာလေးပဲပါမှာကိုး၊ တကယ်တန်းကျတော့ ခန္ဓာကိုယ်ပေးခြင်းပေါ့ ဒီလိုနည်းနဲ့ ယူခြင်းလည်းပါတာကိုး၊ ဒါကြောင့် အဂတိလိုက်စားမှုဥပဒေနဲ့ ပတ်သက်ရင် ဒီအမည်ကိုမှတ်ချက်ပေးခဲ့တဲ့ သမ္မတရဲ့ အမျှော်အမြင်ကို ကျနော်ချီးကျူးပါတယ်၊ သမ္မတကြီးက အခုချိန်မှာ ဒီဥပဒေကို အာဏာတည်မြဲတဲ့အမိန့် ထုတ်ပြန်လိုက်တယ် ဆိုတာကတော့ ကျနော်တို့တိုင်းပြည်အတွက် အကျင့်ပျက်နေတဲ့ တရားသူကြီးတွေ၊ အုပ်ချုပ်ရေး ဝန်ထမ်းတွေ၊ ပြောရရင် ဒီနေ့ ၁၅ဝဝ ဖုန်းကို အလွဲသုံးစားလုပ်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ် ရေးမှူးတွေကို အရေးယူနိုင်တော့မှာဖြစ်တဲ့အတွက် ဒီနေ့ထုတ်ပြန်တာကိုတော့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ကျနော်ကြိုဆိုထောက်ခံပါတယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ပိုင်းတွင် လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးဥပဒေကြမ်းအမည်ဖြင့် လွှတ်တော်တွင်းတင်ပြ ဆွေးနွေးခဲ့ပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအဖြစ်ပြောင်းလဲရန် အကြံပြုခဲ့သည့် အတွက် လွှတ်တော်မှပြန်လည်ပြင်ဆင်ပြောင်းလဲပေးခဲ့ကြောင်း သိရသည်။

 YC


မြန်မာ-ထိုင်း နှစ်နိုင်ငံကြားနယ်စပ်မျဉ်းတိုင်းတာရေး ပူးတွဲဆောင်ရွက်မည်

မြန်မာ-ထိုင်း နှစ်နိုင်ငံအကြားရှိ နယ်စပ်မျဉ်းတိုင်းတာရေးဆွဲရေး လုပ်ငန်းများကို နှစ်နိုင်ငံရှိတာဝန်ရှိသူများမှ ပူးပေါင်း၍ ရေးဆွဲသွားမည်ပာု မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြပါရှိသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံရှိ နယ်စပ်မျဉ်းတိုင်းတာရေးဆွဲရေးလုပ်ငန်းများမှာ နှောင့်နှေးကြန့်ကြာလျက်ရှိသည့်အတွက် ထိုင်းဝန်ကြီးချုပ် ယင်လတ်နှင့် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့သည် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဆွေးနွေး၍ သဘောတူညီခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မြန်မာ-ထိုင်း နှစ်နိုင်ငံတို့မှပူးပေါင်း၍ နှစ်နိုင်ငံနယ်စပ်ဂိတ်များ တိုးချဲ့ဖွင့်လှစ်ရေး၊ နယ်စပ်ကျော်မူးယစ်ဆေး မှောင်ခိုလုပ်ငန်း ချေမှူန်းရေးနှင့် နှစ်နိုင်ငံရေးပိုင်နက်အတွင်း ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆွေးနွေးရာတွင် ထိုင်းဝန်ကြီးချုပ်ယင်လတ်က ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် တည်ဆောက်ရေးစီမံကိန်းကို ပြည်ပရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလာရေးအတွက် နှစ်နိုင်ငံပူးပေါင်းအရှိန်မြှင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ်ပောာင်းနှင့် သက်ဆင်နှင့် ထိုင်းဒု-ကာကွယ်ရေးဝန်ကြီးတို့ နှစ်ဦးပြောဆိုခဲ့ကြသည့် မြန်မာနိုင်ငံအတွင်း တည်ဆောက်လျက်ရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက်သည့်အသံဖိုင် ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

YC


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment