Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂)

ရွေးကောက်ပွဲအတွက် အခြေခံဥပဒေ အချိန်မှီပြောင်းလဲနိုင်ရန် အမေရိကန် မျှော်လင့်

(AFP မှ 4 Oct 2013 ရက်စွဲပါ “US hope for Myanmar constitution in time for vote” သတင်းကို ဘာသာပြန်ဆိုသည်)

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေအစ၊ အဆုံးပြင်ဆင်ရန် မေတ္တာရပ်ခံ တောင်းဆိုခဲ့ပြီးနောက်တွင် မြန်မာနိုင်ငံ ၂၀၁၅ ရွေးကောက်ပွဲများမတိုင်မှီ အခြေခံဥပဒေကို အချိန်မှီပြုပြင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်ပြည်ထောင်စုက ကြာသပတေးနေ့တွင် ထုတ်ဖော် ပြောကြားလိုက်ပါသည်။

Burma ဟု သူသိများသည့် မြန်မြန်ဆန်ဆန်ပြုပြင်ပြောင်းလဲနေသော မြန်မာနိုင်ငံတွင် လွှတ်တော် ကော်မတီ တစ်ရပ်ဖွဲ့စည်းကာ ဒေါ်အောင်ဆန်းစုကြည် သမ္မတရွေးပွဲ မဝင်နိုင်အောင် ထိထိရောက်ရောက် ပိတ်ဆို့ထားသည့် အခြေခံဥပဒေအပေါ် ပြင်ဆင်ချက်များ ရေးဆွဲလျက်ရှိသည်။

“လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွေ အပြည့်အဝလွတ်လပ်မျှတကြောင်း အာမခံနိုင်ဖို့နဲ့ မြန်မာပြည်သူတွေ သူတို့ခေါင်းဆောင်ကို လွတ်လွတ်လပ်လပ်ရွေးချယ်နိုင်စေဖို့အတွက် အခြေခံဥပဒေကို အချိန်မှီ ပြုပြင်ပြောင်းလဲနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့် ရှိသူ ဂျေဆန်ရီဘို့လ် ကပြောကြားသည်။

“မြန်မာနိုင်ငံဟာ ကြီးပွားတိုးတက်မယ့် အလားအလာကို အပြည့်အဝရရှိဖို့အတွက်ဆိုရင် လူနည်းစု အခွင့်အရေး လေးစားမှု၊ တပ်မတော်(သို့)စစ်တပ်အပေါ် အရပ်ဖက်ထိန်းချုပ်မှု၊ နိုင်ငံခေါင်းဆောင်ကို လွတ်လပ်စွာ ရွေးချယ်နိုင်မယ့် နိုင်ငံသားအခွင့်အရေးအစရှိတဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ခေတ်မှီ ဒီမိုကရေစီ နိုင်ငံတစ်ခုရဲ့ အခြေခံဥပဒေမှုဘောင် တစ်ခုကို လိုအပ်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါ တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခင်အပတ်က ကျင်းပသော NLDပါတီ တည်ထောင်သည့်နေ့ အထိတ်အမှတ် အခမ်းအနားတွင် အခြေခံဥပဒေ ပြောင်းလဲရေးကို မေတ္တာရပ်ခံခဲ့သော ဒေါ်အောင်ဆန်းစုကြည်က “ဒီလိုသာ မပြောင်ဘူး ဆိုရင် ကျွန်မတို့ နိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေပြီလို့ ပြောလို့မရပါဘူး” ဟုပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း ထိုစဉ်က တပ်မတော်အစိုးရက အာဏာလွှဲပြောင်းပေးခဲ့ခြင်းမရှိသည့် အပြင်၊ သူမကို အနှစ် ၂၀ နီးပါး အကျယ်ချုပ်ထိန်းသိမ်းထားခဲ့သည်။

ထိုနောက်တွင် အငြင်းပွါးဖွယ် ၂၀၁၀ ရွေးကောက်ပွဲရလဒ်များအပေါ် ပြစ်တင်ဝေဖန်ခံရမှုကို လမ်းကြောင်းလွှဲသည့်အနေဖြင့် အာဏာပိုင်များက သူမကို လွှတ်ပေးခဲ့ပြီးနောက်၊ ၂၀၁၁ မတ်လတွင် အာဏာရလာသော သမ္မတဦးသိန်းစိန် အစိုးရက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက်ပြုလုပ် လာခဲ့ရာ၊ အမေရိကန် ပြည်ထောင်စုနှင့် အနောက်အုပ်စုနိုင်ငံများ၏ စီးပွားရေးပိတ်ဆို့ အရေးယူမှုများ အဆုံးသတ် သွားစေခဲ့သည်။

သို့ဖြစ်ရာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲများသည် တပ်မတော်က အာဏာကို လိုလိုလားလား စွန့်လွှတ်လိုခြင်းရှိ၊မရှိ အပေါ်တိတိကျကျ စမ်းသပ်မှု တစ်ခုဖြစ်လာဖွယ်ရှိသည်။

၂၀၀၈ ခုနှစ် နာဂစ်ဆိုက်ကလုံး ဘေးဒဏ်သင့်ကာလတွင် ကသုတ်ကရုတ် ဆန္ဒခံယူပွဲဖြင့် အတည်ပြုထားသော အခြေခံဥပဒေတွင် ပြည်ပနိုင်ငံသားခံယူထားသော မိသားစုဝင်ရှိသူ မှန်သမျှ သမ္မတလောင်းအရည်အချင်း အကြုံးမဝင်နိုင်အောင် ရေးဆွဲပြဋ္ဌာန်းကာ ဒေါ်အောင်းဆန်းစုကြည်ကို ရည်ရွယ်ပိတ်ဆို့ထားသည်။

အာဏာပိုင်များက ထိုအချက်ကို ရည်ညွှန်းလိုသောကြောင့် ၂၀၁၂ခုနှစ်က ဒုတိယသမ္မတ လစ်လပ်နေရာအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေကို အဆိုပြုလျာထားပြီးမှ  ပယ်ဖျက်ခဲ့ကြခြင်းဖြစ် သည်ဟု ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများက မှတ်ချက်ပေးထားသည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment