Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


အဖွဲ့အစည်းများအားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ မူဘောင်ရေးဆွဲခြင်းကို နိုဝင်ဘာ (သို့) ဒီဇင်ဘာတွင် ဆောင်ရွက်ရန် ပြင်ဆင်

အစိုးရ၊ တပ်တော်၊ လွှတ်တော်၊ တိုင်းရင်းသား၊ အပစ်ရပ်လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများပါဝင် သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ မူဘောင်ရေးဆွဲခြင်းကို နိုဝင်ဘာ (သို့) ဒီဇင်ဘာလတွင် ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း က ပြောသည်။

စက်တက်ဘာလ ၂၂ ရက်နေ့က တောင်ကြီးမြို့တွင် စတင်ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည် ဆောက်ခြင်း (ရှမ်း၊ ကယား၊ မွန်) ဆွေးနွေးပွဲအခမ်းအနားဖွင့်ပွဲတွင် ဦးအောင်မင်းက “ တစ်ပြည်လုံးအတိုင်း အတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရတာနဲ့ နိုင်ငံရေးဆွေးနွေးမှုအဆင့်ကို တက်လှမ်းရတော့မှာ ဖြစ်ပြီး ကြားကာလမှာ Political Dialogue Framework လို့ခေါ်တဲ့ နိုင်ငံရေးဆွေးနွေးမှုအတွက် လိုအပ်တဲ့ မူဘောင်တွေကို တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အကျေအလည်ညှိနှိုင်းရေးဆွဲသွားရမှာဖြစ်ပါတယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲအတွက် မူဘောင်ရေး ဆွဲခြင်းကို နိုဝင်ဘာ (သို့မဟုတ်) ဒီဇင်ဘာမှာ ဆောင်ရွက်ဖို့ ရှိပါတယ်။ ဒီနေရာမှာလည်း အစိုးရ၊ တပ်တော်၊ လွှတ်တော်၊ တိုင်းရင်းသား၊ အပစ်ရပ်လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများ နဲ့ ညှိနှိုင်းရေးဆွဲနိုင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ၎င်းက ပြောသည်။

တောင်ကြီးမြို့တွင် သုံးရက်ကြာပြုလုပ်မည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောင်ခြင်းဆွေးနွေးပွဲသို့ တိုင်းရင်းသားအဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်းပေါင်း ၄၀ ကျော်တက်ရောက်ခဲ့ပြီး ၁၉၆၁ ခုနှစ်က ပြုလုပ်ခဲ့သော တောင်ကြီးညီလာခံသို့ တက်ရောက်ခဲ့သော ဝါရင့်နိုင်ငံရေးသမားအချို့လည်း တက်ရောက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲဖွင့်ပွဲတွင် ဦးအောင်မင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစပ်အောင်မြတ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး တို့က အဖွင့်မှာစကားပြောကြားခဲ့သည့်အပြင် တိုင်းရင်းသားအဖွဲ့ အစည်းများနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့မှလည်း ဂုဏ်ပြုစကားပြောကြားခြင်း၊ သဝဏ်လွှာပေးပို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ်ကို အောင်တိုဘာလတွက် လက်မှတ်ရေးထိုးရန် ဆန္ဒရှိနေသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အပစ်အခတ်ရပ်စဲ ရေးထက် နိုင်ငံရေးဆွေးနွေးမှု များကို အမြန်ဆုံးလုပ်ဆောင်ရန် တိုက်တွန်းမှုများ ရှိနေကြောင်း သိရသည်။

ထို့အပြင် နေပြည်တော်တွင် ပြုလုပ်မည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် စာချုပ်လက်မှတ်ရေးထိုးပွဲ သို့ တက်ရောက်လက်မှတ်ထိုးမည့်ဟု တရားဝင်ထုတ်ဖော်ပြောကြားထားသည့် တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့မျှမ ရှိသေးဘဲ အများစုမှာ ဆက်လက်ဆွေးနွေးနေရဆဲဖြစ်ကြောင်း သိရသည်။

YC


ဖွဲ့စည်းပုံပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲခြင်းကိစ္စကို NLD နှင့် တိုင်းရင်းသားများ စက်တင်ဘာ ၂၈ ရက်နေ့ ဆွေးနွေးပွဲတွင် ဆုံးဖြတ်မည်

NLD ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီနှင့် တိုင်းရင်းသားကိုယ်စားလှယ်များသည် စက်တင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့ရှိ NLD ရုံးချုပ်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲခြင်းကိစ္စနှင့် ပတ်သက်၍ အပြီးသတ်ဆုံးဖြတ်ချက်ကို စက်တင်ဘာလ ၂၈ ရက်နေ့ တွေ့ဆုံပွဲတွင် ချမှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

NLD ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီနှင့် တိုင်းရင်းသားကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေးအတွက် အပတ်စဉ် စနေနေ့တိုင်း တွေ့ဆုံဆွေးနွေးနေခြင်းဖြစ်ပြီး တောင်ကြီးမြို့တွင် ပြုလုပ်နေသည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောင်ခြင်း ဆွေးနွေးပွဲသို့တက်ရောက်နေသည့် တိုင်းရင်းသားများရှိနေခြင်းကြောင့် စက်တင်ဘာလ ၂၁ ရက်နေ့တွေ့ဆုံပွဲသို့ တိုင်းရင်းသားအဖွဲ့ခြောက်ဖွဲ့သာ တက်ရောက်ခဲ့ခြင်းကြောင့် ဆုံးဖြတ်ချက် မချမှတ်သေးဘဲ ရွေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုကတော့ တစ်ချို့က ပြင်မယ်။ တစ်ချို့ကလည်း အသစ်ဆွဲချင်တယ်ဆိုပြီး ဆွေးနွေးကြတယ်။ တောင်ကြီး ညီလာခံလည်းရှိတော့ တက်တဲ့အဖွဲ့ကလည်း နည်းတယ်လေ။ ၂၈ ရက်ကျရင်တော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်မယ်ဆိုတော့ အဲ့ဒီနေကျမှဘဲ တိကျတဲ့အဖြေပေးနိုင်မယ်လို့ သုံးသပ်ကြတယ်” ဟု အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် မွန်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေတာဝန်ခံ ဦးခင်မောင်ထွေးက ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သတ်၍ သမိုင်းကို ပြန်ကြည့်စေလိုကြောင်းနှင့် ၎င်းတို့အနေဖြင့်မူ ရနိုင်သလောက် ပြင်ဆင်ချင်သည့် သဘောထားကို တင်ပြခဲ့ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကမန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးတင်ငွေက ပြောသည်။

“ကျွန်တော်တို့ကတော့ ၂၀၁၅ မတိုင်ခင်အတွင်းမှာ ပြင်လို့ရသလောက် ပြင်သွားမယ်။ တိုင်းပြည်အပြောင်း အလဲကို ချောချောမွေ့မွေ့နဲ့ သွားဖို့က အကုန်လုံးကို ၁၀၀ ရာခိုင်နှုန်း လိုချင်တယ်ဆိုရင်တော့ ဖြစ်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ရသလောက်ကို ပြင်သွားမယ်ဆိုတဲ့ သဘောထားပေးခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

စက်တင်ဘာလ ၂၁ ရက်နေ့သို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားကိုယ်စားလှယ်များမှာ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်မှ နှစ်ဦး၊ မွန်ဒီမိုကရေစီပါတီမှ သုံးဦး၊ ကမန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တစ်ဦး၊ တအောင်း (ပလောင်) အမျိုးသားပါတီမှ သုံးဦး၊ ချင်းတိုးတက်ရေးပါတီမှ တစ်ဦးနှင့် ကမန် အမျိုးသားတိုးတက် ရေးပါတီမှ နှစ်ဦး တို့ဖြစ်ကြောင်း သိရသည်။

YC


အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ မြန်မာနိုင်ငံ တစ်ဝန်းကျင်းပပြုလုပ်

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်း အမှတ်ပွဲကို ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားများနှင့် နိုင်ငံခြား သံတမန်များ တက်ရောက်ခဲ့ကြသည်။

ယင်းအခမ်းအနားတွင် ဝန်ကြီးဦးအောင်မင်းမှ အဖွင့်အမှာစကားပြောကြားရာ၌ “ဒီနေ့လို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားများကို ရန်ကုန်လိုမြို့ကြီးတွေသာမကဘဲ မြန်မာနိုင်ငံတစ်ဝန်းလုံး တိုင်းရင်းသားပြည်သူ အားလုံးက ကျင်းပကြတာကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ လူ့အဖွဲ့အစည်း ဖြစ်နေပြီ ဆိုတာကို သက်သေထူရာရောက်တဲ့အတွက် လည်း ကျွန်တော့အနေနဲ့ ဝမ်သာမိပါတယ်။ လက်ရှိမှာ ကျွန်တော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ သိမ်မွေ့နက်နဲပြီး စိန်ခေါ်မှုတွေနဲ့ ပြည့်နက်နေပေမယ့် ဒီကနေ့ မြန်မာ့လူငယ်ထုဟာ ပြည်တွင်းငြိမ်း ချမ်းရေးတည်ဆောက်ရာမှာ တက်တက်ကြွကြွနဲ့ စိတ်ဝင်တစား ပါဝင်လှုပ်ရှားနေတာကိုတွေ့ရတော့ ကျွန်တော်တို့ အစပြုခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ လုပ်ငန်းစဉ်များကို ပခုံးပြောင်းတာဝန်ယူမယ့် အင်အားကို ကြည့်ပြီးလည်း ဝမ်းမြောက်မိပါတယ်။ မိမိတို့ နိုင်ငံနဲ့ မိမိတို့ပြည်သူများအတွက် လိုအပ်နေတဲ့ ငြိမ်းချမ်းရေးကို ရဖို့ လူငယ်များအနေနဲ့ မှန်ကန်တဲ့ရည်မှန်းချက်များ၊ ပုဂ္ဂလိက အကျိုးအမြတ်တွေ တစ်စုံတစ်ရာ မပါတဲ့ မွန်မြတ်တဲ့ ရည်မှန်းချက်များနဲ့ အမျိုးသားရေးတာဝန်ကျေပွန်ကြဖို့ ကြိုးပမ်းလုပ် ဆောင်နေတာကို တွေ့ရတဲ့အတွက် လေးစားဂုဏ်ယူမိပါတယ်။ အနာဂါတ်မှာ မြင်တွေ့လာရမယ့် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အဆင့်ဆင့်မှာ လူငယ်ထုအနေနဲ့ ကျရာအခန်းကဏ္ဍကို ဦးစားပေး လှုပ်ရှားဖို့ ဖိတ်ခေါ် တိုက်တွန်း အပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် အခမ်းအနား၏ တတိယအစီအစဉ်အနေဖြင့် နော်ဝေနိုင်ငံမှ ဘုန်းတော်ကြီး Dr.Gunner Stalsett က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့နှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့ပြီး အခမ်းအနားတွင် ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် တစ်မိနစ်ခန့် ငြိမ်သက်ခြင်း၊ ငြိမ်းချမ်းရေး ကဗျာများနှင့် သီချင်းများသီဆိုခဲ့ကာ ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများက ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် ချိုးငှက်များ လွှတ်ခဲ့ကြသည်။

ထို့ပြင် ငြိမ်းချမ်းရေးကို လိုလားသော ပြည်တွင်းမှ အရပ်ဘက် လူ့အဖွဲ့အစည်း ၆၀ ခန့်မှ လူ ၃၀၀ ကျော်တို့ကလည်း “ပြည်ထောင်စုကြီး ငြိမ်ချမ်းပါစေ” “တစ်နိုင်ငံလုံးပြန်လည်သင့်မြတ်” “တစ်နိုင်ငံလုံး စစ်ပွဲရပ်” စသည်ဆောင်ပုဒ်များ ကြွေးကျော်ကာ ငြိမ်းချမ်းရေးချီတက်လမ်းလျှောက်ခြင်းကို တရားဝင်ခွင့်ပြုမိန့်ဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်ရှစ်ခုတွင် ပြုလုပ်ခဲ့သည်။

ယင်းငြိမ်းချမ်းရေး လမ်းလျှောက်ပွဲကို မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့ရှိ ဆူးလေစေတီတော်မှ စတင်လမ်းလျှောက် ခဲ့ကာ ညနေ ၃ နာရီဝန်းကျင်တွင် ပြည်သူ့ရင်ပြင်၌ ငြိမ်းချမ်းရေးလူမှုအဖွဲ့အစည်းအားလုံးမှစုပေါင်း ကျင်းပလျက် ရှိသည့် ငြိမ်းချမ်းရေးပွဲတော်တွင်  အဆုံးသတ်ခဲ့ကြသည်။

လမ်းလျှောက်ပွဲတွင် လူမျိုး၊ ဘာသာမရွေးပါဝင်ခဲ့ပြီး နိုင်ငံခြားသားများလည်းပါဝင်ခဲ့ကာ ရဲတပ်ဖွဲ့အင်အား ၂၀ ကျော်မှ လည်း လမ်းလျှောက်သူတို့၏ လုံခြုံရေးကို လိုက်ပါစောင့်ကြည့်ပေးခဲ့သည့်အပြင် ပြည်သူများမှ သောက်ရေ၊ အအေးနှင့် အစားအသောက်များကျွေးမွေးခြင်း၊ နာရေးကူညီမှုအသင်းမှလည်း သုခကုသိုလ်ဖြစ်ဆေးခန်းမှ အရေးပေါ် လူနာတင်ယာဉ်တစ်စီးဖြင့် ကျန်းမာရေး စောင့်ရှောက့်မှုပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ငြိမ်းချမ်းရေး လမ်းလျှောက်ရာတွင် ပါဝင်ခဲ့သည့် ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်မေစပယ်ဖြူက “ကျွန်မတို့ဆီမှာ အခုထိ မငြိမ်းချမ်းသေးလို့ ဒီနေ့လမ်းပေါ် ရောက်နေတာပေါ့။ စားပွဲပေါ်မှာ ငြိမ်းချမ်းရေး စကားကို ပြောအနေဘဲ လက်တွေ့တကယ်ပဲ ငြိမ်းချမ်အောင် နှစ်ဖက်စလုံးက အမှန်တကယ် ငြိမ်းချမ်းတဲ့ လမ်းကို ဦးတည်ပြီးတော့ သွားနိုင်အောင် ကြိုးစားပေးကြပါလို့ ပြောချင်ပါတယ်။ စစ်ပွဲတွေ ရပ်တာတစ်ခုတည်းကို ငြိမ်းချမ်းရေးလို့ မသတ်မှတ်ပါဘူး။ တရားမျှတမှ ငြိမ်းချမ်းမှု ရမှာပါ” ဟုမှတ်ချက်ပြုသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် အဖွဲ့အစည်းပေါင်း ၆၀ ကျော်မှ ငြိမ်းချမ်းရေးလိုလားသူများ ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် လှုပ်ရှားမှုများအပြင် သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ ကလေးငယ်များအား ပျော်ပွဲရွှင်ပွဲများပြုလုပ်ပေးခြင်း၊ သွေးလှူဒါန်းခြင်း၊ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် တီရှပ်များ ဝေငှခြင်း၊ ကဗျာပြခန်းများ၊ ပန်းချီပြခန်းများ၊ တိုင်းရင်းသား ရိုးရာအကများနှင့် ငြိမ်းချမ်းရေး ဂီတဖျော်ဖြေ တင်ဆက် မှုများ ပြုလုပ်ခဲ့ကြသည်။

 YC


 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment