Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရာတွင် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လွှတ်တော်ဘက်မှ တာဝန်ရှိသူများ တက်ရောက်ရန် ဖိတ်ကြားမည်

မြန်မာနိုင်ငံရှိ ပြည်တွင်းလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၁၆ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရာတွင် နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် လွှတ်တော်ဘက်မှ တာဝန်ရှိသူများကို တက်ရောက်ရန် ဖိတ်ကြားကာ ၎င်းတို့ကို သက်သေပြု၍ လက်မှတ်ရေးထိုးမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက စက်တင်ဘာလ ၂၉ ရက်နေ့ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တွင်ပြုလုပ်ခဲ့သော အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးများနှင့် နိုင်ငံရေးပါတီ ၃၇ ခုတို့ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက "အဓိက ကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာတွေကို ဆွေးနွေးတာပါ။ လာမယ့်လမှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လုပ်မယ်။ သမ္မတကြီးရယ်၊ ကာကွယ်ရေး ဦးစီးချုပ်လည်း တက်မယ်။ လွှတ်တော်ဘက်ကလည်း တက်မယ်။ နိုင်ငံရေး ပါတီတွေလည်း ပါမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။ အဲဒါပြီးသွားရင် နိုင်ငံရေး ဆွေးနွေးပွဲကို ၂၀၁၄ ဧပြီမှာ လုပ်မယ်လို့ ပြောတယ်" ဟု ပြောကြားသည်။

ထိုသို့တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပါက နိုင်ငံရေး ဆွေးနွေးပွဲ (Political Dialogue) ကိုစတင်နိုင်မည်ဖြစ်ကြောင်း ဦးအောင်မင်းက ဆိုသည်။

ထို့ပြင်ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က “နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးတဲ့အခါ နိုင်ငံရေးပါတီတွေ အားလုံးပါရမယ်။ ပြီးရင် တောက်လျှောက် Political Dialogue မှာ ပါသွားရမယ်” ဟု ၎င်း၏ အမြင်ကို ပြောကြားသည်။

အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့တွင် အဖွဲ့ တစ်ဆယ့်လေးဖွဲ့နှင့် သဘောတူညီမှု ရယူထားပြီး ကျန်ရှိနေသည့် KIO/KIA နှင့် TNLA အဖွဲ့တို့ကို ယခုလအတွင်း တွေ့ဆုံ သဘောတူညီချက်ရရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ၎င်းကထပ် လောင်းပြောကြားသည်။

ယခု တွေ့ဆုံမှုသည် လာမည့်မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် နိုင်ငံရေးပါတီများ ပါဝင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ပါတီများ၏ အကြံဥာဏ် ရယူရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကာ  ဆွေးနွေးပွဲသို့ အစိုးရအဖွဲ့မှ ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးအုန်းမြင့်၊ ဦးသန်းဌေး စသည်တို့ တက်ရောက်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် တိုင်းရင်းသားပါတီများမှ ပါတီခေါင်းဆောင်များ အပါအဝင် ပါတီ ၃၇ ခုမှ ပါတီခေါင်းဆောင် ၆၈ ဦး တက်ရောက်ခဲ့ကြောင်း Myanmar Peace Center မှ သိရသည်။

 YC


အမျိုးသား ရင်ကြားစေ့ရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး တို့တွင် တပ်မတော် အနေဖြင့် ပါဝင်လာရန် ဒေါ်အောင်ဆန်းစုကြည် အပြည့်အဝ မျှော်လင့်

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ရာတွင် တပ်မတော်အား ပူးပေါင်းပါဝင်လာရန် မျှော်လင့်ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့ အမျိုးသား ဒီမိုကရေစီချုပ် ရုံး၌ ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သက်၍ တိုင်းရင်းသားပါတီ များနှင့် တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း  စုကြည်က ပြောကြားသွားခဲ့ကြောင်း သိရှိရသည်။

တပ်မတော် ပါဝင်လာရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး နဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် စစ်တပ် ပါဝင်လာဖို့ ၁ဝဝ ရာခိုင်နှုန်း မျှော်လင့်ထားပါတယ်” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အနေဖြင့် အမျိုးသား ရင်ကြားစေ့ရေး နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးတို့တွင် စစ်တပ်မှ ပါဝင်လာပါက မိမိတို့ တိုင်းရင်းသားအားလုံးက လက်ကမ်း ကြိုဆိုမည်ဟု ထင်ကြောင်း၊ မကြိုဆိုနိုင်စရာ မရှိကြောင်း၊ နိုင်ငံသူ နိုင်ငံသားအားလုံးက ကြိုဆိုမည်သာ ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

“အမျိုးသား ရင်ကြားစေ့ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် စစ်တပ်က ပါဝင်လာမယ်၊ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင် ကျွန်မတို့ တိုင်းရင်းသားတွေက အားလုံး ကြိုဆိုမယ်လို့ ထင်ပါတယ်။ မကြိုဆို စရာ အကြောင်း ဘာရှိလဲ။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားအားလုံးက ကြိုဆိုမှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

အထက်ပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်ကလည်း “ဒီနေ့ မြန်မာ့နိုင်ငံရေး လောကမှာ တပ်မတော်က ဘာပဲဖြစ်ဖြစ် ပါဝင်နေတဲ့ အနေအထားမှာ ရှိတယ်။ ဖွဲ့စည်းပုံ အရလည်းပဲ ပါဝင်နေတာဟာ ဒီဘက်ခေတ်မှာ ရှိနေတော့ တစ်မျိုးသားလုံး ပြန်လည်သင့်မြတ်ရေး တည် ဆောက်တဲ့နေရာမှာ တပ်မတော် ပါဝင်လာမှုကို ကျွန်တော်တို့က လိုလားပါတယ်”ဟု ပြောကြားသည်။

ဆက်လက်၍ တပ်မတော်သည် ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်သည့်နေရာတွင် မူလတာဝန် ဖြစ်သည့် ကာကွယ်ရေးတာဝန်ကိုသာ ယူရမည်ဖြစ်ကြောင်း၊ သို့သော်လည်း တပ်မတော်သည် ယခုအချိန်၌ လွှတ်တော် တွင် သာမက အစိုးရအဖွဲ့များတွင်ပါ အတိုင်းအတာ တစ်ခုထိ ပါဝင်နေကြောင်း၊ ယခုကဲ့သို့ ပါဝင်နေမှုများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲသည်နှင့် တစ်ပြိုင်နက် ပြောင်းလဲရမည် ဖြစ်သည့်အတွက် ပြုပြင် ပြောင်းလဲရန် တပ်မတော်လည်း ပါဝင်လာရန် လိုအပ်ကြောင်း ဦးအေးသာအောင်က သုံးသပ်ပြောကြားသည်။

ယခုလက်ရှိတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင် ရန် (သို့မဟုတ်) အသစ် ပြန်လည်ရေးဆွဲရန်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ကျေးရွာများအထိ ဆင်းကာ ပြည်သူ့ဆန္ဒ သဘောထားများကို ကောက်ယူသွားမည်ဖြစ်ပြီး လာမည့် ဒီဇင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၂၈ ရက် ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တိုင်းရင်းသားပါတီ ၁၃ ပါတီနှင့် အစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားသွားချက်အရ သိရှိရသည်။

 YC


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment