Transparency Myanmar

transparency.myanmar@gmail.com

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ (၁)

(3 Oct  2013 ရက်စွဲပါ Bangkok Post မှ Conditions ‘not right’ to send home refuges ကိုဘာသာပြန် ဆိုသည်)

(UPI မှ 2 Oct 2013 ရက်စွဲပါ “US monitoring violence in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

(FNA News မှ 2 Oct 2013 ရက်စွဲပါ “Myanmar muslims ask government for protection ” သတင်းကို ဘာသာပြန်ဆို သည်)


ဒုက္ခသည်များနေရပ်ပြန်ရေး အခြေအနေအဆင်သင့်မဖြစ်သေးဟုဆို

(3 Oct  2013 ရက်စွဲပါ Bangkok Post မှ Conditions ‘not right’ to send home refuges ကိုဘာသာပြန် ဆိုသည်)

ထိုင်း-မြန်မာ နယ်စပ်တွင်ရှိနေသော ဒုက္ခသည်များသည် ၎င်းတို့နေရပ်ပြန်ရန် အခြေအနေများမှာ ကောင်းမွန် ခြင်းမရှိသေးသည့်အတွက် ဒုက္ခသည်စခန်းများတွင်သာဆက်လက်နေထိုင်ရမည့် အလားအလာများကို ကြုံတွေ့နေရပါသည်။

အကဲဖြတ်ချက်ကို ထိုင်းနှင့်မြန်မာအစိုးရအပြင် နယ်စပ်ရှိမြန်မာ ဒုက္ခသည်များကို ကူညီနေသော အေဂျင်စီများ ပါဝင်လုပ်ဆောင်ခဲ့သည်ဟု The Border Consotium (TBC) ကပြောပါသည်။ TBC သည် ယမန်နေ့က မြန်မာ ဒုက္ခသည်များ၏ အခြေအနေနှင့်ပတ်သက်၍ ၎င်း၏ ခြောက်လပတ်အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါသည်။

TBC သည် ဘန်ကောက်အခြေစိုက် လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းဖြစ်ပြီး၊ ၁၉၈၄ မှစ၍ ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များကို အကူအညီများပေးနေခဲ့ပါသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်တစ်လျှောက်တွင်ရှိသော အချို့သော စခန်းများတွင် မြန်မာဒုက္ခသည် ၁၂၉၀၀၀ ခန့် နေထိုင်ကြပါသည်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွင် ပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ရသူ လေးသိန်းခန့်ရှိသည်ဟု ၎င်းက ခန့်မှန်းပါသည်။

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားနှစ်သန်းခွဲခန့်မှာလည်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိရာ အချို့မှာ စာရွက်စာတမ်းရှိပြီး အချို့မှာမရှိပေ။

TBC ကပြောကြားရာတွင် မြန်မာနိုင်ငံမှ အိမ်ယာမဲ့ဖြစ်ရသူများကို နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများ တဖြည်းဖြည်းပိတ်သိမ်းပြီးပါက စနစ်တကျပြန်လည်ပို့ဆောင်ရေးကို စဉ်းစားလုပ်ဆောင်မည်ဟု ဆိုပါသည်။

“TBC ဒုက္ခသည် အသိုင်းအဝိုင်း၊ ထိုင်းအစိုးရ၊ မြန်မာအစိုးရနှင့် UNHCR တို့အားလုံးက ဒုက္ခသည်များကို စနစ် တကျ ပြန်ပို့ရန် အခြေအနေမရှိသေးကြောင်း သဘောတူကြပါသည်။”  ဟု TBC ၏ အမှုဆောင်ဒါရိုက်တာ Sally Thompson ကပြောပါသည်။

၎င်းတို့သည် ဒုက္ခသည်များ တဖြည်းဖြည်းနေရပ်ပြန်ရေးကို ပြင်ဆင်နိုင်ရန် ကူညီလျက်ရှိပါသည်။

၎င်းက အလုပ်အကိုင် ကျွမ်းကျင်မှု၊ အလုပ်ခန့်ထားနိုင်ရန် အတွေ့အကြုံများနှင့် လူ့အဖွဲ့အစည်းအတွင်း အုပ်ချုပ်ပုံများကို လေ့ကျင့်သင်ကြားပေးရန် အစီအစဉ်များကို အာရုံပြုပါသည်။

“နေရပ်ပြန်ရေး အလားအလာကို ဦးတည်တဲ့ ဒီ အကူးအပြောင်းကာလနဲ့ သတိထားပြီး အကောင်းမြင်မှုဟာ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ အခွင့်အလမ်းရစေရုံမျှမက မြန်မာနိုင်ငံရဲ့အနာဂတ်မှာ ဒုက္ခသည်တွေပါ ဝင်တည် ဆောက်နိုင်ဖို့ သေချာစေမယ့် လုပ်ငန်းတွေဆက်လုပ်နိုင်ဖို့ အခွင့်အလမ်းတွေအတွက် ကိုယ်စားပြုပါတယ်။” ဟု Ms Thomson က ပြောပါသည်။

“ပဋိပက္ခဒဏ်ခံရတဲ့ လူတွေဆီမှာ ရင်းနှီးမြှုပ်နှံခြင်း၊ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ဖို့ရင်းနှီးမြှုပ်နှံခြင်း၊ နေရပ်ပြန်ရေးအတွက်  ရင်းနှီးမြှုပ်နှံခြင်းတို့ဟာ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ သယ်ယူပို့ဆောင်ပေးရေးအတွက် သာမက အသိုင်းအဝိုင်းတွေ ပြန်လည်ပေါင်းစည်းပေးမှု စဉ်ဆက်မပြတ်ရှိရေးအတွက်လည်း ပင်မအရေးတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။” ဟု ၎င်းက ဖြည့်စွက်ပြောပါသည်။


 

မြန်မာနိုင်ငံမှ အကြမ်းဖက်မှုကို အမေရိကန်စောင့်ကြည့်နေ

(UPI မှ 2 Oct 2013 ရက်စွဲပါ “US monitoring violence in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ အနောက်ကမ်းရိုးတန်းပြည်နယ်ရခိုင်တွင် မွတ်ဆလင်လူနည်းစုအပေါ် အကြမ်းဖက်မှု သတင်းများ ကြောင့် အမေရိကန်ပြည်ထောင်စုက အလွန်အမင်းစိုးရိမ်ပူပန်နေကြောင်း အမေရိကန်သံရုံးက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ပြောကြားသည်။

ထိုကဲ့သို့ ရခိုင်ပြည်နယ်တွင် လူနည်းစု မွတ်ဆလင်ဆို့အပေါ် အကြမ်းဖက်မှုကြောင့် အနည်းဆုံး ၁ ဦးသေဆုံး ပြီး၊ နေအိမ်များနှင့် ဗလီများ ဖျက်ဆီးခံရကာ ရာနှင့်ချီသော အရပ်သားများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ရန်ကုန်မြို့ အမေရိကန်သံရုံးက ၎င်းအခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်းနှင့် လုံခြုံမှုပြန်လည် တည်ဆောက်ရေး အစီအစဉ်များကို ဖြစ်နိုင်သမျှ အမြန်ပြုလုပ်ရန် တောင်းဆိုကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

“ရခိုင်ပြည်နယ် သံတွဲမြို့အနီးတဝိုက် မွတ်ဆလင်အများစုနေထိုင်သော ရပ်ကွက်ကျေးရွာများအပေါ် အကြမ်း ဖက်မှုသတင်းများကြောင့် အမေရိကန်ပြည်ထောင်စုက အလွန်အမင်းစိုးရိမ်ပူပန်လျက်ရှိပြီး၊ ယင်းကဲ့သို့ အကြမ်းဖက်သည့် လုပ်ရပ်မျိုးကို ပြင်းပြင်းထန်ထန် ရှုတ်ချသည်။” ဟု အမေရိကန်သံရုံးက ထုတ်ပြန်သည်။

သမ္မတဦးသိန်းစိန် ၂၀၁၁ ခုနှစ်က အာဏာရလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီးနောက်အကြမ်းဖက်မှုများထပ်မံဖြစ်ပွားနေခြင်း ဖြစ်သည်။ ၎င်း၏ အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲအပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲလာမှုများကို ထိခိုက်စေသည့် အဆိုပါ ဘာသာရေးအကြမ်းဖက်မှု များကို ကိုင်တွယ်ဖြေရှင်းရန် ဖိအားပေးတောင်းဆိုခြင်းခံနေရသည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ထိုင်းအခြေစိုက် ဧရာဝတီသတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ကျေးရွာ ၅ ခုမှ အိမ်ပေါင်း ၆၀ ခန့် ဖျက်ဆီးခံရကြောင်း ဖော်ပြထားသည်။


 

အကြမ်းဖက်ခံနေရသူများကို အကာအကွယ်ပေးရန် အစိုးရကို မြန်မာမွတ်ဆလင်များ တောင်းဆို

(FNA News မှ 2 Oct 2013 ရက်စွဲပါ “Myanmar muslims ask government for protection ” သတင်းကို ဘာသာပြန်ဆို သည်)

ရခိုင်ပြည်နယ်တွင်  ဘာသာခြား အကြမ်းဖက်မှုများ  လတ်တလောတိုးမြှင့်လာခဲ့ပြီးနောက် မွတ်ဆလင်များကို အကာအကွယ်ပေးရန် မြန်မာနိုင်ငံမှ မွတ်ဆလင်အဖွဲ့အစည်း  ၄ ခုက အစိုးရကို  တောင်းဆို တိုက်တွန်း လိုက်ကြသည်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် “ကျွန်ုပ်တို့အား အကာအကွယ်ပေးရန်အတွက် တရား ဥပဒေစိုးမိုးမှု ရှိအောင် အစိုးရက အာမခံ ဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း၊ မွတ်ဆလင်များအနေဖြင့် အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက်  အကြီးအကျယ် စိတ်ပျက်ဝမ်းနည်းမှုကို ခံစားနေကြရကြောင်း၊ ယခုအခါ မွတ်ဆလင်များသည် အမြင့်ဆုံး စိုးရိမ်ထိတ်လန့်မှုဖြင့်  နေထိုင်နေကြရကြောင်း  ” ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်များက လူစုလူဝေးဖွဲ့ကာ မွတ်ဆလင်များအပေါ် လတ်တလော ထပ်မံ အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းကြောင့် အထက်ပါ တောင်းဆိုချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

သပြုချိုင်ကျေးရွာတွင် ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မွတ်ဆလင် အမျိုးသားလေးဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း အနည်းဆုံး ငါးဦးသေဆုံးကြောင်း  ဒေသခံရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ပြောကြား သည်။

သံတွဲမြို့တွင်လည်း အလားတူ အကြမ်းဖက်မှုများကြောင့် သက်ကြီးရွယ်အိုအမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ရပြီး နေအိမ်ပေါင်း ၇၀ ကျော်ခန့် မီးရှို့ဖျက်ဆီးခံရသည်ဟု သတင်းများ ရရှိသည်။

ရခိုင်ပြည်နယ်သို့ သမ္မတ ဦးသိန်းစိန် ရှားရှားပါးပါး သွားရောက်နေစဉ် ယခုကဲ့သို့ အကြမ်းဖက်ဖြစ်ရပ်များ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပွားနေခြင်းဖြစ်သည်။

မနှစ်က ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော ဘာသာခြား အကြမ်းဖက် အဓိကရုဏ်း ဖြစ်ရပ်များအတွင်း လူပေါင်း ၂၅၀ ခန့် သေဆုံးကာ အိမ်ခြေထောင်ပေါင်းများစွာ ပျက်စီးခဲ့ရပြီး ၁၄၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီ ဖြစ်ပါသည်။

နိုင်ငံရေး ပယောဂ မကင်းဟု ဆိုကြသော ၄င်းအကြမ်းဖက် တိုက်ခိုက်မှုများကို အာဏာရ  အရပ်ဖက်အစိုးရက မျက်စိမှိတ်လစ်လျူရှုနေသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များနှင့် ပြည်တွင်းလူ့အခွင့်အရေး လှုပ်ရှားသူများက ပြစ်တင်စွပ်စွဲ ထားကြသည်။

 


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment