Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဂျပန်အထက် လွှတ်တော်အမတ်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်၌ လက်ခံတွေ့ဆုံ

အနာဂတ်မြန်မာနိုင်ငံ၌ ဖြစ်လာနိုင်သည့် အခြေအနေများကို သုံးသပ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အကူအညီ များပေးနိုင်ရေးအတွက် လာရောက်လေ့လာသည့် ဂျပန်အထက်လွှတ်တော်အမတ် Ms.Eriko Yamatani ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် စက်တင်ဘာလ ၂၃ ရက် နံနက် ၁၁ နာရီခန့်တွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံရာတွင် ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် တရားဝင်ဖွံ့ဖြိုးမှုအကူအညီအဖြစ် ODA ချေးငွေ အသစ်အဖြစ် ဒေါ်လာ ငါးဘီလီယံအား ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံစဉ်စဉ် နိုင်ငံတော်သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ၌ ဂျပန်နိုင်ငံအပါအဝင် အခြားသော ပြည်ပနိုင်ငံများစွာက ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ကြိုးပမ်းဆောင်ရွက်နေမှု၊ သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်း၊ ရန်ကုန်ရေပေးဝေရေး၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ၊ ရန်ကုန်-နေပြည်တော်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင့်ရေးလုပ်ငန်း၊ တံတားဦးလေဆိပ်၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတို့တွင်  ပူးပေါင်းဆောင်ရွက်လုပ်ကိုင်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး မြန်မာနိုင်ငံသို့ လာရောက်စဉ်ကလည်း မြန်မာ၏ အကြွေး ဒေါ်လာ ၁ ဒသမ ၇၄ ဘီလီယံကို လျှော်ပစ်လိုက်ကာ အကူအညီသစ်များ ထပ်ပေးသွားမည်ဟု ကတိပေးခဲ့သည်။ ထို့အပြင် မြန်မာ၏ အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက်လည်း ဂျပန်နိုင်ငံအနေဖြင့် အကူအညီ အများဆုံးပေးနေသူဖြစ်ကြောင်း သိရသည်။

YC


တောင်ကြီးမြို့တွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲမှ သဘောတူ ညီချက် ၅ ခုထုတ်ပြန်

တောင်ကြီးမြို့တွင် စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့ထိ ကျင်းပခဲ့သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ (ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်) အပြီးတွင် တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး အပါအဝင် ဘုံသဘောတူညီချက် ၅ ခုကို အဆိုပါပွဲဖြစ်မြောက်ရေး ကော်မတီက စက်တင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၂၁ ခုမှ ကိုယ်စားလှယ်များ၊ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့၊ အရပ်ဘက်လူ့အဖွဲ့အစည်း သုံးဖွဲ့နှင့် လာရောက်လေ့လာသူ (Observer) အဖြစ် အဖွဲ့အစည်း ၃၁ ခုတို့မှ သုံရက်အကြာဆွေးနွေးခဲ့ပြီးနောက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ မတရားအသင်းအက် ဥပဒေအပါအဝင် ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီမှု မရှိသည့် ဥပဒေများအားလုံး ရုတ်သိမ်းပေးရေး၊ ပင်လုံစိတ်ဓါတ်ကို အခြေခံသောညီလာခံကြီးတစ်ရပ် ကျင်းပရေး ၊ သာတူညီမျှပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေး စသည့် အချက်များကို ထုတ်ပြန်ကြေငြာခဲ့သည်။

အဆိုပါထုတ်ပြန်ချက်လမ်းစဉ်များအတိုင်း ရှေ့ဆက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ တစ်ဦးဖြစ်သူ ကယန်းပြည်သစ်ပါတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောလွင်က ဆွေးနွေးပွဲ အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှလည်း အဆိုပါ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့သော ဆွေးနွေးချက် စာတမ်းတွင် မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်သည့်နေရာ တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပြင် လူမျိုးရေးနှင့် ဘာသာရေးနယ်ပယ်များတွင် ခွဲခြားဆက်ဆံခံရမှု မရှိရေး၊ စစ်မှန်သည့် အမျိုးသားရေးစိတ်ဓါတ်များဖြင့် တန်းတူညီမျှသည့် ပြည်ထောင်စုဘဝတွင် ပြည့်ဝသော လူ့အခွင့်အရေးနှင့် “ပြည်ထောင်စု နိုင်ငံသားအမျိုးသားရေးစိတ်ဓါတ်”ကို မွေးမြူနိုင်ရေး၊ အသစ်တည်ထောင်မည့် ပြည်ထောင်စုကြီးတွင် လူမျိုးတစ်မျိုးတည်းမှ ကြီးစိုးထားသည်ဆိုသည့် အမြင်များ မရှိစေရေးနှင့် လူမှုနိုင်ငံရေးနယ်ပယ်များအတွင်း နာကျည်းမုန်းတီးမှုများကို အဆုံးသတ်ပြီး  ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံသစ်တည်ဆောက်နိုင်ရေး စသည်တို့ ပါရှိသည်။

YC


ပဲရစ်ကလပ်၏ ကြွေးမြီ ၅၀ ရာခိုင်နှုန်းလျော့ချရန် SME ကဏ္ဍစောင့်ကြည့်ခံနေရဟုဆို

မြန်မာနိုင်ငံမှ Paris Club အဖွဲ့ဝင်နိုင်ငံများထံမှ ချေးယူထားသော ကြွေးမြီများ၏ ၅၀ ရာခိုင်နှုန်း လျှော်ပစ်နိုင်ရေး အတွက်မြန်မာနိုင်ငံ၏ SME (အသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်းများ) ကဏ္ဍ တည်ငြိမ်မှုရှိမရှိ စောင့်ကြည့်ခံနေရဆဲဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦး ဝင်းရှိန်က ပြောသည်။

“ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံတွေဆီက ယူထားတဲ့ကြွေးပြီ ရှင်းလင်းရေးအတွက် မေလ ၂၄ ရက်က ပဲရစ်ကလပ် အစည်းအဝေးမှာ ညှိနှိုင်းတော့ အကြွေးအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကို cancel လုပ်ပေးမယ်၊ နောက် ၅၀ ရာခိုင်နှုန်းကို တော့ rescheduling အနေနဲ့သွားဖို့ ရှင်းလင်းခဲ့တယ်၊ ၅၀ ရာခိုင်နှုန်းကြွေးလျှော်ရေး ကိစ္စကတော့ IMF က SME ပရိုဂရမ်ကို နှစ်နှစ်စောင့်ကြည့်ခံရမဲ့ အတိုင်းအတာမှာ ရှိတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦး ဝင်းရှိန်က နေပြည်တော် စက်မှုဝန်ကြီးဌာနတွင် ကျင်းပသည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ၁၉၉၈ ခုနှစ်မတိုင်မီက ပဲရစ်ကလပ် အဖွဲ့ထံမှ ချေးယူခဲ့သော ကြွေးမြီများကို ဖြေရှင်းရန် ကြိုးစားနေခြင်းဖြစ်ပြီး ၁၉၉၇၊ ၁၉၉၈ ခုနှစ်များတွင် ကြွေးမြီများကို ပြန်ဆပ်ခဲ့သော်လည်း ၁၉၉၉ နောက်ပိုင်းတွင် ပြန်လည် ပေးဆပ်ခြင်းမရှိသောကြောင့် နောက်ကျကြေးများနှင့် အတိုးများ တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အစိုးရသစ်တက်လာပြီးနောက်ပိုင်း နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြန်ဆက်ဆံရတယ်။ အရင်ရှိပြီးသား နိုင်ငံတကာ မှာတင်ရှိနေတဲ့ ကြွေးမြီတွေ ရှင်းလင်းမှ နောက်တစ်ဆင့် သွားလို့ရမှာ၊ ပြီးတော့ နောက်ထပ် ထပ်ချေးငွေသစ်တွေ၊ အထောက်အပံ့တွေ၊ သက်သာတဲ့ ချေးငွေတွေရမှာ” ဟု၎င်းက ပြောသည်။

ကြွေးမြီရှင်းလင်းရေးကိစ္စကို ဆောင်ရွက်ရာတွင် အပိုင်းသုံးပိုင်း ခွဲ၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ပထမအပိုင်းတွင် ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံဖြစ်သော ဂျပန်နိုင်ငံ၏ ကြွေးမြီ ရှင်းလင်းရေးကိစ္စကို ဆောင်ရွက်ခဲ့ပြီး ဒုတိယပိုင်းတွင် ကမ္ဘာ့ဘဏ်နှင့် ADB ဘဏ်တို့၏ ကြွေးမြီရှင်းလင်းရေး ကိုဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ တတိယပိုင်းတွင် ပဲရစ်ကလပ်အဖွဲ့ ဝင်နိုင်ငံများ၏ ကြွေးမြီကိစ္စကို ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပုံမှန်အတိုင်း ကြွေးရှင်းတာက သုံးနည်းရှိတာ၊ ဒါပေမဲ့ ကမ္ဘာ့ဘဏ်နဲ့ ရှင်းတာက လေးနည်းနဲ့ပါ၊ အဲဒီလေးနည်းထဲက ကမ္ဘာ့ဘဏ်က သတ်မှတ်ထားတဲ့ အချက်တွေရယ်၊ ဘယ်နည်းလမ်းသုံးတာ အကောင်းဆုံးဖြစ်မယ်ဆိုတဲ့ ထဲက ပေါင်းကူးချေးငွေယူပြီးဖြေရှင်းတဲ့ နည်းကိုယူခဲ့တယ်၊ ဂျပန်က ကမ္ဘာဘဏ်ကို ဆပ်ရမဲ့ငွေကို တစ်ရက်ချေးပေးမယ်၊ အဲ့ဒီငွေကိုဘဲ ကမ္ဘာ့ဘဏ်က ကြွေးသစ်အနေနဲ့ ပြန်ထုတ်ချေးမယ်၊ ဂျပန်ကို ပေါင်းကူးချေးငွေရရင် ပြန်ဆပ်ပြီး တစ်ရက်စာ အတိုး ဂျပန်ကို ပေးရမယ်၊ ဒါတွေကို လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ပါတယ်” ဟု စက်တင်ဘာလ ၂၀ ရက်နေ့ တွင် ဦးဝင်းရှိန်က ပြောကြားခဲ့သည်။

လက်ရှိတွင် ပဲရစ်ကလပ်အဖွဲ့ဝင် နိုင်ငံတွေဖြစ်သော ဂျပန်၊ ဒိန်းမတ်၊ ဂျာမနီ၊ ကနေဒါ၊ ဖင်လန်၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ နော်ဝေ၊ သြစတေးလျနှင့် အင်္ဂလန်တို့ထံမှ ၁၉၈၈ မတိုင်မီရယူထားသော ကြွေးမြီများကို တတိယအဆင့်အနေဖြင့် ဖြေရှင်းခဲ့ပြီး ဂျပန်ကို သီးသန့်ဖြေရှင်းခဲ့ကာ ကျန်နိုင်ငံများနှင့် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment