Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


အကြမ်းဖက်မှုများဖြစ်ပေါ်စေရေး ဘာသာရေးအရေခြုံနိုင်ငံရေးအင်အားစုများ ပါဝင်နေဟု ICG ဆို

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်ပဋိပက္ခများ ဖြစ်ပေါ်စေရေးအတွက် နောက်ကွယ်မှကြိုးကိုင်သူများတွင် ဘာသာရေးအရေခြုံထားသော ပေါ်ပြူလာဖြစ်လိုသည့် နိုင်ငံရေးအင်အားစုများက ဦးတည်လုပ်ဆောင်နေ ကြောင်း နိုင်ငံတကာပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့ (ICG) က ပြောကြားလိုက်သည်။

ထို့အပြင် နိုင်ငံအတွင်း လူမျိုးရေးမုန်းတီးမှုများ နက်ရှိုင်းစွာဖြစ်ပေါ်နေပြီး လုံခြုံရေးတပ်ဖွဲ့များမှ လုံလောက်သည့် တုံ့ပြန်မှုမရှိခြင်းမှာလည်း အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားရန် တွန်းအားပေးရရောက် ကြောင်း ICG အဖွဲ့မှ အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ တွင်ပါရှိသည်။

သမ္မတဦးသိန်းစိန် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေခိုက် သံတွဲမြို့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အခြေအနေ ထိန်းသိမ်းရန် ကြိုးစားနေရဆဲဖြစ်ပြီး အဆိုပါအကြမ်းဖက်မှုများ ကြောင့် အိမ် ၄၂ လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး လူတစ်ဦးအသက်ဆုံးရှုံးခဲ့ရကြောင်း အစိုးရမှ သတင်းထုတ်ပြန် ထားသည်။

“ ဖြစ်စဉ်တစ်ခုပေါ်မှာ လတ်တလောကောင်းကျိုး ဆိုးကျိုးအပြစ်မသိဘဲ စိတ်ခံစားမှုအလိုက် တုံပြန်ဖြေရှင်း တာတွေကြောင့် ဒီလိုနိုင်ငံရေးအင်အားစုတွေ ပါဝင်ပတ်သတ်တယ်လို့ စွပ်စွဲခံရတယ်လို့ ကျွန်မကတော့ မြင်မိပါတယ်။ တမင်လုပ်တယ်ဆိုထာထက် စိတ်ခံစားမှုကြောင့် တိုက်တွန်းရာရောက်သွားတာတွေက ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ ဖြစ်တက်ပါတယ်” ဟုအမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။

အကြမ်းဖက်မှုများကြောင့် လူမျိုးရေးတင်းမာမှုများသည် မြန်မာနိုင်ငံပြင်ပသို့ သက်ရောက်မှုရှိခဲ့ပြီး မလေးရှားနိုင်ငံတွင် မြန်မာဗုဒ္ဓဘာသာအချို့ အသတ်ခံရခြင်းနှင့် ဗုဒ္ဓဘာသာဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ရန် အကွက်ချစီစဉ်မှုများ ရှိလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာသည် ၂၀၁၄ တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူးကို ရယူမည်ဖြစ်ရာ ယခုအကြမ်းဖက်မှု ပဋိပက္ခဖြစ်စဉ်များမှာ အလေးအနက်ထား ဖြေရှင်းရမည့် နိုင်ငံရေးကိစ္စတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း အစီရင်ခံစာက တိုက်တွန်းထားသည်။

အောက်တိုဘာ ၁ ရက်နေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ကျေးရွာလေးရွာမှ ဘာသာရေး အဆောက်အအုံ သုံးလုံးအပါအဝင် အိမ်ခြေ ၆၀ ခန့်မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံအဖွဲ့အစည်းများ ထံမှ စုံစမ်း သိရှိရသည်။

သံတွဲမြို့တွင် ယခင်ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ ကိုလည်း အောက်တိုဘာ ၁ ရက်မှစ၍ နံနက် ၆ နာရီမှ ညနေ ၆ နာရီ အထိ အချိန်တိုးမြှင့်လိုက်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းရရှိသည်။

YC


သံသယစိတ်များ၊ ခွဲခြားဆက်ဆံမှုများနှင့် အပြစ်ဒေါသများသည် ပြဿနာဖြေရှင်းရာတွင် ပိုမိုဆိုးရွားစေ ရန်သာ ရှေးရှုဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မတူကွဲပြားခြားနားမှုများအပေါ် အခြေခံသည့် သံသယစိတ်များ၊ ခွဲခြားဆက်ဆံမှုများ၊ အပြစ်ဒေါသများသည် ပြဿနာကို ဖြေရှင်းသည့်နေရာတွင် အားပေးရာမရောက်သည့်အပြင် ပိုမိုဆိုးရွားစေရန်သာ ရှေးရှုနေသည် ဟု အောက်တိုဘာ ၁ ရက်က ရန်ကုန်မြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ကျင်းပသော ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် အတူလက်တွဲနေထိုင်ရေးဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓဘာသာပေါင်းစုံ တွေ့ဆုံညှိနှိုင်းဖလှယ်ပွဲ သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထား သည်။

 ဘာသာပေါင်းစုံညီလာခံကြီးတစ်ရပ် မြန်မာနိုင်ငံတွင် ကျင်းပနိုင်ခြင်းသည် မြန်မာနိုင်ငံတစ်ခုတည်းသာမက တစ်ကမ္ဘာလုံးတွင်ရှိသော ပြည်သူများ၏ အနာဂတ်တစ်ခုလုံး ငြိမ်းချမ်းရေးအတွက်ပါ အရေးကြီးသည်ဟု ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏သဝဏ်လွှာတွင် ပြောကြားထားသည်။

တိုးတက်လာသောနည်းပညာများကြောင့် ကမ္ဘာကြီးသည် ရွာတစ်ရွာလို ကျဉ်းမြောင်းလာသည်ဟု ဆိုကြကြောင်း၊ ယင်းကဲ့သို့ နည်းပညာတိုးတက်လာသည်နှင့်အတူ ကမ္ဘာ့ရပ်ရွာထဲတွင် အတူယှဉ်တွဲ နေထိုင်ကြသော ရပ်ရွာသူ ရပ်ရွာသားများအနေဖြင့် ယနေ့ကမ္ဘာကြီးမှာ တွေ့ကြုံနေရသည့် ပြဿနာများ ကို အတူတကွ ရင်ဆိုင်ဖြေရှင်းကြရန် တာဝန်ရှိလာခြင်းသည်လည်း သဘာဝကျပါသည်ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောကြားထားသည်။

“ဆင်းရဲချမ်းသာ၊ ကိုးကွယ်တဲ့ ဘာသာ၊ လူမျိုး ကျား/မ မရွေးတိုင်းသူပြည်သားတိုင်းဟာ အခြေခံအကျဆုံး လုံခြုံမှုဖြစ်တဲ့ စိတ်လုံခြုံမှုမရှိရင် ငြိမ်းချမ်းရေးတို့၊ အတူယှဉ်တွဲနေထိုင်ရေးတို့ဟာလည်း လက်တွေ့ကျကျ ဖြစ်ပေါ်လာနိုင်မယ် မထင်ပါဘူး။ မတူကွဲပြားခြားနားမှုတွေ အပေါ်အခြေခံတဲ့ သံသယစိတ်တွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ အပြစ်ဒေါသတွေဟာ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အားမပေးတဲ့အပြင် ပိုမိုဆိုးရွား ဖို့ကိုသာ ရှေးရှုနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေးနဲ့ ပြန်လည်သင့်မြတ် ရေးတို့ကို ဘယ်လိုမှ မျှော်လင့်လို့မရပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမုန်းတရားဆိုသည်မှာ အကြောက်တရားအပေါ်အခြေခံသည့်ဟု ယူဆနိုင်သလို အကြောက်တရားဆို သည်မှာလည်း စိတ်မလုံခြုံမှုအပေါ် အခြေခံခြင်းဖြစ်ကြောင်း၊ နောက်ဆုံးတွင် စိတ်လုံခြုံမှုကို မိမိတို့ ကိုးကွယ်အားထားရာ သက်ဆိုင်ရာဘာသာတရားနှင့်သာ ရှာဖွေ တည်ဆောက်ကြတာဖြစ်ကြောင်း ၎င်း၏ သဝဏ်လွှာတွင် ဖော်ပြထားကြောင်း သိရသည်။

YC


ဆဋ္ဌမကြိမ်မြောက် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ဆက်လက်ဆွေးနွေးရေး အတည်ပြု

အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၃ ခုနှစ် သြဂုတ် ၈ ရက်နေ့စွဲဖြင့် တင်သွင်းခဲ့သော လွှတ်တော်ကိုယ်စား လှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအား ဆက်လက်ဆွေးနွေးရန်  ဥပဒေကြမ်းကော်မတီ၏ တင်ပြချက်အပေါ် ပြည်သူ့လွှတ်တော်က အတည်ပြုဆုံးဖြတ်ပေးလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊သြဂုတ်လ၂၃ ရက်က ပြုလုပ်ခဲ့သော သတ္တမအကြိမ်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးရန် ဆိုင်းငံ့ထားခဲ့သော ယင်းဥပဒေကို သက်ဆိုင်ရာမဲဆန္ဒရှင်များ၏ အကြုံပြု စာများအပေါ် ပြည်သူ့လွှတ်တော်မှ အလေးအနက်ထားထည့်သွင်းစဉ်းစားလိုခြင်းတို့ကြောင့် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်က  လွှတ်တော်အစည်းအဝေးတွင် တင်ပြခဲ့ရာ ယင်းဥပဒေကြမ်းအား ဆိုင်းငံ့ထားခြင်းမရှိဘဲ လုပ်ငန်း စဉ်များအတိုင်း ဆက်လက်ဆွေးနွေးရန် ကန့်ကွက်သူမရှိ ပြန်လည်အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များက မဲဆန္ဒရှင်များ ပေးအပ်ထားသော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြောင်း ထုတ်ဖော်ပြသရန်လိုအပ်ဖြင့် အဆိုပါဥပဒေကို ဆက်လက်ဆွေးနွေးသင့်ကြောင်း ၄င်းက ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ( ၃၉၆)တွင် လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုပါက သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင်၏ ၁ ရာခိုင်နှုန်းက ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာတင်သွင်းမှသာ ယင်းတာဝန်မှ ပြန်လည်ရုပ်သိမ်းနိုင်ကြောင်း ဖော်ပြချက်ပါရှိသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ရုပ်သိမ်းပေးရန် တောင်းဆိုခြင်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဆိုသည်မှာ ပြည်သူက ရွေးချယ်တင်မြှောက်ထားခြင်းဖြစ်သည့်အတွက်  ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်း ပေးရန်တောင်းဆိုရာတွင် ပြည်သူဘက်မှ မှန်ကန်တိကျရန်လိုအပ်ပြီး ပုဂ္ဂိလ်ရေးအရ တောင်းဆိုခြင်းမျိုးလည်း မဖြစ်သင့်ကြောင်း မိတ္တီလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ယင်းအမြင်ကို ပြောဆိုခဲ့သည်။

“ဆက်ဆွေးနွေးမယ်ဆိုတော့ ဒီလထဲအပြီးဆွေးနွေးနိုင်လိမ်မယ်ထင်တယ်။ မဟုတ်ရင်လည်း အဋ္ဌမအကြိမ် အတွင်းမှာတော့ ပြီးပြတ်သွားမှာပါ”ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ မှတ်ချက်ပြုပြောဆိုခဲ့သည်။

လက်ရှိတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားထားသည့်အမှုလေးခုရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက စက်တင်ဘာလ ၁၄ ရက်က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် ပြောကြားခဲ့သည်။

အဆိုပါဥပဒေကို ဆိုင်းငံ့ခြင်းမပြုဘဲ ဆက်လက်ဆွေးနွေးပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းထံ သြဂုတ်လ ၂၅ ရက်နေ့က သဝဏ်လွှာပေးပို့ထားကြောင်း သိရသည်။

YC

 


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment