Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်  စစ်တွေသို့ ရောက်ရှိချိန် သံတွဲ၌ ပဋိပက္ခ ဆက်လက်ဖြစ်ပေါ်ဆဲ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေ့မြို့သို့ ပထမဦးဆုံး အကြိမ်ရောက်ရှိချိန်၌ ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များ အကြား ပဋိပက္ခများ ပေါ်ပေါက်နေချိန်နှင့်တိုက်ဆိုင်လျက်ရှိသည်။

စက်တင်ဘာလ ၂၈ ရက်က ဆိုင်ကယ်ရပ်နားမှု အငြင်းပွားရာမှအစပြု၍ စတင်ခဲ့သော သံတွဲမြို့ လူမျိုးရေး ပဋိပက္ခမှာ အဆုံးမသတ်သေးဘဲ သမ္မတရခိုင်ပြည်နယ်ခရီးစဉ် စတင်သည့် အောက်တိုဘာလ ၁ ရက်  သံတွဲမြို့သို့ ရောက်ရှိနေစဉ်ကပင် သံတွဲမြို့နှင့် ၁၇ မိုင် ကွာဝေးသည့် သပြုချိုင်၊ ပေါက်တောနှင့် ရွှေလှကျေးရွာများ၌ မွတ်ဆလင်နေအိမ်(၇၀)ကျော် ၊ မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး သေဆုံးသူ အနည်းဆုံး နှစ်ဦးနှင့် ဒဏ်ရာရသူ အနည်းဆုံး ၅၀ အထိရှိပြီဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်မှုများကြောင့် ဒုက္ခရောက်သူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို အကူအညီပေးရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီဖြစ်ကြောင်း ကောလာဟလ တိုက်ဖျက်ရေးအဖွဲ့၏ ဥက္ကဋ္ဌ  ဦးစိုးမြင့်က ပြောဆိုခဲ့သည်။

သံတွဲမြို့တွင် စက်တင်ဘာလ ၂၈ ရက်မှစ၍ ရုန်းရင်းဆန်ခတ်မှု အနည်းဆုံးနှစ်ကြိမ်ခန့် ဖြစ်ပွားခြင်းကို ရဲလုံခြုံရေးတပ်ဖွဲ့ဝင်များက ဟန့်တားနိုင်ခဲ့သော်လည်း ယခုအခါ မီးရှို့အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား နေကြောင်း သိရသည်။

လူမျိုးရေးပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် သွားရောက်ခဲ့သော သမ္မတ၏ ရခိုင်ပြည်နယ် ခရီးစဉ် အောက်တိုဘာလ ၂ ရက် ၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားဆဲဖြစ်သောကြောင့်   သံတွဲမြို့သို့ ဝင်ရောက်မည်ကို စိုးရိမ်ကာ သံတွဲဒေသလုံခြုံရေးအခြေအနေကို မြှင့်တင်ထားကြောင်း သိရသည်။

 မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများအကြား ၂၀၁၃ ခုနှစ် ဇွန်လ ၃၀ ရက်က ဖြစ်ပွားခဲ့သော အဓိကရုဏ်းများ၊ ပဋိပက္ခများကြောင့်လည်း သံတွဲမြို့တွင် ပုဒ်မ (၁၄၄) ညနေ ခြောက်နာရီမှ မနက်ခြောက်နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် လျော့ပေါ့ကာ ည ကိုးနာရီမှ ခြောက်နာရီအထိ ထုတ်ပြန်ခဲ့ပြီးနောက် အခင်းဖြစ်ရပ်များကြောင့် သံတွဲမြို့၌  အောက်တိုဘာလ ၁ ရက်တွင် ပုဒ်မ ၁၄၄ ကို ဆက်လက်ပြီး ည ခြောက်နာရီမှ မနက်ခြောက်နာရီအထိ ပြောင်းလဲထုတ်ပြန်ထား ကြောင်း သိရသည်။

YC


လိုအပ်လာပါက မြန်မာနိုင်ငံတွင်း စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးမည်ဟု ကာကွယ်ရေး ဒုဝန်ကြီးဆို

နိုင်ငံတော်၏ လုံခြုံရေးအရ လိုအပ်ချက်ရှိလာပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၀ နှင့်အညီ ပြည်သူများအားလုံးပါဝင်သည့် စစ်မဟာဗျူဟာကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွှန့်က အောက်တိုဘာလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးမေးမြန်းသည့် ''တပ်မတော် အင်အားတောင့်တင်းခိုင်မာရေး နှင့် ရည်မှန်းချက်များပြည့်ဝအောင်မြင်ရေး''တို့နှင့် စပ်လျဉ်းသည့် မေးခွန်းကို ထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“လိုအပ်ရင် ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၄၀ အရ ပြည်သူ့စစ်မဟာဗျူဟာကို တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေတွင် အဆိုပါစနစ်အား ကျင့်သုံးရန် မလိုအပ်သေးသဖြင့် ကိုယ်တိုင်ခံယူချက်၊ ယုံကြည်ချက်၊ ၀ါသနာပါပြီး အသိပညာ အတတ်ပညာ အထိုက်အလျောက်ရှိ သည့်သူများ၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီး ၂၅ နှစ်ထက် မကြီးခြင်း၊ မျက်မြင် ၁၃ ချက်နှင့် ပြည့်စုံပြီး ကိုယ်တိုင် ဆန္ဒပြုသူများကို စစ်မှုထမ်းဥပဒေနှင့်အညီ တပ်မတော်သို့ စစ်မှုထမ်းဆောင်စေရန် လက်ခံဆောင်ရွက်လျှက် ရှိကြောင်းနှင့် အနာဂတ်တွင် မိမိတို့၏ ခေတ်မီတပ်မတော် ဖြစ်ရေးအတွက် တပ်မတော်သည် အင်အားတောင့်တင့်ပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မီမျိုးချစ်တပ်မတော် ဖြစ်ရန်အတွက်လည်း လိုအပ်ကြောင်း၊ ထို့ပြင် တပ်မတော်အင်အား တောင့်တင်းခိုင်မာရေးအတွက် အရေးကြီးပြီး စွမ်းရည်ထက်မြက်သည့် စစ်သည်တော်များ ဖြစ်လာစေရန်အတွက် ပြုစုပျိုးထောင် လေ့ကျင့်လျှက်ရှိကြောင်း၊ တပ်မတော် စွမ်းရည်မြင့်မားစေရန် ကြည်းတပ်တစ်ခု တည်းကိုပဲ ဦးတည်ဆောင်ရွက် နေသည်မဟုတ်ဘဲ တပ်မတော်ရေနှင့် တပ်မတော်လေအတွက်ပါ တစ်ပြေးညီ တိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း” ၎င်းကရှင်းလင်းပြောကြားသည်။

လက်ရှိ မြန်မာ့တပ်မတော်တွင် တပ်သားဦးရေလေးသိန်းနှင့် ငါးသိန်းကြားတွင်ရှိနိုင်ပြီး ကမ္ဘာပေါ်တွင် စစ်သည်အင်အား အများဆုံး စာရင်းတွင် အဆင့် ၉ (သို့မဟုတ်) ၁၀ တွင်ရှိနိုင်ကြောင်း စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် ယခင်အစိုးရလက်ထက်က စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းထားခြင်းရှိသော်လည်း လက်ရှိအချိန်ထိ ဥပဒေအရ ကျင့်သုံးဆောင်ရွက်ခြင်းမရှိသေးပေ။

YC


အစိုးရ နှင့် KIO နှစ်ဖက် Technical Team များ တွေ့ဆုံကာ ငြိမ်းချမ်းရေး မူဘောင်အရေး ဆွေးနွေးမည်

အစိုးရ နှင့် KIO တို့၏ အောက်တိုဘာ ၈ ရက်နေ့ ဆွေးနွေးပွဲ မတိုင်မီ လိုအပ်သော ငြိမ်းချမ်းရေး မူဘောင်များကို ဆွေးနွေးနိုင်ရန်အတွက် နှစ်ဖက် Technical Team များသည် အောက်တိုဘာ ၂ ရက်နေ့ နှင့် ၃ ရက်နေ့များတွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်၍ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဦးလှမောင်ရွှေက “နှစ်ဖက် Technical Team တွေ တွေ့တဲ့ ရည်ရွယ်ချက်ကတော့ ဆွေးနွေးပွဲမှာ လိုအပ်ချက်တွေ ပြင်ဆင်ဖို့၊ ဆွေးနွေးပွဲ အချိန်ဇယားတွေ ပြင်ဆင်ဖို့နဲ့ လိုအပ်တဲ့မူဘောင်တွေကို ပြင်ဆင်ဖို့အတွက် ဆွေးနွေးသွားမှာပါ” ဟု ပြောကြားသည်။

ယခုတွေ့ဆုံမှုနှင့်ပတ်သက်၍ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်အောင်ကမူ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမတိုင်မီ ဆွေးနွေးမည့် အချက်များနှင့် လိုအပ်ချက်များကို အကြို ညှိနှိုင်းဆွေးနွေးပွဲမျိုး ဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားသည်။

“၈ ရက်နေ့ပွဲ မစတင်မီ ဒီကြားထဲမှာ သူတို့နှစ်ဖက် Technical Team တွေ တွေ့ဆုံဖို့ရှိတယ်။ MPC ဘက်က ဦးလှမောင်ရွှေ ဦးဆောင်ပြီး လာမယ်လို့ သိရတယ်။ ဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းတဲ့ ဆွေးနွေးပွဲမျိုး လုပ်တာ ဖြစ်နိုင်တယ်။ ၈ ရက်မှာ ကျင်းပမယ့် ဆွေးနွေးပွဲကတော့ အဓိကတပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးလိမ့်မယ် ထင်တယ်။ နောက်ပြီး နိုင်ငံရေးဆွေးနွေးဖို့အတွက် အစိုးရအနေနဲ့ နိုင်ငံရေး အာမခံချက် ပေးလာတာလဲ ဖြစ်လာ နိုင်တယ်”ဟု ဦးဆန်အောင်က ပြောကြားသည်။

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့ ရှိသည့် အနက် ၁၄ ဖွဲ့ နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ကျန်ရှိနေသေးသည့် KIO နှင့် တအာန်း အမျိုးသား တပ်မတော် TNLA တို့နှင့်လည်း အောက်တိုဘာ လဆန်းတွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ပြီး အောင်မြင် မှုများ ရရှိလိမ့်မည်ဟု မျှော်လင့်ထားကြောင်း၊ အဆိုပါ ဆွေးနွေးပွဲများ ပြီးစီးသွားပါက အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းပိုင်းတွင် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက စက် တင်ဘာ ၂၉ ရက်နေ့က မြန်မာ့ငြိမ်းချမ်းရေး စင်တာတွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIO) တို့၏ Technical Team တို့သည် စက်တင်ဘာ ၁၇ ရက် ၊ ၁၈ ရက်တို့တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကာ ယင်းဆွေးနွေးပွဲမှ တပ်နေရာ ချထားရေး၊ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးနှင့် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ကိစ္စနှင့် နောက်ဆွေးနွေးပွဲများအတွက် ရက်သတ်မှတ်ခြင်းတို့ကို ဆွေးနွေးနိုင်ခဲ့ကြသည်။

ယခုလက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် လက်နက်ကိုင်ပဋိပက္ခများ၏ ဇစ်မြစ်ဖြစ်သည့် ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးသည်သာ အဓိကဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် လုပ်ဆောင်မှုပုံစံနှင့် စိတ်စေတနာ မှန်ခြင်း၊ မှားခြင်းကို သမိုင်းကသာ ဆုံးဖြတ်ပေးကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြီးခဲ့သည့် အောက်တိုဘာ လ (၁) ရက်နေ့က ပြည်သူလူထု သို့ ပြောကြားသည့် ၎င်း၏ (၁ဝ) ကြိမ်မြောက် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားထားခဲ့သည်။

YC


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment