Transparency Myanmar

transparency.myanmar@gmail.com

Current News (2)
Document

Snapshot of the item below:
Current News (2)

 

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ် (၂)

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ခေါင်းဆောင်များနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပထမအကြိမ် တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ရခိုင်မြို့နယ် ၁၇ မြို့နယ်မှ ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၃၀ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဗဟိုဌာန (IBC) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်တွင် တိုင်းရင်းသားအများစုသည် လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ကြပြီး ဆင်းရဲမွဲတေမှုများ ကြုံတွေ့နေသည့်အတွက် သက်သာလျော့နည်းအောင်  တောင်သူလယ်သမား အခွင့်အရေးအကျိုးစီးပွားမြှင့်တင်ရေးကော်မတီမှ ဆောင်ရွက်နေသည်ဟု သူရဦးရွှေမန်းက ရှင်းပြပြောကြားခဲ့သည်။

“လွှတ်တော်နားချိန်မှာ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို သွားရောက်ပြီး ပြည်သူတွေရဲ အသံကို နားထောင်ခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ရခိုင်ပြည်နယ်ကို မသွားဖြစ်ခဲ့ဘူး။ ဒီနေ့ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရခိုင်လူထုရဲ့ တင်ပြချက်တွေက ရခိုင်ပြည်နယ်အတွက်သာမက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အရေးကြီးတာမို့ Master Plan ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက်ဆောင်ရွက်သွားပါမယ်”ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံပွဲတွင် ရခိုင်တိုင်းရင်းသားများဘက်မှ ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ လျှပ်စစ်မီးစသည့် နိမ့်ကျနေသည့်အခြေအနေများ၊ ဘင်္ဂါလီများနှင့် လက်ရှိအခြေအနေများ၊ ဝှိုက်ကတ်ကိစ္စများ၊ လူဦးရေထိန်းချုပ်ရေးဆိုင်ရာများ၊ တရားမဝင်ခိုးဝင်လာမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး  သူရဦးရွှေမန်းက အဆိုပါကိစ္စများကို ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်တင်ပြသွားမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရနှင့် နိုင်ငံတော်သမ္မတထံသို့လည်း တစ်ပြိုင်နက် တင်ပြသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရခိုင်တိုင်းရင်းသားများသည် ဒေသ၏ ထူးခြားသော ပထဝီနိုင်ငံရေးအနေအထားအရ နယ်မြေပိုင်ဆိုင်မှုနှင့် ရိုးရာယဉ်ကျေးမှုထုံးစံများ မပျောက်ကွယ်ရန် ခက်ခဲစွာကာကွယ်နေမှုများကိုလည်း တစ်နိုင်ငံလုံးက အလေးထားရမည်ဟု  ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်မင်းအောင်က ရခိုင်လူမျိုးများအနေဖြင့် နိုင်ငံတော်အစိုးရကို ယုံကြည်ပေးဖို့ တိုက်တွန်းကာနိုင်ငံတော်အစိုးရကလည်း အနောက်တံခါးလုံခြုံရေးနှင့် ရခိုင်လူမျိုးများကိုကာကွယ်စောင့်ရှောက်ပေးဖို့ အချိန်ကျရောက်ပြီဖြစ်ကြောင်း  တိုက်တွန်းပြောကြားခဲ့သည်။

ထိုဆွေးနွေးပွဲသို့ ပြည်သူလွှတ်တော်ကိုယ်စားလှယ်များ၊ ရေးရာကော်မတီဝင်များ၊ ရပ်မိရပ်ဖိများနှင့် ဖိတ်ကြားထားသူများ၊ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးမင်းကိုနိုင်နှင့် ရခိုင်လူထု ၅၀၀၀ ကျော် တက်ရောက်လာခဲ့ကြသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment