Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် KIO ပါဝင်လာရန် အစိုးရ၏ နိုင်ငံရေးနှင့် စစ်ရေး အာမခံချက်များအပေါ်မူတည်နေဟုဆို

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးတွင် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ပါဝင်လာရေးမှာ အစိုးရ ၏ နိုင်ငံရေးအာမခံချက်၊ စစ်ရေးအာမခံချက်ပေးမှုအပေါ်တွင် မူတည်နေဟု အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအကြား ကြားဝင် ဆောင်ရွက်ပေးနေသည့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင် ကပြောကြားသည်။

“တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမှာ ကေအိုင်အိုအဖွဲ့ပါဝင်လာဖို့ဆိုတာက သုံးသပ်ဖို့ စောလွန်းတယ်။ အစိုးရဘက်က တပ်ပိုင်းဆိုင်ရာမှာ ဘယ်လောက်ထိ အာမခံချက်ပေးနိုင်မလဲဆိုတာအပေါ်မှာ မူတည်ပါ တယ်။ အစိုးရက ယုံကြည်လောက်အောင် ဘယ်လောက်ထိပြင်ဆင်လာသလဲဆိုာတာမှာ မူတည်တယ်။ အခုကြိုတင်ပြီးပြောရတာ ခက်ပါတယ်” ဦးဆန်းအောင်ကပြောသည်။

နိုင်ငံရေးဆွေးနွေးမှုများအတွက် ပိုမိုခိုင်မာသည့် အာမခံချက်ရရှိနိုင်စေရန် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ် စဲရေး လက်မှတ်ရေးထိုးမှုပြီးပါက နိုင်ငံရေးဆွေးနွေးပွဲများ အစပြုနိုင်ရန် လိုအပ်မည့် ပြင်ဆင်မှုများဖြစ်သော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်များ ညှိနှိုင်းခြင်း၊ ရေးဆွဲခြင်းများကို တစ်ပြိုက်နက်တည်း လုပ်ဆောင် သွားမည်ဖြစ်သည်ဟု နိုင်ငံတော်ကသမ္မတက အောက်တိုဘာလ ၁ ရက်က ပြည်သူများသို့ ပြောကြားခဲ့သည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“နိုင်ငံရေးအာမခံချက်၊ စစ်ရေးအာမခံချက်တွေကို သူတို့ကလိုချင်ပါတယ်။ အရင်တုန်းကလည်း နိုင်ငံရေး ဆွေးနွေးပွဲလုပ်ဖို့ ၁၇ နှစ်စောင့်ခဲ့ရပေမဲ့ မလုပ်ဘဲနဲ့ စစ်ပွဲပဲလာတယ်ဆိုတဲ့အခါကျတော့ မယုံကြည်ဘူး ဖြစ်နေတယ်။ အဲဒီ မယုံကြည်တဲ့ဟာကို ယုံကြည်အောင် အစိုးရဘက်က ဘယ်လိုလုပ်လာမလဲဆိုတဲ့ဟာ အပေါ်အခြေခံပြီး တစ်ပြည်လုံး အတိုင်းအတာလက်မှတ် ထိုးမထိုးဆိုတာ အဲ့ဒီအပေါ်မှာ အခြေခံသွားပါလိမ့် မယ်” ဟု ဦးဆန်းအောင်က ပြောသည်။

အစိုးရနှင့် ကေအိုင်အို အလုပ်အဖွဲ့တို့သည် အောက်တိုဘာလ ၂ ရက်၊ ၃ ရက်တို့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တွေ့ဆုံကာ တပ်ပိုင်းဆိုင်ရာ နေရာချထားရေး၊ လေ့လာစောင့်ကြည့်သည့် အဖွဲ့များ ထားရှိရေး၊ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး စသည့်ခေါင်းစဉ်လေးခုကို အဓိကထား ဆွေးနွေးခဲ့ကြပြီး နှစ်ဖက် ခေါင်းဆောင်ပိုင်းများပါဝင်မည်ဖြစ်သော အောက်တိုဘာလ ၈၊ ၉ နှင့် ၁၀ ရက်ဆွေးနွေးပွဲတွင် လေ့လာသူများအဖြစ် မည်သူများ ပါဝင်မည်ဆိုသည်ကို အတည်ပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

YC


အခြေခံဥပဒေအသစ်ရေးဆွဲလျှင် နိုင်ငံသားများအတွက် မမျှော်မှန်းနိုင်သည့် အန္တရာယ်ဖြစ်လာနိုင်ဟု ပြည်ခိုင်ဖြိုးပါတီ သဘောထားထုတ်ပြန်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝဖျက်သိမ်း၍ အသစ်ပြန်လည်ရေးဆွဲမည်ဆိုပါက နိုင်ငံတော် နှင့် နိုင်ငံသားများအတွက် အလွန်အန္တရာယ်များပြီး မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်ကြောင်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

ယင်းသို့ ဆောင်ရွက်မည်ဆိုပါက ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများကို ပြည်သူများကသာ ခံစားရမည် ဖြစ်သောကြောင့် သတိပြုဆောင်ရွက်သွားရန် လိုအပ်ကြောင်း အောက်တိုဘာ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သတ်သည့် ကြေညာချက်တွင် ထည့်သွင်းထား သည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်သင့်ပြင်ထိုက်သော ပုဒ်မများ၊ အကြောင်းအရာ များကို ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ သို့ တင်ပြသွားမည်ဖြစ်ပြီး ပါတီကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ပြည်သူများက အကြံပြုချက်များ ပေးပို့နိုင်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ၎င်းတို့၏ သဘောထားကို ချပြခဲ့သည်။

“ကျွန်တော့အမြင်ပြောရရင်တော့ အခြေခံဥပဒေမှာက ပြင်ဆင်နိုင်တဲ့ ပုဒ်မတွေဘဲ ပြဋ္ဌာန်းထားတယ်။ အသစ်ရေးနိုင်တဲ့ ပုဒ်မတွေပြဋ္ဌာန်းမထားဘူး။ နောက် ပုဒ်မ ၂၀ (စ) မှာလည်း တပ်မတော်က အခြေခံဥပဒေ ကို စောင့်ရှောက်ဖို့အတွက် အဓိကတာဝန်ရှိတယ်လို့ ဆိုထားတော့ အသစ်ပြန်ရေးမယ်ဆိုရင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နှောင့်နှေးသွားမယ်လို့ ပြည်သူကို သတိပေးတာလို့ဘဲမြင်တယ်”ဟု ၎င်း၏ သဘောထားကို ပြောသည်။

တပ်မတော်အစိုးရဦးဆောင်ကာ ဆယ်စုနှစ်တစ်ခုကြာ အချိန်ယူပြီး ရေးဆွဲခဲ့သော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီခြင်း၊ တိုင်းရင်းသားလူမျိုးများအတွက် အကာ အကွယ်ပေးမှု နည်းပါးနေခြင်းတို့အပြင် လွှတ်တော်တွင် ပြင်ဆင်မည်ဆိုပါကလည်း အခက်အခဲများရှိနေ သောကြောင့် အသစ်ပြန်ရေးဆွဲရေးကို တိုင်းရင်းသားလက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) က သဘောထားထုတ်ပြန်ထားသည်။

“၂၀၀၈ ဖွဲ့စည်းပုံကိမြင်တဲ့ အခါမှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင် စု ကို တည်ဆောက်နိုင်ရင် အသစ်ဘဲရေးရေး၊ အဟောင်းဘဲပြင်ပြင် ကျွန်တော်တို့ လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ သဘောထားလည်းပါဖို့ အရေးကြီးတာကြောင့် လွှတ်တော်ပြင်ပက ပြင်ဖို့လိုပါမယ်” ဟု UNA တွင်ပါဝင်သော ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေး ဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံကို လွှတ်တော်တွင် ပြင်ဆင်မည်ဆိုပါက လွှတ်တော်အတွင်း အင်အားကြီး ပါတီဖြစ်သော ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်သားကိုယ်စားလှယ်များ ရှိနေခြင်းကြောင့် ၎င်းတို့၏ အကျိုးစီးပွားကို အကာကွယ်ပြူထားသည့်အချက်များကို ပြင်ဆင်မည်ဆိုပါက ယင်းတို့မှ ကန့်ကွက်လာနိုင် သည့်အခြေအနေများ ပေါ်ပေါက်လာနိုင်ကြောင်း ဒီမိုကရေစီအင်အားစုများက ပြောကြားထားသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် ဖွဲ့စည်းပုံအခြေခံအသစ် ရေးဆွဲရေး (သို့) ပြင်ဆင်ရေးဆွဲရေးကို ဆွေးနွေးရာတွင် တိကျသော ဆုံးဖြတ်မှုမပြုလုပ်နိုင်သဖြင့် ပြည်သူလူထု၏ သဘောထားဆန္ဒကို ကောက်ယူသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။

YC


မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေကို အသစ်ပြန်လည်ရေးဆွဲမည်

မြန်မာနိုင်ငံ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ (၁၆/၁၉၉၀) အား အသစ်ပြန်လည်ရေးဆွဲသွားမည် ဖြစ်ကြောင်း အောက်တိုဘာလ ၅ ရက်နေ့က မြန်မာနိုင်ငံဘဏ်များအသင်းတွင် ပြုလုပ်သော မြန်မာနိုင်ငံ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ပတ်သတ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်လိုက်သည်။

“မြန်မာနိုင်ငံငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေက ၁၉၉၀ ကတည်းကဆိုတော့ တော်တော်ကြာခဲ့ပြီ။ နှစ်တွေကြာခဲ့တာကတစ်ကြောင်း နိုင်ငံရေးစနစ် စီးပွားရေးစနစ်တွေကလည်းပြောင်းလာတယ်။ နိုင်ငံတကာ နဲ့ဆက်ဆံရေးကလည်း ပြောင်းလာတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာလည်း ငွေကြေးတွေဆိုင်ရာမှာ လည်းပြောင်း လာတယ်။ ဒါကြောင့်မို့ ခေတ်နဲ့အညီ ပြင်ဆင်ဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် နောင်ဖြစ်လာ နိုင်မယ့် ငွေကြေးဈေးကွက် စီးပွားရေးစနစ်အခြေအနေတွေအရလည်း လိုက်လျောညီထွေဖြစ်လာအောင် ဥပဒေကို ပြင်ဆင်ရေးဆွဲသွားမှာပါ” ဟု ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းက အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံတွင်ပြင်ဆင်ရမည့် ဥပဒေ စုစုပေါင်း ၁၈ ခုရှိနေပြီး ယင်းတို့အနက် ဥပဒေငါးခုမှာ ပြင်ဆင်ပြီးဖြစ်ကာ လေးခုမှာ UN နှင့် ပတ်သက်ဆက်နွယ်နေသည့် ဥပဒေများဖြစ်ကြောင်း၊ ထို့ကြောင့် နောက်ထပ်ပြင်ရန် ဥပဒေ ၉ ခုရှိပြီး အာမခံဥပဒေ၊ အာမခံလုပ်ပိုင်ခွင့်ဥပဒေ၊ ငွေချေးဌားသည့် ဥပဒေ၊ ငွေစုဘဏ်များ ဥပဒေ၊ စိုက်ပျိုးရေးနှင့် ပတ်သက်သည့်ဥပဒေ၊ Government Security Act နှင့် ပင်စင်ဥပဒေများ ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အနေနဲ့ ဒီနေ့အစည်းအဝေးကို ပြုလုပ်တာပါ။ ဒီအထဲမှာ အစိုးရဘဏ်တွေလည်း ပါပါတယ်။ ဗဟိုဘဏ်တွေ လည်းပါပါတယ်။ ပုဂ္ဂလိကဘဏ်တွေလည်းပါပါတယ်။ အခု ဗဟိုဘဏ်ဥပဒေက အတည်ပြုပြီးသွားပြီ ဖြစ်တဲ့အတွက် ဗဟိုဘဏ်က သီးခြားရပ်တည်နိုင်သွားပါပြီ။ ဒါကြောင့် သီးခြားရပ်တည့်မဲ့ ဗဟိုဘဏ်အောက် မှာ ပုဂ္ဂလိကဘဏ်တွေ ကလည်း မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေမှာ ပါဝင်ရပ်တည်ကြမှာပါ။ နိုင်ငံ တကာအဆင့်အတန်း မီဖြစ်စေ ဖို့အတွက် ငွေရေးကြေးရေးအဖွဲ့အစည်းဆိုင်ရာ ဥပဒေကို ပုဂ္ဂလိကဘဏ် တွေအားလုံးနဲ့ ပူးပေါင်းပြီး ဆွေးနွေး တိုင်ပင်သွားမှာပါ” ဟု ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေရေးကြေး ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အဖွဲ့ဝင်ဦးဖြိုးမင်းသိန်းက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ ပုဂ္ဂလိကဘဏ်များ ဥပဒေကို ဗဟိုဘဏ်မှ တာဝန်ယူပြီး ကျွမ်းကျင်သည့် ပညာရှင်များ နှင့်တိုင်ပင်၍ ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး ကမ္ဘာ့ဘဏ်နှင့်လည်း ဆွေးနွေးမှုများပြုလုပ်နေကြောင်း၊ အကြမ်း ဖျင်းဆွေးနွေးသည့်အဆင့်ကို ရောက်ရှိနေပြီး ယင်းကိုပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် ပြည်သူ့လွှတ် တော်သို့ပေးပို့ကာ ကြားနာသွားမည်ဖြစ်ကာ လူထုသို့လည်း ချပြသွားမည်ဖြစ်ကြောင်း သိရသည်။

YC


 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment