Transparency Myanmar

transparency.myanmar@gmail.com

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ (၁)

(30 Sept 2013 ရက်စွဲပါ Virginia Gazette မှ Louis Charbonneau,Reuters ရေးသားသော Myanmar says won’t allow political opening to spur serration violence ကို ဘာသာပြန်ဆိုသည်)

(Bernama News မှ 30 Sept 2013 ရက်စွဲပါ “Thailand hands over 15 illegal immigrants to Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

(Reuters မှ 1 Oct 2013  ရက်စွဲပါ “Muslims in hiding as sectarian strife flares in Myanmar ” သတင်းကိုဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံတွင် ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုအတွက် နိုင်ငံရေးတံခါးကိုဖွင့်ပေးခြင်းမဟုတ်ဟုဆို

(30 Sept 2013 ရက်စွဲပါ Virginia Gazette မှ Louis Charbonneau,Reuters ရေးသားသော Myanmar says won’t allow political opening to spur serration violence ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းတွင် ကြိုးပမ်းမှုများအတွက် တံခါးဖွင့်မှုအသစ်များကို အခွင့်ကောင်း ယူ၍ တိုင်းရင်းသားနှင့် ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုများကို အားပေးအားမြှောက်ပြုရန် လုပ်ဆောင်နေသူများအား ခွင့်ပြုလိမ့်မည်မဟုတ်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တနလာင်္ နေ့က ပြောကြားခဲ့ပါသည်။

အဆိုပါ မှတ်ချက်မှာ မြန်မာနိုင်ငံတွင် ယခုနောက်ဆုံး ဖြစ်ပွားသော ဘာသာရေးအရတင်းမာမှုများ၌ ဗုဒ္ဓဘာသာ လူအုပ်ကြီးက နေအိမ်များမီးရှို့ပြီး၊ ဗလီအားဝိုင်းထားခြင်းကြောင့် ရဲတပ်ဖွဲ့က လူစုခွဲခဲ့ပြီးနောက် မွတ်ဆလင်များ ကြောက်ရွံ့၍ ပုန်းနေကြရသည့် ဖြစ်စဉ်အပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

“ပြဿနာဖန်တီးမဲ့လူတွေကတော့ အမြဲရှိတက်ပါတယ်။ နိုင်ငံရေးအရ တံခါးဖွင့်မှုကို အခွင့်ကောင်းယူပြီး ခြားနားတဲ့ တိုင်းရင်းသားနဲ့ ဘာသာရေးအသိုင်းအဝိုင်းကြားမှာ အကြမ်းဖက်မှုကို လှုံဆော်တဲ့မည်သူ့ကိုမဆို ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု နယူးယောက်၌ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဦးဝဏ္ဏမောင်လွင် က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်ဇွန်လမှစ၍ လူများစု ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်များကြား ရန်ပွဲများကြောင့် အနည်းဆုံးလူ ၂၃၇ ဦး သေဆုံးပြီး ၁၅၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပါသည်။

အဆိုပါ အကြမ်းဖက်မှုများသည် အမည်ခံအရပ်သား အစိုးရ လွန်ခဲ့သော နှစ်နှစ်ကတည်းက လုပ်ဆောင်နေ သော နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အားနည်းစေရန် ခြိမ်းခြောက်လျက် ရှိပါသည်။

“ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးက နုနယ်ပြီး အမှားမခံတဲ့ အခြေအနေမှာ ရှိနေပါသေးတယ်။ ဒါ့ကြောင့် သမ္မတကြီးက လူတိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းတဲ့ အသွင်ကူးပြောင်းမှုကို အန္တရာယ်ပြုနိုင်တဲ့ကိစ္စတွေ လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်ကြဖို့ လိုအပ်ပုံကို အလေးအနက်ပွင့်ပွင့်လင်းလင်း ပြောခဲ့တာဖြစ်ပါတယ်။” ဟု ၎င်း ကပြောပါသည်။

၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော ရခိုင်တိုင်းရင်းသား ဗုဒ္ဓဘာသာများနှင့် ရိုဟင်ဂျာ မွတ်ဆလင်များကြား ရန်ပွဲများကြောင့် လူပေါင်း ၁၉၂ ဦးသေဆုံးခဲ့ကြောင်း ဧပြီလက မြန်မာအစိုးရက ပြောကြားခဲ့ပါသည်။ အများစုမှာ ဘင်္ဂါလားဒေ့ရှ်မှ တရားမဝင်ရောက်ရှိလာသူများအဖြစ် မြန်မာများက ရှုမြင်ကြ ပါသည်။

ကုလသမဂ္ဂကမူ ရိုဟင်ဂျာများအား “မိတ်ဆွေလုံးဝမရှိသူ (Virtually friendless)” အဖြစ် ဖော်ပြပါသည်။

၂၀၁၂ ခုနှစ် ဇွန်လတွင် ဖြစ်ပွားသော ရိုဟင်ဂျာနှင့် ရခိုင်လူမျိုးများကြား ရန်ပွဲများသည် တိုင်းပြည်၏ အခြား နေရာများသို့ပါ ပျံ့နှံ့သွားပြီး အခြားမွတ်ဆလင် အုပ်စုများကိုပါ ပစ်မှတ်ထားလာကြပါသည်။ မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆၀ ရှိသည့်အနက် ၅% ခန့်မှာ မွတ်ဆလင်များဖြစ်သည်ဟု ခန့်မှန်းရပါသည်။

ဦးဝဏ္ဏမောင်လွင် က ပြောကြားရာတွင် အစိုးရသည် အမျိုးသားပြန်လည်ပေါင်းစည်းရေးနှင့် ပတ်သက်၍ ကြိုးပမ်းမှုများတွင် ထင်သာမြင်သာသော တိုးတက်မှုများလုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုပါသည်။

“အစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုဟာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် လက်နက်ကိုင်အုပ်စု အားလုံးနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ ဦးတည်နေပါပြီ။ နေပြည်တော်မှာ မကြာတော့တဲ့ ကာလအတွင်း တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီး အောင်ပွဲခံနိုင်မည်လို့ မျှော်လင့်နေပါတယ်” ဟု ၎င်းက ၁၉၃ နိုင်ငံပါဝင်သော အထွေထွေညီလာခံတွင် ပြောကြားခဲ့ပါသည်။

၎င်းကပြောကြားရာတွင် နိုင်ငံရေးအရဆွေးနွေးမှု အသစ်စတင်ဆွေးနွေးခြင်းများသည် အားလုံးပါဝင်ရန်နှင့် ရေရှည်ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် မကြာမီစတင်တော့မည်ဟု ဆိုပါသည်။

“နောက်လာမယ့် ခြေလှမ်းဟာ လွယ်လိမ့်မယ်လို့ ထင်မထားပါဘူး။ ဒါပေမယ့် ပြည်သူတွေဟာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေ ထိုက်တန်နေပြီ ဖြစ်တဲ့အတွက် ဒီလမ်းကို လျှောက်ဖို့ဆုံးဖြတ်ထားပြီးပါပြီ” ဟု ၎င်းက ဆိုပါသည်။

အစိုးရက အကျဉ်းသားများထပ်မံလွှတ်ပေးရေးကိုလည်း ရည်မှန်းထားကြောင်း ၎င်းက ထပ်မံပြောကြားခဲ့ပါသည်။ “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံထားရသူတွေကို ဒီနှစ်မကုန်မီ လွှတ်ပေးနိုင်အောင် စီစစ်ရေး လုပ်ငန်းကို လျှင်မြန်စွာလုပ်ဆောင်နေပါတယ်” ဟု ၎င်းကပင် ဆိုပါသည်။

 


တရားမဝင်နေထိုင်သူ ၁၅ ဦးကို မြန်မာသို့ ထိုင်းလွှဲပြောင်းပေး

(Bernama News မှ 30 Sept 2013 ရက်စွဲပါ “Thailand hands over 15 illegal immigrants to Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

အိမ်နီးချင်းနှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးပမ်းသည့်အနေဖြင့် တရားမဝင်ရွှေ့ပြောင်း နေထိုင်သူ ၁၅ ဦးကို ထိုင်းနိုင်ငံက တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်ဟု Thai News Agency ကသတင်းထုတ်ပြန်သည်။

အဆိုပါ မြန်မာနိုင်ငံသား ၁၅ ဦးကို မယ်ဆိုင်နှင့် တာချီလိတ်အကြား ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားပေါ်တွင် ထိုင်းလက်ထောက်ရံချုပ် စန်တီပန်ဆွတ် နှင့် ချင်းရိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့တို့က မြန်မာ အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့အနက် အချို့မှာ လူကုန်ကူးခံရသော တရားမဝင်လုပ်သားများဖြစ်ပြီး၊ အချို့မှာ မြန်မာနိုင်ငံမှ ရာဇဝတ် မှုကြောင့်ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်သည်ဟု TNA သတင်းဌာနအဆိုအရ သိရှိရသည်။

ယခုကဲ့သို့ ပြန်ပို့ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး၊ နယ်ခြားတစ်လျှောက် ရာဇဝတ်မှုနှင့် တရားမဝင် ကူးသန်းရောင်းဝယ်မှု ကိုင်တွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နယ်ခြားလုံခြုံရေးကို အထောက်အကူဖြစ်စေပြီး၊ အာဆီယံအသိုင်းအဝိုင်း ထူထောင်ဖွဲ့စည်းမှုကို အလွယ်တကူချောမွေ့စေလိမ့်မည်ဟု နှစ်နိုင်ငံစလုံးကမျှော်လင့်ထားကြသည်။

ထိုင်းနိုင်ငံဖက်မှ ထွက်ပြေးတိမ်းရှောင်သူများ မြန်မာနိုင်ငံတွင် အနည်းအကျဉ်းမျှသာ ရှိသော်လည်း၊ မြန်မာနိုင်ငံ ဖက်မှ တိမ်းရှောင်သူများ ထိုင်းနိုင်ငံတွင် အမြောက်အများရှိနေသည်ဟု လုံခြုံရေးသတင်းရပ်ကွက်က ဆိုပါ သည်။


သံတွဲမြို့တွင် ဘာသာရေး တင်းမာမှုကြောင့် မွတ်ဆလင်များ ပုန်းအောင်းနေရ

(Reuters မှ 1 Oct 2013  ရက်စွဲပါ “Muslims in hiding as sectarian strife flares in Myanmar ” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် ယခုနောက်ဆုံးဘာသာရေး အဓိကရုဏ်းဖြစ်ပွားမှုတွင်  မွတ်ဆလင်နေ အိမ်များကို ဖျက်ဆီး၍ ဗလီကို ဝိုင်းထားသော ဗုဒ္ဓဘာသာဝင် လူအုပ်ကြီးကို ရဲတပ်ဖွဲ့က လူစုခွဲခဲ့ ပြီးနောက် မွတ်ဆလင်များမှာ ၄င်းတို့နေအိမ်များ၌ ပုန်းအောင်းနေထိုင်နေရကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၌ တပ်မတော်အစိုးရနေရာတွင် အစားထိုးအာဏာရလာသော အရပ်ဖက်အစိုးရလက်ထက် ပြုပြင်ပြောင်းလဲမှုများကို သေးသိမ်အောင် အဆိုပါ ပဋိပက္ခများက ခြိမ်းခြောက်လျက်ရှိသည်။

ယင်းကဲ့သို့ ဘာသာရေး အကြမ်းဖက်မှုများကို အာဏာပိုင်များက စုံစမ်းစစ်ဆေးနေသော်ငြားလည်း နောက်ကွယ်မှ ကြိုးကိုင်သူ နိုင်ငံရေးပယောဂဆရာ master mind များကို စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိဘဲ အောက်ခြေမှ ဆူပူအကြမ်းဖက်သူ အချို့ကိုသာ ဖမ်းဆီးနေသည်ဟု အကဲခတ်လေ့လာသူများက ဆိုပါသည်။

တနင်္ဂနွေနေ့က အကြမ်းဖက်လူအုပ်ကို ရဲတပ်ဖွဲ့က သေနတ်မိုးပေါ်ထောင်ဖောက်၍  လူစုခွဲခဲ့ပြီးနောက် တွင် သံတွဲမြို့၏အခြေအနေမှာ စိုးရိမ်ဖွယ်ရာရှိနေဆဲဟု အမည်မဖော်လိုသော လုံခြုံရေးသတင်းရပ်ကွက်က ပြောကြားသည်။

ရန်ကုန်၏ အနောက်မြောက်ဖက် ကီလိုမီတာ ၂၆၀ အကွာရှိ သံတွဲမြို့သည် ပဋိပက္ခဘေးသင့်ဒေသ တစ်ခုဖြစ်ပြီး ပြဿနာအကြိမ်ကြိမ် ဖြစ်ပွားခဲ့သည့်အလျောက်  အသေးစား ပဋိပက္ခတစ်ခုက လူထု၏ ဒေါသကို ဆွပေးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံမွတ်ဆလင် နိုင်ငံရေးသမားတစ်ဦးက ပြောကြားသည်။

“အရင်အကြိမ်တွေတုန်းကလိုဘဲ ကျွန်တော်တို့ ထိတ်ထိတ်လန့်လန့်နဲ့ အိမ်ထဲမှ  ပုန်းနေကြရပါ တယ်။ လူ ၂၀၀ လောက်ပါဝင်တဲ့ အကြမ်းဖက်လူအုပ်ထဲမှာ တစ်ချို့က မျက်နှာတစ်ခြမ်း အုပ်ထားပြီး မီးတုတ် တွေကိုင်ထားပါတယ် ” ဟု ကမန်မွတ်ဆလင်ပါတီ ဥက္ကဋ္ဌ ဦးကျော်ဇံလှက တယ်လီဖုန်းဖြင့် ပြောကြားသည်။

စနေနေ့ညက ၄င်း၏ အိမ်ရှေ့တွင် လာရပ်သော မော်တော်ဆိုင်ကယ်တစ်စင်းကို တားမြစ်ရာမှ ဗုဒ္ဓ ဘာသာကို စော်ကားသည်ဟူသော ကောလဟာလများ ပျံ့နှံ့ကာ ပြဿနာထဲသို့ အလိုအလျောက် ပါဝင်ကျ ရောက်သွားခဲ့ရသည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ နာမည်ကျော် ငပလီကမ်းခြေသို့ လာရောက်လည်ပတ်သော  နိုင်ငံခြားခရီးသွား ဧည့်သည်များ အသုံးပြုသည့် လေဆိပ်တည်ရှိရာ  သံတွဲမြို့တွင်  ၄င်းအကြမ်းဖက်ဖြစ်ရပ်ကြောင့်  ထိခိုက် သေဆုံးမှု မရှိဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ အများစုပါဝင်သည်ဟု သတ်မှတ်ခံရသော ရိုဟင်ဂျာများနှင့် ဒေသခံဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတို့အကြား  ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလ အတွင်း အကြီးစားအဓိကရုဏ်း နှစ်ကြိမ်ဖြစ်ပွားခဲ့မှုကြောင့်  ၁၉၂ ဦး သေဆုံးခဲ့သည်ဟု ဧပြီလတွင် အစိုးရက  ထုတ်ဖော်ပြောကြားထားသည်။

ကုလသမဂ္ဂကလည်း ရိုဟင်ဂျာများသည် ကမ္ဘာပေါ်တွင် ဖိနှိပ်ခံရဆုံး မျိုးနွယ်စုဖြစ်သည်ဟု မှတ်ချက် ပေးထားသည်။

ရခိုင်နှင့်ရိုဟင်ဂျာတို့အကြားမှ ပဋိပက္ခသည် နိုင်ငံအနှံ့ ပျံ့နှံ့သွားခဲ့ပြီး  မွတ်ဆလင်ဘာသာဝင်တို့ကို ပစ်မှတ်ထားသော အဓိကရုဏ်းများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ သို့ရာတွင် ကမန်းတို့မှာ  မွတ်ဆလင်ဘာသာ ကိုးကွယ်သော်လည်း ရိုဟင်ဂျာတို့နှင့် မျိုးနွယ်ခြင်းမတူဟု သိရှိရသည်။ မြန်မာနိုင်ငံ၏ လူဦးရေသန်း ၆၀ တွင် ခန်းမှန်းခြေ မွတ်ဆလင်ဘာသာဝင် ၅ ရာခိုင်နှုန်းခန့် ပါဝင်သည်ဟု ဆိုသည်။

ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများကမူ “မြန်မာနိုင်ငံကဲ့သို့ တိုင်းပြည်မျိုးတွင် ပြည်သူလူထုအနေဖြင့် မွတ်ဆလင်ကိစ္စဖြစ်စေ၊ တရုတ်ကိစ္စဖြစ်စေ စိုးရိမ်ပူပန်ရန်  မလိုကြောင်း  နောက်ကွယ်မှ အာဏာရှင် (သို့) အစိုးရ (သို့) အာဏာပိုင်များက ၄င်းကိစ္စများနှင့် ပတ်သက်၍ တိကျသောမူဝါဒများကို  လျို့ဝှက်ချမှတ်ထားပြီဖြစ်ကြောင်း ပြည်သူလူထုအနေဖြင့် ကွက်ကျော်မြင်နိုင်စွမ်း မရှိပါက နိုင်ငံရေး ပယောဂဆရာကြီးများ၏ ကွက်ကျော်ရိုက်ခြင်းကို ခံရကာ  အသုံးချခံဘဝသို့ရောက်သွားနိုင်ကြောင်း ” သတိပေး ပြောဆိုထားပါသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment