Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


အစိုးရနှင့် KIO အပစ်အခတ်ရပ်စဲရေး သုံးရက်ကြာ ဆွေးနွေးမည်

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် KIO ငြိမ်းချမ်းရေးကော်မတီတို့သည် ပြည်ထောင်စု အဆင့်အပစ်အခတ်ရပ်စဲရေးအတွက်အောက်တိုဘာလ၈ရက်နေ့မှစတင်ကာသုံးရက်ကြာဆွေးနွေးမည်ဖြစ်ကြောင်းမြန်မာ ငြိမ်းချမ်းရေးစင်တာ၏ အကြီးတန်းအကြံပေးဖြစ်သူ ဦးလှမောင်ရွှေက ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲကို မြစ်ကြီးနားမြို့မနောကွင်းရှိ မဂျွယ်ခန်းမတွင် ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးမည့် အကြောင်း အရာများကို စက်တင်ဘာလ ၂၈ ရက်နေ့ နှင့် ၂၉ ရက်နေ့တို့တွင် ညှိနှိုင်းမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ အစိုးရဘက်က အပစ်အခတ်ရပ်စဲနိုင်ဖို့ကို အဓိကထားဆွေးနွေးသွားမယ်” ဟု ၎င်းကပြောသည်။

အစိုးရအနေဖြင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် စသဖြင့် အဆင့်ဆင့် ညှိနှိုင်းသဘောတူခဲ့ကြသော်လည်း KIO နှင့်မူ ပြည်ထောင်စုအဆင့်သို့ တိုက်ရိုက်ဆွေးနွေးရန် ပြင်ဆင်လိုက် ခြင်းဖြစ်သည်။

“ခိုင်မာတဲ့ နိုင်ငံရေးအဖြေရဖို့ ကျွန်တော်တို့ နှစ်ဖက်စလုံး ကြိုးစားနေပါတယ်”ဟု KIO ငြိမ်းချမ်းရေးအလုပ်အဖွဲ့မှ ဆရာဒေါင်းခါးက ပြောသည်။

အစိုးရနှင့် KIO တို့သည် ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်တွင် မြစ်ကြီးနားမြို့ မနောကွင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အပြုသဘောဆောင်သော အချက်ခုနှစ်ချက်ကို သဘောတူညီနိုင်ခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို လက်မှတ်ရေးထိုးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအနေဖြင့်လည်း စက်တင်ဘာလ ၂၈ ရက်နေ့ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကရင်အမျိုးသားအစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ၊ ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် DKBA နှင့် KNU/KNLA တို့နှင့် တွေ့ဆုံကာ နိုင်ငံရေးဆွေးနွေးပွဲစတင်နိုင်ရန်အတွက် အကြိုလုပ်ငန်း စဉ်များကို ဆွေးနွေးမည်ဖြစ် ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း လက်နက်ကိုင်တပ်ဖွဲ့အားလုံးနှင့် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် ရည်ရွယ်ထားပြီး နိုဝင်ဘာလအတွင်းတွင် နိုင်ငံရေးဆွေးနွေးပွဲများ စတင်မည်ဖြစ်ကာ ၂၀၁၄ ခုနှစ်အတွင်း တိုင်းရင်းသားများအားလုံးပါဝင်သော ညီလာခံတစ်ရက်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက စက်တင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

YC


 

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်အား ရာထူးသက်တမ်းထပ်မံတိုးမည်မဟုတ်

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ မစ္စတာကင်တားနားအား၏ ရာထူး သက်တမ်း ကို ထပ်မံတိုးမြှင့်ပေးတော့မည်ဘဲ လက်ရှိထမ်းဆောင်လျက်ရှိသော မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးအစီရင်ခံစာ တင်သွင်းသည့် တာဝန်မှရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း  စက်တင်ဘာ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သော ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အစည်းအဝေးတစ်ခုတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

''သူ့ကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူအဖြစ် တာဝန်သက်တမ်းကို ထပ်မံတိုး မပေးတော့တာလို့ သိရပါတယ်။ သူ့နေရာမှာ အသစ်တစ်ဦး ခန့်ထားရမှာဖြစ် ပါတယ်''ဟု နိုင်ငံ တော်သမ္မတ ရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

မစ္စတာကင်တားနားမှာ ၎င်း၏မြန်မာနိုင်ငံသို့ နောက်ဆုံးဆယ်ရက်ကြာလာရောက်သော ဩဂုတ်လ ခရီးစဉ်အတွင်း မိတ္ထီလာမြို့သို့ရောက်ရှိစဉ် ဒေသခံများက သူ၏လမ်းကြောင်းအား ပိတ်ဆို့ကာ ၎င်းလိုက်ပါစီးနင်းလာသောကား အား ဝိုင်းဝန်းထုနှက်ခဲ့ကြကြောင်း ဩဂုတ်လ ၂၁ ရက်နေ့၌် ရန်ကုန်လေဆိပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးရဲထွဋ် က ၎င်း၏ပြောကြားချက်သည် မှန်ကန်မှုမရှိကြောင်းနှင့် ပြည်သူများက ၎င်းအား အေးချမ်းစွာဆန္ဒပြရန်ရောက်ရှိနေခြင်းသာဖြစ်ကြောင်း၊ ၎င်းလိုက်ပါစီး နင်းလာသောကားအား ပြည်သူ များက ဝိုင်းဝန်းကန်ကျောက်သည် ဆိုသည်မှာလည်း မဟုတ်မှန်ကြောင်း ပြန် လည်ရှင်းလင်းခဲ့သည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအင် အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ''အရင် စစ်အစိုးရလက် ထက်ကတည်းက သူလာခဲ့တယ်။ အကျဉ်းထောင်တွေ ထဲဝင်ကြည့် တယ်။ တွေ့တယ်၊ ဆုံတယ်၊ ပြန် သွားတယ် စတာတွေလုပ်ခဲ့တယ်။ ဒါပေမဲ့ သူလုပ်ကိုင်တာတွေနဲ့ ပတ်သက်လို့ စစ်အစိုးရက အရေး တယူလုပ်ခဲ့တာ မရှိဘူး။ ကင်တားနားကြောင့်လဲ ကျွန်တော်တို့ ထောင်ထဲက လွတ်ခဲ့တာမဟုတ်ပါဘူး။ အခုချိန်ကျတော့ လူ့အဖွဲ့အစည်းဟာ ပွင့်လင်းလာပြီဆို တဲ့အချိန်မှာ ကင်တားနား အနေ နဲ့တော့ မြန်မာနိုင်ငံ နောက်ဆုံး ခရီးစဉ်မှာ ဘုန်းတော်ကြီးတွေကို မရိုမသေလုပ်တယ်၊ ဘက်လိုက် မှုတွေရှိ တယ်ဆိုပြီးတော့ သူ့ကို ပြောဆိုကြတာတွေရှိတော့ ကုလ သမဂ္ဂအနေနဲ့ စဉ်းစားမယ်ထင် တယ်။ နောက် သူ့ရဲ့သက်တမ်း ကုန်တာလဲ ဖြစ်နိုင်ပါတယ်''ဟု မှတ်ချက်ပြုသည်။

YC


နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အမေရိကန် သမ္မတဟောင်းဦးဆောင် သောကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အတွေ့အကြုံ၊ အကြံဥာဏ်များ မျှဝေပေး နိုင်ရန် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် အမေရိကန်သမ္မတဟောင်း နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဂျင်မီကာတာ ဦးဆောင်သော ကမ္ဘာ့ခေါင်းဆောင်ဟောင်းများအဖွဲ့(The Elders)  အဖွဲ့ဝင်များအား စက်တင်ဘာလ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်ရှိ ဧည်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတက ကမ္ဘာ့ခေါင်းဆောင်ဟောင်းများအဖွဲ့(The Elders)အနေဖြင့် ယခုကဲ့သို့ ကမ္ဘာ့လူသားများ၏ အကျိုးကို ကူညီဆောင်ရွက်ပေးနေသည့်အပေါ်ကို များစွာဝမ်းမြောက်ဂုဏ်ပြုပါကြောင်းနှင့် နိုင်ငံအတွင်း လက်နက်ကိုင်တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရာတွင် အောင်မြင်မှုများရှိသလို အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတစ်ဝှမ်းလုံးနီးပါး သေနတ်သံများချုပ်ငြိမ်းသွားပြီး နယ်စပ်ဒေသ အများအပြားတွင် ငြိမ်းချမ်းရေးအသီးအပွင့်များကို ခံစားနေရပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်အား လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်အခါတွင် အပစ်အခတ်ရပ်စဲထားသော်လည်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရန် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပရန်ကျန်ရှိနေသေးကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွဲခြင်းဆိုင်ရာများ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအား ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ စေတနာရှင်များနှင့်ပူးပေါင်း၍ ပညာရေး၊ ကျန်းမာရေး၊ ကလေးသူငယ်စောင့်ရှောက်ရေး၊ နေထိုင်စားသောက်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူမျိုးစုနှစ်ခု အကြား အတူတကွယှဉ်တွဲနေထိုင်နိုင်ရေး၊ ထာဝရရင်ကြားစေ့ရေးတို့အတွက် ဖြေရှင်းဆောင်ရွက်နေမှုများ၊ ၂၀၁၃ ခုနှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသားများ မကျန်ရှိရအောင် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကူးပြောင်းရေးလုပ်ငန်းစဉ်များကို ကူညီရန်အတွက် အဆိုပါကိုယ်စားလှယ် အဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၅ ရက်နေ့ နနက် ၁၁ နာရီခန့်တွင် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ  The Strand Hotel ၌   (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နှင့် ၄၅ မိနစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် လွှတ်တော်ရေးရာဆောင် I.1 ၌ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအားတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းရေးတွင် ပါဝင်ဆောင်ရွက်ရေး၊ လူ့အခွင့်အရေးဆိုင်ရာနှင့် လွှတ်တော်ဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment