Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

နိုင်ငံရေး/ စီးပွားရေး သတင်းစဉ်


ပြန်ကြားရေးဝန်ကြီးဌာနမှ ရုပ်မြင်သံကြားနှင့် အသံလွှင့်ဥပဒေ(မူကြမ်း)ကို လွှတ်တော်သို့တင်မည်

ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲထားသော ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းအား အောက်တိုဘာလ ၁ ရက်က စတင်ကျင်းပမည့် အဋ္ဌမပုံမှန် ပြည်ထောင်စုလွှတ်တော်အစည်းဝေးတွင် တင်သွင်းပြီး  ၂၀၁၄ ခုနှစ်တွင် အတည်ပြုအကောင်အထည်ဖော်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ တင်သွင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက စက်တင်ဘာလ ၃၀ ရက်က ကမ္ဘာအေးစေတီလမ်းရှိ အင်းလျားလိတ်ဟိုတယ်၌ ပြုလုပ်သော ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင်ခြင်းဆိုင်ရာ(မူကြမ်း) အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

“ဒီဥပဒေကြမ်းအရဆိုရင်တော့ မီဒီယာရုပ်သံထဲမှာ ဖွံ့ဖြိုးတိုးတက်လာဖို့ကို ပြဋ္ဌာန်းထားပါတယ်။ ပြီးတော့ ရုပ်မြင်သံကြားက မီဒီယာတွေက ဘာတွေဘယ်လိုတွေ လုပ်ငန်းတာဝန်တွေ လုပ်သင့်တယ်ဆိုတာလည်း ပါလာပါမယ်။ အဲ့ဒါတွေကို ပြဋ္ဌာန်းထားလို့ ဒီဥပဒေပေါ်လာပြီးရင်တော့ မြန်မာနိုင်ငံရဲ့ ရုပ်သံလုပ်ငန်းဆိုင်ရာ အသိုင်းအဝိုင်းက ချက်ချင်းကို ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်လို့ ယူဆပါတယ်”ဟု  ၄င်းက ပြောဆိုခဲ့သည်။

ယင်းဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍကျွမ်းကျင်သည့် UNESCO, IMF   နှင့် အခြားသော နိုင်ငံတကာရုပ်သံလွှင်မီဒီယာဥပဒေဆိုင်ရာ ကျွမ်းကျင်သူများ၏ အကူအညီနှင့် အကြုံပြုချက်များ ရယူကာ ပူးပေါင်းရေးဆွဲထားခြင်းဖြစ်သည်။

အဆိုပါအသစ်ရေးဆွဲသည့်ဥပဒေမူကြမ်းအား ၂၀၀၅ ခုနှစ်မှ စတင်ကာ စင်ကာပူရုပ်သံလွှင့်ခြင်းဥပဒေကို ပထမ အခြေခံရယူခဲ့ပြီး ထပ်မံ၍ အင်ဒိုနီးရှားနိုင်ငံ၏ ဥပဒေကိုလည်း မှီငြမ်းကာ လိုအပ်ချက်များကို ပြင်ဆင်ထည့်သွင်း ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရုပ်မြင်သံကြား၊ ရေဒီယိုစသော အသံလွှင့်မီဒီယာနှင့် ပတ်သက်သည့် သီးခြားဥပဒေများ မရှိဘဲ ၁၉၉၆ ခုနှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကော်မတီမှ ရေးဆွဲထားသည့် ရုပ်မြင်သံကြားနှင့် ဗွီဒီယိုဥပဒေ တစ်ခုသာ ပြဋ္ဌာန်းထားကြောင်း သိရသည်။

ထိုဥပဒေအခန်း(၉) ပုဒ်မ(၃၁)တွင် ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ လုပ်ငန်းများပြုလုပ်လိုပါက နိုင်ငံတော်အစိုးရ အား တင်ပြရမည်ဖြစ်ပြီး တင်ပြမှုမရှိဘဲ ဆောင်ရွက်ခဲ့လျှင် ထောင်ဒဏ်နှင့် ငွေဒဏ်ပေးဆောင်ရန် ဥပဒေချမှတ်ထား ကြောင်း သိရသည်။

“အခုသူတို့ဆွဲထားတဲ့ ဥပဒေမှာလည်း လိုအပ်ချက်တွေရှိနေသေးတယ်။ နောက်လွှတ်တော်ကို တင်ရင်တော့ ဘယ်သူတွေနဲ့ ဘယ်လိုတွေ ဆက်လုပ်မလဲဆိုတာ ရှိသေးတယ်။ တကယ့်ယုံကြည်မှုရှိရှိနဲ့ ဥပဒေကို အလုပ်ဆက်လုပ်မယ်ဆိုရင်တော့ မပြောတတ်ဘူး”ဟု ရန်ကုန်မီဒီယာဂရုမှ အယ်ဒီတာတစ်ဦးဖြစ်သူ ဦးဗညားဦးက ၄င်းအမြင်ကို ပြောဆိုခဲ့သည်။

ရုပ်မြင်သံကြားနှင့် အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းအတွက်  ပြန်ကြားရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ရုပ်သံလွှင့် လုပ်ငန်းရှင်များအသင်း၊ ကွန်ပြူတာ ပညာရှင်များအသင်း၊ ကာကွယ်ရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူ အဖွဲ့ဝင် ကိုးဦးဖြင့် ဗဟိုကော်မတီတစ်ရပ်ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ရုပ်သံမီဒီယာ လုပ်ဆောင်နေသော ရွှေသံလွင် (Sky Net) မီဒီယာနှင့် Forever-(MRTV-4)  ကုမ္ဂဏီနှစ်ခုသာရှိကြောင်း သိရသည်။

YC


မြန်မာ နှင့် ဂျပန်တို့ ပူးပေါင်း၍ Myanmar Japan Rice Industry Co.,Ltd ဆန်ကုမ္ပဏီ ဖွဲ့စည်း

မြန်မာ့ နိုင်ငံ၏ ဆန်စပါးကဏ္ဍတွင် တစ်ခုတည်းသော အများပိုင် ကုမ္ပဏီဖြစ်သည့် မြန်မာ့ လယ်ယာစီးပွားရေး အများပိုင် ကုမ္ပဏီ (Myanmar Agribusiness Public Corporation – MAPCO) နှင့် ဂျပန်နိုင်ငံ မစ်ဆူရီ (Mitsui & Co., Ltd.) တို့ ပူးပေါင်း၍ Myanmar Japan Rice Industry Co.,Ltd ကို စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း မြန်မာ့လယ်ယာစီးပွား အများပိုင်ကုမ္ပဏီ (MAPCO) ဥက္ကဋ္ဌ ဦးချစ်ခိုင်၏ ပြောကြားချက်အရ သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် စက်တင် ဘာလ ၃ဝ ရက်နေ့က ပြုလုပ်သော MJRI တရားဝင်ဖွဲ့စည်းသည့် အထိမ်းအမှတ် အခမ်းအနားတွင် ၎င်းက ပြောကြား သွားခဲ့ခြင်းဖြစ်သည်။

ယခုတည်ထောင်သည့် ဆန်စပါး ကုမ္ပဏီကို မြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ MACPO က ၅၁ ရာခိုင်နှုန်း နှင့် မစ်ဆူရီ ကုမ္ပဏီက ၄၉ ရာခိုင်နှုန်းဖြင့် ပူးပေါင်းကာ ရင်းနှီးမြှုပ်နှံ တည်ထောင်ခြင်း ဖြစ်ပြီး အဆိုပါ ကုမ္ပဏီ (MJRI) သည် မြန်မာနိုင်ငံတွင် ဆန်စက် ၊ ပေါင်းဆန်စက် နှင့် ဆန်ထွက်ပစ္စည်းများ ဖြစ်သော ဆန်ကွဲ ၊ ဖွဲနု ၊ ဖွဲနုဆီ ၊ ခေါက်ဆွဲ နှင့် ဆန်မှုန့်တို့ကို ထုတ်လုပ်နိုင်သည့် စက်ရုံများကို နေရာလေးနေရာတွင် တည်ဆောက်ရန် စီစဉ်ထားကာ ကနဦး ရင်းနှီးမြှုပ်နှံမှုပမာဏအဖြစ် အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ခန့် ထည့်ဝင်သွားမည်ဖြစ်ကြောင်း MAPCO တာဝန်ရှိသူများ ထံမှ သိရှိရသည်။

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် ဂျပန်အနေဖြင့် မြန်မာနိုင်ငံမှ ဆန်ကို ဝယ်ယူခဲ့ရသော်လည်း နှစ်ပေါင်း ၅ဝ နီးပါးတိုင်အောင်  မြန်မာနိုင်ငံမှ တင်ပို့နိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ယခုမှသာ ပထမဦးဆုံး အကြိမ်အဖြစ် တန် ၅ဝဝဝ ခန့် ပြန်လည် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

“အနာဂတ်မှာ ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး နိုင်ငံ ဖြစ်လာမယ့် မြန်မာနိုင်ငံနဲ့ လက်တွဲလိုပါတယ်။ မစ်ဆူရီ အနေနဲ့လည်း နည်းပညာ ၊ အရည်အသွေးပိုင်းတွေ အပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအပိုင်းမှာလည်း ကူညီသွားမှာပါ” ဟု မစ်ဆူရီ ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ Mr. Kazuo Nakayama က ပြောကြားသည်။

ယခုတည်ဆောက်မည့် စက်ရုံငယ်များ ပါဝင်သည့် စက်မှုဇုန်များကို တွံတေး ၊ နေပြည်တော် ၊ ကျိုက်လတ်နှင့် လက်ပံတန်းမြို့နယ်များတွင် တည်ဆောက်သွားမည် ဖြစ်ကာ ၂ဝ၁၅ ခုနှစ် မကုန်မီ အပြီး တည်ဆောက်သွားမည် ဖြစ်ပြီး တည်ဆောက်မည့် စက်မှုဇုန်များအတွင်း နိုင်ငံတကာ အဆင့်မီ ပေါင်းဆန် ထုတ်လုပ်မည့် စက်ရုံများ ၊ ဆန်ဖြူ ကြိတ်ခွဲမည့် စက်ရုံများ ၊ ဖွဲနုဆီ စက်ရုံ ၊ ဆန်ကြာဇံ စက်ရုံ စသည့် တန်ဖိုးမြှင့် ကုန်စည်ထုတ်လုပ်မည့် စက်ရုံများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုတွင် ကနဦး လုပ်ငန်းစတင်ခြင်း အဖြစ် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်တွင် Integrated Rice Complex Project (IRCP) ကို လုပ်ဆောင်မည် ဖြစ်ပြီး တန် ၅၀ ကျ ဆန်စက် တစ်လုံးကို တည်ထောင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

ယခုလက်ရှိတွင် ဂျပန်ုနိုင်ငံမှ မျိုးစပါးကို အမြန်မာနိုင်ငံတွင် တန်မြင့်ဆန်အဖြစ် ထုတ်လုပ်ကာ ဂျပန်နိုင်ငံသို့ အဓိက တင်ပို့မည် ဖြစ်ပြီး လက်ရှိတွင် နေပြည်တော်၌ အဆိုပါ မျိုးစပါးကို ဧက ၁ဝဝဝ ခန့် စိုက်ပျိုးထား ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် အောက်တိုဘာလအတွင်း ဂျပန်နိုင်ငံမှ ပြုလုပ်မည့် ၎င်းတို့၏ ဈေးကွက်အတွင်းသို့ ဆန်တင်ပို့မှု တင်ဒါခေါ်ယူမှုတွင် မြန်မာနိုင်ငံမှထွက်ရှိသည့် အရည်အသွေးမြင့် တန်းမြင့်ဆန်များ ဂျပန်နိုင်ငံအတွင်းသို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်း တင်ဒါဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်းမှ သိရှိရသည်။

YC


ခိုင်မာတည်တံသော ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်အတွက် လက်နက်ကိုင်ပဋိပက္ခများ၏ အဓိကရင်းမြစ်ပြဿနာ များကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ဟု နိုင်ငံတော်သမ္မတပြောကြား

ခိုင်မာ၍ ရေရှည်တည်တံမည့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုပေါ်ပေါက်လာရန်အတွက် အပစ်အခတ်ရပ်စဲရေးနှင့် လုံလောက်မည်မဟုတ်ဘဲ လက်နက်ကိုင်ပဋိပက္ခများ၏ အဓိကရင်းမြစ် ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးသည် အဓိကကျသည့်အချက်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ အောက်တိုဘာလ ၁ ရက် ရေဒီယို မိန့်ခွန်း တွင် ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်၏ တိုးတက်မှုရှိသော ရလဒ်များအနက် အားရမှုအရှိဆုံးရလဒ်မှာ မိမိတို့ သဘောအလျှောက် ပြည်ထောင်စုအတွင်း ပါဝင်ခြင်းဆိုသည့် အခြေခံမှုကို ထင်ဟပ် စေသည့် ပြည်ထောင်စုမှ ခွဲထွက်ခြင်းမပြုဟူသည့် ရပ်တည်ချက်ကို တိုင်းရင်းသားများ အားလုံးမှ အခိုင်အမာ ဆုပ်ကိုင်ထားမှုပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတမှ ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံရေးဆွေးနွေးမှုများအတွက် ပိုမိုခိုင်မာသော အာမခံချက်ရရှိစေရန်အတွက် တစ်ပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးသည်နှင့် တစ်ပြိုင်နက် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင် (Political Dialogue Framework) များညှိနှိုင်းခြင်း၊ ရေးဆွဲခြင်းများကို ပြုလုပ်သွားမည်ဖြစ်ပြီး မူဘောင်ဆိုင်ရာ ကိစ္စဆိုင်ရာ ညှိနှိုင်းမှုတွေကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟို ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးတို့ အဆင့်ဆင့်ညှိနှိုင်းရေးဆွဲ၍ သဘောတူညီမှုရရှိအောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါနိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်များ သဘောတူညီချက်ရရှိပြီးသည်နှင့် တစ်ပြိုင်နက် နိုင်ငံရေးဆွေးနွေးပွဲများကို အစပြုပြီး တစ်ပြည်လုံးအတိုင်းအတာ လွှမ်းခြုံနိုင်သော အမျိုးသား အဆင့်ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံတစ်ရပ်ကျင်းပရန် ဦးတည်ချက်ထားလုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ကဲ့သို့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စများအပြင် အစိုးရမှတာဝန်ယူဆောင်ရွက်နေသည့် ပြည်သူလူထုဗဟိုပြု အုပ်ချုပ်မှုဆိုင်ရာပြုပြင်ပြောင်းလဲရေးများနှင့် ပတ်သတ်၍လည်း ပြည်သူများ၏ လက်တွေ့လိုအပ်ချက် ကိုက်ညီစေမည့် ဘတ်ဂျက်ကို ရေးဆွဲအတည်ပြုနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

YC


 

 

 

 

 

 

              

              

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment